အလုပ်သမားများ အချိန်ပိုဆင်းခိုင်းခြင်းနှင့် ပတ်သက်၍ အလုပ်သမား၊ အလုပ်ရုံ ဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ် ချက်နှင့် အညီ လိုက်နာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)က အောက်တိုဘာ ၄ ရက်တွင် လုပ်ငန်းရှင် များကို အသိပေး ကြေညာလိုက်သည်။
MIC နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ၏ ခွင့်ပြုမိန့်/အတည်ပြုမိန့် တို့ဖြင့် လုပ်ငန်း ဆောင်ရွက် လျက် ရှိသော ပြည်တွင်း ပြည်ပ ကုမ္ပဏီများ အနေဖြင့် မိမိတို့ အလုပ်သမားများကို အချိန်ပို ဆင်းစေခြင်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်ရုံဥပဒေ စစ်ဆေးရေး ဦးစီးဌာန၏ သတ်မှတ်ချက်နှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်ဟု ဆိုသည်။
လိုက်နာခြင်း မရှိသည့် ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များကို အလုပ်သမား ဝန်ကြီးဌာန၏ အလုပ်သမား၊ အလုပ်ရုံ ဥပဒေနှင့် အညီ နာမည်ပျက် (Blacklist) စာရင်း သွင်းခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက“ဥပဒေကတော့ အလုပ် သမား ဝန်ကြီးဌာနရဲ့ ဥပဒေပါ။ ကျနော်တို့ဘက်က မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး အလုပ် သမား အလုပ်အကိုင်ကို အဓိက ဖန်တီးပေးနေတာက MIC က ဖြစ်တယ်။ ဒါကြောင့် သူတို့ဝန်ကြီးဌာနက ပြဋ္ဌာန်းတာကို သက်ဆိုင်ရာ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ သိအောင် ဒါလေးကို ထည့်ပေးပါ။ လုပ်ငန်းရှင်တွေကို အသိပညာပေးပါ ဆိုလို့ ထုတ်ပြန်တာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ နာမည်ပျက်စာရင်း အသွင်းခံရသည့် လုပ်ငန်းများအနေဖြင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုများ ရှိနိုင်ကြောင်းလည်း သိရ သည်။
MIC သည် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို အလုပ်အကိုင် ပါမစ် ထုတ်ပေးနေသည့် ဌာနတခု ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများကို အသိပေးခြင်း ဖြစ်သည်ဟု ဦးမင်းဇော်ဦး က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက“အလုပ်ရှင်က သတ်မှတ်နာရီထက် ကျော်ခိုင်းတယ်ဆိုရင် အလုပ်သမား ဝန်ကြီးဌာနက Blacklist သွင်းတာတွေ လုပ်တယ်ပေါ့နော်။ သူက နိုင်ငံခြားကနေ နည်းပညာတွေ ယူလာရတယ်၊ စက်ရုံကြီးတွေ လာဆောက်ပြီး ငွေကြေးတွေလည်း ရင်းနှီးမြှုပ်နှံထားရတယ် ဆိုတော့ အဲဒီမှာ ဒီစည်းကမ်းချက်ကို မသိလို့ သတိမထားမိလို့ Blacklist ဖြစ်သွားပြီဆိုရင် စီးပွားရေးအရ မကောင်းနိုင်ဘူး”ဟုလည်း ပြောဆိုသည်။
အဆိုပါ MIC ၏ ထုတ်ပြန်ချက်၌ အပတ်စဉ် အချိန်ပိုခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ တနင်္လာမှ သောကြာနေ့ အထိ တရက်လျှင် ၃ နာရီဖြင့် ၁၅ နာရီ၊ စနေ တရက်လျှင် ၅ နာရီ စသည့် အချိန်ပို စုစုပေါင်း ရက်သတ္တပတ် ၁ ပတ်လျှင် နာရီ ၂၀ ခွင့်ပြုမည် ဖြစ်သည်ဟု ဆိုသည်။
သို့သော် အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲ တင်ပြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရက်သတ္တပတ် အလုပ်ပိတ်ရက် ခွင့်ပြုခြင်း (တနင်္ဂနွေနေ့)နှင့် စပ်လျဉ်း၍လည်း အဖွဲ့အစည်း (သို့မဟုတ်) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော် မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ လက်မှတ်မူရင်းများ လိုအပ်ပြီး ၃ ပတ်ခြား ၄ ပတ်မြောက် လျှင် တကြိမ် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အများပြည်သူ အလုပ်ပိတ်ရက်၌ အချိန်ပို ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့အစည်း သို့မဟုတ် အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သတ်မှတ်ချက်များကို လိုက်နာရန်အတွက် လုပ်ငန်းရှင်များကို အသိပေး နှိုးဆော်ခြင်း ဖြစ်ပြီး အဓိကအားဖြင့် အလုပ်သမား ဥပဒေနှင့်သာ အရေးယူခြင်း ဖြစ်ကြောင်း ဦးမင်းဇော်ဦးက ပြောဆိုသည်။
ဝါးတရာ စက်မှုဇုန် အထည်ချုပ် စက်ရုံတခုတွင် အလုပ်လုပ်နေသော အလုပ်သမား ခေါင်းဆောင်ဦးမျိုးမင်းက“အရင်ထဲက အချိန်ပိုဆင်းရင် အလုပ်သမားတွေ သဘောတူလား ဆိုပြီး လက်မှတ်ထိုးခိုင်းတာတော့ ရှိတယ်။ အဲဒီလိုဆိုရင် ဆင်းမယ့် သူက ထိုးပေးလိုက်တာပဲ။ စာရွက်ကတော့ အလုပ်ရှင်တွေဘက်က သက်ဆိုင်ရာဌာနကို သွားပေးတာဆိုတော့ သူတို့ဘက်က လုပ် မလုပ်တော့ မသိဘူး။ ကျနော်တို့ကိုတော့ အချိန်ပို ဆင်းမယ်ဆိုရင် လက်မှတ် ထိုးခိုးတယ်”ဟု ဧရာဝတီသို့ ပြော သည်။
မြန်မာနိုင်ငံတွင် ၁ ရက်လျှင် လုပ်ခလစာ ၄၈၀၀ ကျပ် သတ်မှတ်ထားသောကြောင့် အချိန်ပိုဆင်းမည် ဆိုလျှင်၂ ဆ ရရှိ သဖြင့် အလုပ်သမား အများစုက အချိန်ပိုဆင်းခြင်းကို နှစ်သက်သော်လည်း တချို့ အလုပ်သမားများက ဥပဒေ အတိုင်း အလုပ်ချိန် ကို လုပ်လိုကြခြင်းကြောင့် စည်းကမ်းလိုက်နာခြင်း မရှိသည့် ကုမ္ပဏီများကို တိုင်ကြားမှုများလည်း ရှိနေကြောင်း သိရသည်။
You may also like these stories:
Rainbow ဆပ်ပြာစက်ရုံ အလုပ်သမား သပိတ် ၁ လကျော် အထိ မပြေလည်သေး
ပုသိမ် အထည်ချုပ် စက်ရုံတရုံ၌ သရဲပူးသည် ဆိုသော ဖြစ်စဉ် ၂ ရက်ဆက် ဖြစ်ပွားဟု ဆို
လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ကာကွယ်ပေးမှုနည်းနေ
အထည်အလိပ် ကျွမ်းကျင် အင်ဂျင်နီယာများ မွေးထုတ်ရန် စီစဉ်နေ