ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ပါ တရုတ်နိုင်ငံကျောထောက်နောက်ခံပြု စီးပွားရေးဇုန်တခုထူထောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရသည် လာမည့်လတွင် သဘောတူစာချုပ် MOA လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ BRI ရည်မှန်းချက်၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) သဘောတူညီချက်အရ ကချင်ပြည်နယ်သည် ယူနန် ထန်ချုံ ဟင်ယုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် (YTHIC) နှင့် မြစ်ကြီးနား စီးပွားတိုးတက်ရေးဇုန်အကောင်အထည်ဖေါ်ရန် ၂၀၁၈ ခုနှစ်မေလတွင် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့သည်။
နမ်ကျင် စက်မှုဇုန်ဟုလည်းခေါ်သော ထိုစီမံကိန်းသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ၂၅ ကီလိုမီတာ အကွာတွင်တည်ရှိသည်။
“ရှေ့လကျရင် MOA အတွက် လက်မှတ်ထိုးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
“လတ်တလောမှာတော့ အသေးစိတ်ညှိနှိုင်းမှုတွေနဲ့ တရုတ်ကုမ္ပဏီဖက်က မဟာစီမံချက် အပြည့်အစုံကို အပြီးသတ်နေတယ်” ဟု သူပြောသည်။
YTHIC နှင့် ကချင်ပြည်နယ်အစိုးရက ဖွဲ့စည်းထားသော မြစ်ကြီးနား ဇုန်ကော်မတီတို့သည် သမိုင်းဝင် လီဒိုလမ်းမကြီးတလျှောက်တွင် ၁၉ ကီလိုမီတာခန့်ကျယ်သော ကြီးမားသည့် ဇုန်ကို တည်ဆောက်မည်ဟု မျှော်လင့်ရသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်များကို တိုက်ခိုက်နေသည့် တရုတ်တပ်များကို မဟာမိတ်တပ်များက ထောက်ပံ့ရန်အတွက် ထိုလမ်းမကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုလမ်းသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ် လီဒို တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းတို့ကို ဆက်သွယ်ထားခဲ့သည်။
ဇုန်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ (ကျပ် ၆၁၂.၅ ဘီလျှံ) ကျော်ကုန်ကျမည်ဟု ခန့်မှန်းရပြီး စက်ရုံပေါင်း ၅၀၀ နီးပါးနှင့် အဆောက်အအုံပေါင်း ၅၀၀၀ ကျော်ပါဝင်မည်ဖြစ်သည်။
MOA သဘောတူညီချက်အပြီးတွင် ပြည်နယ်အစိုးရသည် ဖက်စပ်လုပ်ငန်းသဘောတူညီချက် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။
ထိုစီမံကိန်းကို ပံ့ပိုးရန် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ဖေါ်မည်ဟု သူပြောသည်။
“စီမံကိန်းတည်ဆောက်ရေးက လာမယ့်နှစ်အစောပိုင်းလောက် စနိုင်မယ်ထင်တယ်” ဟုလည်း သူပြောသည်။
ထိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် ကချင်ပြည်နယ်မှ လူသိနည်းသော တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းဖြစ်ပြီး ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ထိုစီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီနှင့် ညှိနှိုင်းနေကြောင်း ကချင်ပြည်နယ်အစိုးရက ဇူလိုင်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောခဲ့သည်။
တရုတ် သံအမတ် ဟုတ်လျှံသည် ထိုစီမံကိန်းနေရာသို့ ဒီဇင်ဘာလတွင် သွားရောက်လည်ပတ်ပြီးနောက် ထိုဇုန်သည် BRI ၏ အရေးပါသော စီမံကိန်းဖြစ်ကြောင်း ပြောခဲ့သည်။
BRI သည် ဥရောပ၊ ဗဟိုနှင့်အနောက်အာရှ၊ အာဖရိကနှင့် ရုရှားတို့သို့ ကုန်သွယ်ရေးလမ်းကြောင်းတည်ဆောက်မည့် တရုတ်သမ္မတ ရှီ၏ မဟာစီမံကိန်းဖြစ်သည်။
ထိုစီမံကိန်းသည် နိုင်ငံပေါင်း ၇၀ နီးပါးနှင့်ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကို ဆက်သွယ်ပေးမည်ဖြစ်သည်။
ထိုဇုန်ကိုထူထောင်ရန် YTHIC နှင့် ပြည်နယ်အစိုးရတို့သည် ဖက်စပ်ကုမဏီတခုထူထောင်မည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနက ကြည့်ရှုခဲ့ရသော နားလည်မှုစာချွန်လွှာအရ သိရသည်။
YTHIC က ဖြစ်နိုင်ခြေစမ်းသပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ချက်တို့အတွက် ငွေထုတ်ချေးရန် နှစ်ဖက်သဘောတူထားသည်။ သို့သော် ထိုဖက်စပ်လုပ်ငန်းက ကုန်ကျစရိတ်ကို YTHIC သို့ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
သဘောတူညီချက်အရ ဖက်စပ်လုပ်ငန်းသည် နှစ် ၅၀ မြေငှားခွင့်ရမည်ဖြစ်ပြီး ဖက်စပ်လုပ်ငန်းထူထောင်ပြီး ရက်ပေါင်း ၉၀ အတွင်းအစိုးရက ထိုမြေအသုံးပြုခွင့်ကို လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။
နားလည်မှု စာချွန်လွှာအရ ကချင်ပြည်နယ်အစိုးရသည် စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများကိုးလည်း ဖွဲစည်းရမည်ဖြစ်သည်။
စီမံကိန်းအတွက် တရားဝင်ခွင့်ပြုချက်ရယူရန်နှင့် အခွန်ကင်းလွတ်ခွင့်လျှောက်ထားရန်လည်း လိုအပ်သည်။
တရုတ်ကုမ္ပဏီအနေဖြင့် တတိယရင်းနှီးမြှုပ်နှံသူကို ခေါ်ယူခွင့် အပြည့်အဝရှိပြီး ၁၅ နှစ်တာကာလအတွင်း မြစ်ကြီးနားမြို့အနီးတွင် အလားတူစီမံကိန်း မလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာတွင် ဖေါ်ပြထားသည်။
မြေပိုင်ရှင်တစုက စီမံကိန်းနေရာအတွင် မြေ ၂.၆ စတုရန်းကီလိုမီတာအတွက် အစိုးရနှင့်ညှိနှိုင်းရန် တင်ပြထားကြသည်။ သို့သော် လျှော်ကြေးနှင့်ပတ်သက်ပြီး အစိုးရထံမှ အကြောင်းပြန်ကြားချက်မရသေးကြောင်း ၎င်းတို့ပြောသည်။
“အစိုးရက သဘောတူညီချက်လက်မှတ်ထိုးပြီး စီမံကိန်းအကောင်အထည်ဖေါ်ဖို့ နောက်တဆင့်တက်တော့မယ်လို့ ကျနော်တို့သိရတယ်။ ဒါပေမယ့် မြေပိုင်ရှင်တွေကို အစိုးရဆီက ဘာအကြောင်းပြန်ကြားချက်မှမရသေးဘူး” ဟု ဒေသခံများအတွက် လုပ်ဆောင်နေသော ရှေ့နေ ဦးဂဲနက် ဘက်စနက် ပြောသည်။
“ကျနော်တို့ကဘက်ကတော့ ဥပဒေအတိုင်းပဲ ရင်ဆိုင်သွားမယ်” ဟု သူပြောသည်။
( Nan Lwin ၏ Deal to Be Signed for BRI-Related Economic Zone in Myanmar’s Kachin State ကို ဘာသာပြန်သည်။)
You may also like these stories:
ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်
ဒေသခံတွေ စိုးရိမ်သလို မဟုတ်ဘူးလို့ ဆိုတဲ့ ကချင် သယံဇာတ ဝန်ကြီး