အောင်ဘာလေထီ လက်မှတ် လက်ကား ဈေးနှုန်းများ တစောင်လျှင် ၉၉၉ ကျပ်နှုန်းရှိလာပြီး စံချိန်တင် ဈေးနှုန်းအဖြစ် မြင့်တက်လာကြောင်း ထီရောင်းဝယ်ရေး ကိုယ်စားလှယ်များထံမှ စုံစမ်း သိရှိရသည်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီအရောင်းကိုယ်စားလှယ် ဦးအောင်ခိုင်ဝင်းက“ဒါကတော့ အမြင့်ဆုံး ဈေးနှုန်းပေါ့ နော်။ အရင်တုန်းကတော့ ၉၇၀ ကျပ်နဲ့ ၉၈၀ ကျပ်လောက်တော့ ဖြစ်တယ်။ ဒါပေမယ့် အရင်က ထီ ကျပ် ၅၀၀ တန်တို့ ကျပ် ၂၀၀ တန်တို့ပေ့ါ။ ၅၀၀ တန်တုန်းကဆိုရင် ၅၇၀ ကျပ်လောက် နဲ့ ၂၈၀ ကျပ်နဲ့ အစိုးရ သတ်မှတ်ဈေးထက် တောင် ကျော်တာ ဖြစ်ခဲ့တယ်။ အခုကတော့ ပြည်သူလူထုက ထီ သိပ်မထိုးနိုင်သေးတာပေါ့လေ။ စီးပွားရေး အခြေအနေကြောင့် လည်း ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ကား ထီအရောင်း ကိုယ်စားလှယ်များသည် အစိုးရထံမှ မူရင်းရောင်းဈေး တစောင်လျှင် ၁၀၀၀ ကျပ်နှုန်း၊ ၁၁ စောင်တွဲ တတွဲလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရသည်။
ထိုသို့ ဝယ်ယူလာပြီးနောက် လက်ခွဲ ကိုယ်စားလှယ် အသီးသီးထံ ပြန်လည် ချထားပေးရာတွင် လကုန်ရှင်း စနစ်ဖြင့် အကြွေး ချထားပေးရခြင်း၊ ဆိုင်အမည်ကို ကြော်ငြာသည့် အနေဖြင့် အစိုးရထုတ်ပေးသည့် အိတ်ခွံအစား ဆိုင် အမှတ် တံဆိပ်နှင့် စာတန်းများပါဝင်သော အိတ်ခွံများဖြင့် ပြောင်းလဲ ထုပ်ပိုးရခြင်း တို့ကြောင့် ဈေးနှုန်း မြင့်တက် လိုက်ရခြင်း ဖြစ်သည်ဟု ထီကိုယ်စားလှယ်များက ဆိုသည်။
ထို့ကြောင့် ပြင်ပ ထီလက်ကား ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ကျပ် ၁၀၀၀ တန်ထီကို ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်လာခြင်းထက် ဈေးကွက်အတွင်း ထီထုပ်ပိုးမှု ပုံစံများ၏ ကုန်ကျစရိတ်များကြောင့် မြင့်တက်လာခြင်း ဖြစ်သည်ဟု ဦးအောင်ခိုင်ဝင်းကလည်း ပြောသည်။
ဦးအောင်ခိုင်ဝင်းက“ထီသမား တော်တော်များများက အကြွေးပဲ ပြန်ချနေရတယ်။ အကြွေးပေးရတဲ့ ဈေးတွေနဲ့ သူတို့ ဝန်ထမ်းစရိတ်တွေနဲ့ ဆိုရင် ဒါကများတယ်လို့ ပြောလို့မရဘူးပေါ့လေ။ သူတို့ဈေးကလည်း တစောင် ကျပ် ၉၁၀ နဲ့ ၉၁၅ ကျပ်လောက် ရှိတယ်ဆိုတော့ ၉၉၉ ကျပ်နဲ့ ပြန်ချပေးတယ်”ဟုလည်း ဆိုသည်။
ဆက်လက်၍ ၎င်းက“လက်လီ ဈေးကွက်ကျတော့ ကျပ် ၁၁၀၀ လောက်နဲ့ ရောင်းဖြစ်တယ်။ ဒါကမိုးယံထီ တံဆိပ်နဲ့ ရောင်းတာ။ အစိုးရထီ ဘာတံဆိပ်မှ မပါဘူး ဒီအတိုင်း ရောင်းရင်တော့ ကျပ် ၁၀၀၀ တန်က ကျပ် ၁၀၀၀ နဲ့ပဲ ရောင်း တယ်”ဟု ပြောဆိုသည်။
အစိုးရထီ လက်မှတ်ဆိုသည်မှာ မည်သည့် ကြော်ငြာ၊ ပြင်ဆင်ထုပ်ပိုးမှု ပုံစံများ မရှိဘဲ မူလ ထုပ်ပိုးမှု ပုံစံအတိုင်း ရှိသည့် ထီ လက်မှတ်များကို ဆိုလိုခြင်းဖြစ်သည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က“ကျမတို့ အစိုးရထီကတော့ ထီစောင်ရေ ၁၁ ရွက် ပါတဲ့ အုပ်တအုပ်ကို ကျပ် ၁ သောင်းနဲ့ရောင်းတယ်။ သူတို့ကို ၁ ထောင် အမြတ်ပေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ထီလက်မှတ် တစောင်လျှင် ၁ ထောင်ကျပ်ဖြင့်သာ ရောင်းချရန် ကြေညာထားသော်လည်း လက်ရှိတွင် ထီ တစောင်၏ လက်လီဈေးမှာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ် ဈေးဖြင့် ဝယ်ယူနေရကြောင်း သိရှိရသည်။
ရန်ကုန် သာကေတမြို့နယ်ရှိ ကိုလူမင်းက“လတိုင်းတော့ထိုးဖြစ်တယ်။ အရင်ကနဲ့ ကွာတာပြောရရင် ကိုယ့်ဘက်က ပိုကုန် သွားတာပဲ။ အရင် ၁၀ စောင်ထိုးရင် အခု ၅ စောင်လောက်တော့ ပုံမှန်ထိုးတယ်။ ဒါတောင် အခု ၂ လ ၃ လ လောက်ရှိပြီ ၅၀၀၀ နဲ့မရတော့ဘူး ၅၅၀၀ ဖြစ်နေပြီ။ ဆုကြေးကို ကြည့်ရင်လည်း အများဆုံးမှာပဲ တိုးထားတာလေ။ အနိမ့်ဆုံး ဆုကျတော့ ၂၀၀ တုန်းကလဲ ၅ သောင်း၊ အခုလဲ ၅ သောင်းပဲ မကွာဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထီထိုးသူများအနေနှင့် လက်မှတ်အတွက် ပေးရသည့် ဈေးများသာတက်ကုန်ပြီး ဖြစ်နိုင်မည်ဆိုလျှင် အောင်ဘာလေ ထီရုံးဘက်မှ ရှေ့အက္ခရာမထည့်ဘဲ နံပါတ်စဉ်များနှင့် ဆုကြေးထုတ်ပေးသည့် စနစ်ကို ပြောင်းသင့်ကြောင်း ၎င်းက ဆို သည်။
ထိုသို့ ဈေးနှုန်း ကြီးမြင့်နေသည့် အပေါ် အရေးယူ ဆောင်ရွက်ရန်လည်း အောင်ဘာလေထီ ဥပဒေ မရှိသေးဖြင့် အရေး ယူနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ၂၀၁၈ ခုနှစ်က ပြုလုပ် သည့် လွှတ်တော် အစည်းအဝေးအတွင်း ပြောကြားဖူးသည်။
ရန်ကုန်မြို့ သန်လျင်မြို့နယ်တွင် နေထိုင်သူ မနှင်းနှင်းက“ကျမတို့က ထီထိုးရင် နှစ်မျိုးရှိတယ်။ တချို့ကလည်း တစောင် ကျပ် ၁၀၀၀ ပေါ့။ တချို့ကျတော့လည်း တစောင် ၁၂၀၀ ကျပ်အထိတောင် ပေးရတယ်။ နံပါတ်အလှတွေ အိတ်တွေ ဘာတွေ မသိဘူး။ ထီက ပေါက်ချင် ပေါက်မှာပဲ။ တစောင် ကျပ် ၁၀၀၀ နဲ့ အစိုးရ သတ်မှတ်တဲ့ဈေးပဲ ပေးထိုးချင်တယ်” ဟု ပြောသည်။
ယခုလ ၁ရက်က ဖွင့်လှစ်ခဲ့သော ၈ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ထီလက်မှတ် များ ကို “က” အက္ခရာမှ အစဉ်လိုက် “ကစ”ထိ စုစုပေါင်း အက္ခရာ ၃၉ လုံးဖြစ်၍ ထီစာအုပ်ပေါင်း ၃၁ သိန်း ၉ သောင်း ၉၀၂ အုပ် (၃၁၉၀၉၀၂ အုပ်) ဖြင့် ရောင်းချခဲ့ရာ ထီလက်မှတ် စောင်ရေပေါင်း သိန်း ၃၅၀ ၉ သောင်း ၉ ထောင် ၉၂၂ စောင် (၃၅၀၉၉၉၂၂ စောင်) ဖြစ်ကြောင်း သိရသည်။
ယခင် ကျပ် ၅၀၀ တန်ထီနှင့် ကျပ် ၂၀၀ တန် ထီလက်မှတ်များ နှင့် ယခု ကျပ် ၁၀၀၀ တန် ထီလက်မှတ်ကို နှိုင်းယှဉ် လျှင် ယခင်ထီလက်မှတ်များကို လူစိတ်ဝင်စားမှု ပိုများကြောင်း ထီအရောင်းကိုယ်စားလှယ်များက ပြောသည်။
ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ ကိုညီညီက”အရင် ကျပ် ၂၀၀ တန်ထီတုန်းက လူတန်းစား အစုံ အပြင် ကျောင်းသားက အစထိုးနိုင်တယ်။ အခုက တစောင်ကျပ် ၁၀၀၀ သာပြောတယ်၊ တကယ်ကျတော့ အပြင်မှာ ၁၀၀၀ နဲ့ မရဘူး။ လူတွေက ထီပေါက်ပြီးတော့ ဘဝတခုကို ပြောင်းလဲချင်ပေမယ့် လတ်တလော ထမင်းစားဖို့က ရှိနေတော့ ဒီငွေ ကျပ် ၁၀၀၀ ကျော်တန် ထီကို စောင်ရေများများထိုးဖို့ မဖြစ်နိုင်ဘူး။ ဒီကြားထဲ သက်ဆိုင်ရာကလည်း ဒီ ထီ ဈေးကို မတက်အောင် မလုပ်နိုင်ဘူး။ အပြောပဲရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူများ ထီထိုးစေချင်လျှင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရမည် ဖြစ်ပြီး ထီလက်မှတ် ဈေးနှုန်းများကိုလည်း ကျပ် ၁၀၀၀ အောက် ချပြီး လစဉ် လာရောက်ထုတ်ယူခြင်းမရှိသည့် ဆုငွေများကိုလည်း သတ်မှတ်ချက်တခုနှင့် ထီ ဆု ပြန် ပေးသင့်ကြောင်းလည်း၎င်းက ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
ထီဈေးတင်ရောင်းချနေမှု အရေးယူပေးရန် လွှတ်တော်အမတ်ပြော
ဘဏ္ဍာသိမ်းငွေများထဲမှ ကျပ်သိန်း ၂၅၀၀ ကို သီးခြားထီဆုမဲများအဖြစ် ပြန်ပေးမည်