စီးပွားရေး

စင်ကာပူကို ဆယ်စုနှစ်တခုအတွင်း ဗီယက်နမ် ကျော်တက်မည်

Want create site? Find Free WordPress Themes and plugins.

နှစ်နိုင်ငံလုံး၏ လက်ရှိတိုးတက်မှုနှုန်းအရ ဆိုပါက လာမည့် ဆယ်စုနှစ်များအတွင်း ဗီယက်နမ် စီးပွားရေးသည် စင်ကာပူထက် ပိုမိုကြီးမားလာမည် ဖြစ်သော်လည်း ဗီယက်နမ်အတွက် စိန်ခေါ်မှု အများအပြား ရှိနေဆဲဖြစ်သည်။

ဗီယက်နမ်သည် လက်ရှိ စီးပွားရေး တိုးတက်မှုနှုန်းဖြစ်သည့် ၆.၅ ရာခိုင်နှုန်း အတိုင်း တိုးတက်နေပြီး စင်ကာပူသည် နှစ်စဉ် ၂.၅ ရာခိုင်နှုန်းအတိုင်း တိုးတက်နေပါက ဗီယက်နမ်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် စင်ကာပူကို ၂၀၂၉ ခုနှစ်တွင် ကျော်တက်သွားမည် ဖြစ်ကြောင်း စင်ကာပူအခြေစိုက် DBS ဘဏ်က မေလအတွင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဝါရင့်ဘောဂဗေဒ ပညာရှင် အာဗင် ဆီးယားက ခန့်မှန်းလိုက်သည်။

ဖွံ့ဖြိုးမှုနှုန်းသည် ထိုအတိုင်း ကိန်းသေဖြစ်နေပါက ဗီယက်နမ်အနေဖြင့် စင်ကာပူကို ကျော်တက်ရန် ၅ နှစ်၊ ၆ နှစ်သာ ကြာနိုင်ကြောင်း Maybank Kim Eng မှ ဘောဂဗေဒပညာရှင် ချွာဟက်ဘင်က အထက်ပါအစီရင်ခံစာကို ဝေဖန်ရာတွင် စင်ကာပူ မီဒီယာများကို ပြောသည်။

၂၀၁၇ ခုနှစ်က ဗီယက်နမ်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ၂၂၄ ဘီလျံရှိပြီး စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု အမေရိကန်ဒေါ်လာ ၃၂၄ ဘီလျံရှိသည့် စင်ကာပူ၏ ၆၉ ရာခိုင်နှုန်းမျှသာ ရှိသည်ဟု ၂၀၁၈ ခုနှစ်ထုတ် ASEAN Statistical Yearbook စာရင်းအင်းဆိုင်ရာ နှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

အရွယ်အစားနှင့် လူဦးရေအရ ဒေသတွင်းတွင် အကြီးမားဆုံး စီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားသည် ဒေသတွင်းတွင် စီးပွားရေး အခိုင်မာဆုံး ဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု အမေရိကန်ဒေါ်လာ ၁ ထရီလျံတန်ကြေးရှိကာ ၎င်း၏ နောက်တွင် ထိုင်းနိုင်ငံ (အမေရိကန်ဒေါ်လာ ၄၅၆ ဘီလျံ)၊ စင်ကာပူ၊ မလေးရှား (အမေရိကန်ဒေါ်လာ ၃၁၇ ဘီလျံ)၊ ဖိလစ်ပိုင် (အမေရိကန်ဒေါ်လာ ၃၁၄ ဘီလျံ) နှင့် ဗီယက်နမ်တို့ ရှိနေသည်။

သို့သော် တဦးချင်းဝင်ငွေသည် နိုင်ငံတနိုင်ငံ၏ ဝယ်နိုင်အားနှင့် လူနေမှုအဆင့်အတန်းကို တွက်ချက်ရာတွင် ပိုမို ကောင်းမွန်သော အညွှန်းကိန်းဖြစ်ပြီး စင်ကာပူသည် ၂၀၁၇ ခုနှစ်က တဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၇၂၂ ဖြင့် ဒေသတွင်းတွင် ထိပ်ဆုံးက ရပ်တည်နေကာ ဗီယက်နမ်နိုင်ငံ၏ တဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၉၀ ထက် ၂၄ ဆ ပိုမို များပြားနေသည်။

ဖြေရှင်းရမည့် ပြဿနာများ

သို့သော် ထိုခန့်မှန်းချက် မှန်ကန်ရေးအတွက် ဗီယက်နမ်နိုင်ငံတွင် ပြဿနာအများအပြား ရှိနေသည်။ ဗီယက်နမ်သည် လွန်ခဲ့သော ဆယ်စုနှစ် တခုအကြာက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းအတွင်း အထူးမြင့်မားသော ငွေကြေး ဖောင်းပွမှုနှုန်းဖြစ်သည့် (၂၈ ရာခိုင်နှုန်းအထက်) ကို ရင်ဆိုင်ခဲ့ရပြီး အစိုးရသည် စီးပွားရေးတည်ငြိမ်မှုကို အာရုံစိုက်နေကာ စီးပွားရေး တည်ငြိမ်စေရန် နိုင်ငံပိုင်လုပ်ငန်းများ (SOEs)၊ ဘဏ္ဍာရေးကဏ္ဍနှင့် အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင်နေရသည်။

ဒေသ၏ ကြီးထွားနေသော ပထဝီ နိုင်ငံရေး တင်းမာမှုသည်လည် စိုးရိမ်ဖွယ်၊ အထူးသဖြင့် အဓိက ရေကြောင်းလမ်းနှင့် ရင်းမြစ်ဖြစ်သော တောင်တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံက စစ်အင်အားတိုးချဲ့ခြင်းသည် စိုးရိမ်စရာဖြစ်နေသည်။ တောင်တရုတ် ပင်လယ်ကို ဗီယက်နမ်နှင့် အခြား ASEAN နိုင်ငံ အများအပြားကလည်း ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ကြသည်။

ဒေသတွင်း ကုန်စည်ပေးသွင်းမှု လမ်းကြောင်းတွင် ပထဝီအနေအထားအရ ဗီယက်နမ်သည် ဒေသတွင်း အခြားနိုင်ငံများ ကဲ့သို့ပင် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲမှ အကျိုးခံစားနေရသော်လည်း ကြီးထွားလာသော ကမ္ဘာ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒကို သတိထားနေရဆဲ ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ လူသားအရင်းအမြစ် အညွှန်းကိန်းတွင် ဗီယက်နမ်၏ လူသားရင်းမြစ်အရ ဗီယက်နမ်သည် ASEAN တွင် ဒုတိယ လိုက်နေသော်လည်း အရည်အသွေး မြင့်မားသည့် လုပ်သားအင်အားစု လိုအပ်ပြီး ကြီးထွားနေသော အလုပ်သမားစရိတ်နှင့် ချိန်ညှိရန်လည်း လိုသည်။

ဗီယက်နမ်၏ တိုးတက်မှုနှုန်းကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ရေနံဈေး မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေး အချိတ်အဆက်များ တိုးတက်အောင် လုပ်ဆောင်ရေး၊ ပညာသင်ကြားခွင့် မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရေးတို့ အားလုံးသည် အလားတူ အရေးပါသော ပြဿနာများဖြစ်နေသည်။ ဗီယက်နမ်နိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍသည်လည်း ဒေသတွင်း နိုင်ငံများ နောက်ကျကျန်နေပြီး ဗီယက်နမ် နိုင်ငံသားများ၏ ၂၀ ရာခိုင်နှုန်းတွင်သာ ဘဏ်စာရင်းရှိသည်။

ရေ စီမံခန့်ခွဲမှုသည်လည်း ဗီယက်နမ်အတွက် အခြားစိန်ခေါ်မှုဖြစ်သည်။ မြို့ပြဒေသမှ လူဦးရေ ၈.၅ သန်းနှင့် ကျေးလက်ဒေသမှ လူဦးရေ ၄၁ သန်း တို့သည် သန့်ရှင်းသော ရေမရကြောင်း ဗီယက်နမ် အမျိုးသား သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင် တက္ကသိုလ် ဒုတိယ အကြီးအကဲ ဖမ်ကွေဟန်က ပြောသည်။

နိုင်ငံလူဦးရေ ၆၀ ရာခိုင်နှုန်းသည် ရေရရှိရေးအတွက် မြေအောက်ရေကို မှီခိုနေရပြီး ထုတ်ယူသုံးစွဲမှု မြင့်မား သောကြောင့် ဟနွိုင်းနှင့် ဟိုချီမင်း မြို့တော်ပတ်ဝန်းကျင် အဓိကဒေသများတွင် မြေအောက်ရေမျက်နှာပြင် အလျှင်အမြန် နိမ့်ကျနေသည်။

ASEAN တွင် ရာသီဥတုပြောင်းလဲမှုဒဏ် အဆိုးဆုံး ရင်ဆိုင်နေရသော နိုင်ငံတနိုင်ဖြစ်ပြီး မိုးရေချိန် မြင့်မားခြင်းကြောင့် ရေလွှမ်းမိုးမည့် အန္တရာယ် မြင့်မားကာ အသက်အန္တရာယ်နှင့် စီးပွားရေးကို ထိခိုက်နိုင်သည်။

ဗီယက်နမ်တွင် မည်သည့်အတွက် ရင်းနှီးမြှုပ်နှံသနည်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အလုံးအရင်း ဝင်ရောက်လာသောကြောင့် ဗီယက်နမ် စီးပွားရေးသည် လွန်ခဲ့သော နှစ်က ၇.၁ ရာခိုင်နှုန်း တိုးတက်လာပြီး တိုးတက်မှုနှုန်း ၇.၂ ရှိသော အိန္ဒိယ ပြီးလျှင် အာရှတွင် ဒုတိယ အမြင့်မားဆုံးဖြစ်သည်။

မလေးရှားပြီးလျှင် ASEAN တွင် လျှပ်စစ်ပစ္စည်း တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် အလျှင်အမြန် တိုးတက်နေကာ ဆမ်ဆောင်းနှင့် မိုက်ခရိုဆော့ကဲ့သို့သော လုပ်ငန်းကြီးများသည် ထင်ရှားသော ရင်းနှီးမြှုပ်နှံသူများ ဖြစ်နေသည်။ လုပ်အားခ သက်သာခြင်းကြောင့် ဗီယက်နမ်သည် ဆွဲဆောင်မှုရှိသော ကုန်ထုတ်လုပ်ငန်း ဗဟိုချက် ဖြစ်လာနေသည်။

ဗီယက်နမ်၏ နိုင်ငံရေးစနစ်သည်လည်း တည်ငြိမ်နေပြီး အာဏာရ ကွန်မြူနစ်ပါတီသည် အခြေခံ အဆောက်အအုံများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသည်။ စုစုပေါင်းထုတ်ကုန်၏ ရာခိုင်နှုန်းအရ ASEAN တွင် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု အမြင့်မားဆုံးဖြစ်သည်။

ဒေသတွင်း နိုင်ငံများကဲ့သို့ပင် ဗီယက်နမ်သည် အန္တရာယ်နှင့် စိန်ခေါ်မှုအများအပြား ရင်ဆိုင်နေရသော်လည်း ၎င်း၏ နောက်ခံ စီးပွားရေး အခြေခံသည် ခိုင်မာပြီး လမ်းကြောင်းမှန်သို့ ဦးတည်သည့် ခိုင်မာသော မူဝါဒဆိုင်ရာ ဦးတည်ဖက်လည်း ရှိသောကြောင့် ကြီးမားသော အကျိုးအမြတ်ဝေစု ရလိုသော ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် ကြီးမားသော စီးပွားရေးတိုးတက်မှု အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။

ကိုးကား ။ ။ The Asean Post

You May Also Like These Stories:

မယဉ်ကျေးသော တရုတ်ခရီးသွားများကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ် 

အိန္ဒိယသားတွေ လာချေပြီ

တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက် 

Did you find apk for android? You can find new Free Android Games and apps.
Loading