ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာမှ တိုးတက်မှုနှင့် အန္တရာယ်ဆိုင်ရာ မှတ်သားစရာ ၅ ခု
မြန်မာနိုင်ငံသည် ကာလတိုနှင့် ကာလလတ် အနာဂတ်တွင် အပြုသဘောဆောင်သော တိုးတက်မှု၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံး ခန့်မှန်းချက်က ဆိုသည်။
ထိုခန့်မှန်းချက်တွင် နိုင်ငံ၏ ကြီးထွားနေသော စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) နှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျလာခြင်း တို့ကိုသာမက ငွေကြေးဖေါင်းပွမှုနှင့် ဘဏ္ဍာရေး လိုငွေပြခြင်းတို့ကို မီးမောင်းထိုးပြထားသည်။
လွန်ခဲ့သော သောကြာနေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပိစိဖိတ်အတွက် “ကြီးထွားနေသော အန္တရာယ် ဖြစ်နိုင်ခြေများကို တိုက်စားခြင်း” အမည်ရှိ အစီရင်ခံစာတွင် သဘာ၀ ဘေးအန္တရာယ်များ၊ ရခိုင်အကျပ်အတည်း၊ ကမ္ဘာ့ကုန်သွယ်ရေး မူဝါဒ မရေရာမှုနှင့် တရုတ်စီးပွားရေး နှေးကွေးလာခြင်း စသည့် ပြည်တွင်းပြည်ပ အကြောင်းရင်းများ အပါအဝင် မြန်မာနိုင်ငံ၏ အနာဂတ် တိုးတက်မှုအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖော်ပြထားသည်။
ထိုအစီရင်ခံစာမှ အဓိကမှတ်သားစရာ ၅ ခုတွင် GDP တိုးတက်မှု၊ ငွေကြေးဖောင်းပွမှု၊ လိုငွေပြမှုများ၊ ဆင်းရဲနွမ်းပါးမှု လျော့ကျခြင်းနှင့် စီးပွားရေးအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များတို့ ပါဝင်သည်။
GDP တိုးတက်မှု
မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည် ကုန်ထုတ်လုပ်ရေး၊ အာမခံလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် အရှိန်ရလာပြီး ၆.၈ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ရောက်လာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည် ဝန်ဆောင်မှုကဏ္ဍတွင် နှေးကွေးမှုကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က ၆.၈ ရာခိုင်နှုန်း ရှိရာမှ ၆.၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ စီးပွားရေး၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုသော စက်မှုလုပ်ငန်း ကဏ္ဍသည် ကုန်ထုတ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသစ်များကြောင့် ဆက်လက်ကြီးထွားမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများ တောင့်တင်းကြံ့ခိုင်စေရန် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများသည် နောက်ထပ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးမည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။
မေလက မြန်မာနိုင်ငံဗဟိုဘဏ်သည် အကြွေးဝယ်ကတ်များနှင့် အသေးစား ထုတ်ချေးငွေများ အပေါ် အတိုးနှုန်း ကန့်သတ်ချက်များကို တင်းကျပ်ခဲ့ပြီး ထိုသို့ လုပ်ဆောင်သောကြောင့် အန္တရာယ် ဖြစ်နိုင်ခြေများသော စားသုံးသူသို့ ထုတ်ချေးငွေများကို နှေးကွေးသွားစေသည်။ ထို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် အသေးစား ချေးငွေ အဖွဲ့အစည်းများအတွက် အမြင့်ဆုံးအတိုးနှုန်း (Interest rate caps) ကို လျှော့ချလိုက်ပြီး အသေးစား လုပ်ငန်းများအနေဖြင့် သယံဇာတ မဟုတ်သာ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန်နှင့် တိုးချဲ့ရန် အားပေးခဲ့သည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကို အားပေးရန် ဥရောပသမဂ္ဂ ၆ နိုင်ငံမှ ပတ်စပို့ကိုင်ဆောင်သူများကို ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ချက်များ လျှော့ချလိုက်သည်။ အစိုးရသည် မိုဘိုင်းဖုန်းများနှင့် အပိုပစ္စည်းများအပေါ် ကူးသန်းရောင်းဝယ်မှု အခွန်များ ကောက်ခံခြင်းဖြင့် အခွန်ရရှိမှု အခြေခံကို တိုးချဲ့ခဲ့သည်။ ထို့အပြင် အစိုးရသည် တနှစ်ကြာ ကင်းလွှတ်ခွင့် ပေးပြီးနောက် ကုန်သွယ်မှုလုပ်ငန်းမှ ကြိုတင်ဝင်ငွေခွန် စနစ်ကို ပြန်လည်ကျင့်သုံးခဲ့သည်။
ငွေကြေးဖေါင်းပွမှု ဖိအား
ငွေကြေးဖောင်းပွမှု ဖိအားသည် မြန်မာနိုင်ငံတွင် ဆက်လက်မြင့်မားနေမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းပြီး လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းမှ အဆက်ဆက် သက်ရောက်မှုများနှင့် ထုတ်လုပ်သူက အကြောင်းကြောင်းကြောင့် ဝယ်လိုအားကို မဖြည့်ဆည်းနိုင်ခြင်း (Supply-side constraints) တို့ကြောင့် ငွေကြေး ဖောင်းပွမှုနှုန်းသည် ကာလလတ် (တနှစ်မှသုံးနှစ်) အတွင်း ၇ မှ ၈.၅ ရာခိုင်နှုန်း အကြားရှိနေမည်ဟု ခန့်မှန်းသည်။
အရပ်ရပ်ငွေကြေး ဖောင်းပွမှုနှုန်း (headline inflation) သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က ၅.၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၈.၄ ရာခိုင်နှုန်းသို့ ခုန်တက်သွားမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ ဇွန်လတွင် နှစ်အလိုက် ငွေကြေးဖေါင်းပွနှုန်းသည် ၉.၅ ရာခိုင်နှုန်းအထိ တက်သွားသောကြောင့် မကြာသေးမီက လျှပ်စစ်မီး မီတာခများ အခွန်တိုးမြှင့် ကောက်ခံခြင်းကြောင့် သက်ရောက်မှုအပါအဝင် အစားအစာနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ တက်လာခြင်းကို ထင်ဟပ်နေသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်မှ မြန်မာစာရင်းအင်း သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (MSIS) ၏ လစဉ်အစီရင်ခံစာအရ လွန်ခဲ့သော နှစ်များအတွင်း မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း ရုတ်တရက် တိုးတက်လာခြင်း သည် ထူးခြားသော အချက် သုံးချက်ကြောင့် ဖြစ်သည်ဟု သတိရသည်။ ထို သုံးချက်မှာ အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ရေလွှမ်းမိုးမှုနှင့် ဓာတ်ဆီဈေးနှုန်း တက်လာခြင်းတို့ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် မြန်မာ၏ နှစ်စဉ် ငွေကြေး ဖောင်းပွနှုန်းသည် ၁၀.၅၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ၄.၉၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ သို့သော် ၂၀၁၈ ခုနှစ်သို့ ရောက်သောအခါ ကျပ်ငွေသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုးအကြီးအကျယ် ကျဆင်း သွားသောကြောင့် စီးပွားရေးသည် ရုတ်တရက် ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်ရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၇ လတာ အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် ထပ်မံ သိသိသာသာ တက်သွားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ်နှစ်ကုန်တွင် ၅.၀၂ ရာခိုင်နှုန်းရှိရာမှ ကျပ်ငွေ ဆက်လက် တန်ဖိုးကျဆင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားခများ တိုးမြင့်ခြင်းကြောင့် ၈.၃၅ ရာခိုင်နှုန်းသို့ တက်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရကာလအတွင်း လူသုံးကုန်နှင့် ဝန်ဆောင်မှုများ အချိန်အလိုက် ဈေးအပြောင်းအလဲ ပျှမ်းမျှကို တိုင်းတာသည့် CPI အညွှန်းကိန်းသည် သိသိသာသာ မြင့်တက်လာပြီး ပြည်သူများ၏ နှစ်စဉ် အခြေခံ အသုံးစရိတ်များ ပိုမိုကုန်ကျလာသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ CPI အညွှန်းကိန်းမှာ ၁၆၀ နီးပါးရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် အမြင့်မားဆုံး ဖြစ်လာသည်။
ဆင်းရဲသော မိသားစုများသည် လစဉ်အသုံးစရိတ်မှ အချိုးအစား အများအပြားကို အစားအသောက်အတွက် ပေးရလေ့ရှိသောကြောင့် ဈေးနှုန်း အပြောင်းအလဲကြောင့် ဖြစ်ပေါ်သော ထုတ်လုပ်မှု အပြောင်းအလဲ (supply shocks ) မှ ငွေကြေးဖောင်းပွမှု ဖိအား၏ သက်ရောက်မှုကို စောင့်ကြည့်ရန်လိုကြောင်း ကမ္ဘာ့ဘဏ်က သတိပေးသည်။
လျှပ်စစ်ဓာတ်အားခ တိုးမြင့်ခြင်းသည် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမို အကန့်အသတ် ရှိသော မိသားစုများအတွက် ဆက်လက် နိမ့်ကျနေဆဲ ဖြစ်သောကြောင့် ဆင်းရဲသော သို့မဟုတ် ဆင်းရဲနီးပါး မိသားစုများကို အဆင်ပြေသော မိသားစုများလောက် သက်ရောက်မည် မဟုတ်ဟု မျှော်လင့်ရကြောင်းလည်း ကမ္ဘာ့ဘဏ်က ထောက်ပြသည်။
ထိခိုက်လွယ် မိသားစုများအပေါ် ဓာတ်အားခ တိုးမြင့်ခြင်း၏ အမှန်တကယ် သက်ရောက်မှုကို စောင့်ကြည့်ရန်နှင့် ၎င်းတို့၏ လူမှုဖူလှုံရေးကို အကာအကွယ်ပေးရန် ကြိုတင်လက်ဦးမှု ရယူဆောင်ရွက်ရန် အရေးကြီးကြောင်း ကိုလည် ကမ္ဘာ့ဘဏ်က မီးမောင်းထိုးပြသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဝင်ငွေအနိမ့်ဆုံး နိုင်ငံအဖြစ် ဆက်လက်ရှိနေသည်။ အနိမ့်ဆုံးလုပ်အားခမှာ တနေ့လျှင် ၄၈၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၃.၃၁ ) ရှိပြီး ၂၂ ရက်အလုပ်ချိန် တလလျှင် ၇၂ ဒေါ်လာခန့်သာရှိသည်။
ဘဏ္ဍာရေးလိုငွေ
အခွန်ရရှိမှု (Revenue mobilization ) အားနည်းသောကြောင့် ဘဏ္ဍာရေးလိုငွေသည် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် အတန်အသင့် တိုးလာမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ အခွန်မူဝါဒများနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်ရလာသော်လည်း အခွန် ကောက်ခံမှုသည် ကာလလတ်အတွင်း တုံ့ဆိုင်းနေမည်ဟု သိရသည်။
မြန်မာအစိုးရသည် စွမ်းအင်၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အသုံးစရိတ် တိုးမြှင့်ခဲ့ပြီး အစိုးရက အကူအညီ ပေးရသောငွေ ဝန်ထုတ်ဝန်ပိုးကို လျှော့ချရန် လုပ်ဆောင်ခဲ့သော်လည်း လိုငွေအပေါ် အခွန်ရရှိမှု ကျဆင်းခြင်းသည် ခွင့်ပြုအသုံးစရိတ် အသုံးပြုရာတွင် ပေါ်ပေါက်သော စိန်ခေါ်မှုများကြောင့် ဆက်လက်ကာမိနေမည့် အလားအလာ ရှိသည်ဟု ဆိုသည်။
သွင်းကုန်ကြီးထွားမှု ကျဆင်းခြင်းနှင့် ယခင်နှစ်က အလားတူ ကာလအတွင်းက သွင်းကုန်တိုးတက်မှု ၁၅ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် (အောက်တိုဘာမှ မတ်လအထိ) သွင်းကုန် တိုးတက်မှု ၁၂ ရာခိုင်နှုန်း ကျဆင်းသောကြောင့် အရပ်ရပ်လိုငွေ (Current account deficit) ကျဉ်းမြှောင်းလာသည် ။ ခွင့်ပြုပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လွန်ခဲ့သောနှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ် (ဇူလိုင်-စက်တင်ဘာ) တွင် ၃ .၂ ရာခိုင်နှုန်းအထိ တိုးလာသည်။
နိုင်ငံတကာ အရန်ငွေကြေးသည်လည်း ယခုနှစ်ဖေဖော်ဝါရီလအထိ အမေရိကန်ဒေါ်လာ ၅.၄ ဘီလျံအထိ တိုးလာပြီး ယခင်နှစ် ဒီဇင်ဘာလက အမေရိကန်ဒေါ်လာ ၅.၃ ဘီလျံထက် အနည်းငယ် တိုးတက်လာသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ကြီးမားသော အသုံးစရိတ် လျှော့ချသုံးခြင်းကြောင့် အသုံးစရိတ်လိုငွေမှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် GDP ၏ ၃.၅ ရာခ်ိုင်နှုန်းရှိမည် ခန့်မှန်းပြီး ထိုပမာဏသည် မူလအသုံးစရိတ်၏ ရည်မှန်းချက်ဖြစ်သော ၅.၄ ရာခိုင်နှုန်းထက် လျော့နည်းနေသည်။
မူရင်း အသုံးစရိတ် ရည်မှန်းချက်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ၄.၃ ရာခိုင်နှုန်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၅.၄ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် စီစဉ်ခြင်းဖြင့် ကျားကန်ထားသည်။ သို့သော် ဘဏ္ဍာငွေ အမှန်တကယ် အသုံးပြုရာတွင် စိန်ခေါ်မှုများ ရှိသောကြောင့် ထိုသို့မဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း
ခိုင်မာသော စီးပွားရေးတိုးတက်မှုကြောင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် မြန်မာနိုင်ငံ၏ အပြုသဘော ဆောင်သော လမ်းကြောင်းသည် ဆက်လက် ဖြစ်ပေါ်နေမည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုသည်။ အမျိုးသား ဆင်းရဲနွမ်းပါးမှု မျဉ်းအရ တွက်ချက်ပါက ဆင်းရဲနွမ်းပါးမှု နှုန်းသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၄၈ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်းသို့ ထက်ဝက် ကျဆင်းသွားသည်။
သို့သော် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် မြို့ပြဒေသများထက် ကျေးလက်ဒေသများတွင် ၂.၇ ဆ ပိုမို မြင့်မားနေပြီး အကန့်အသတ် ရှိသော စိုက်ပျိုးရေး တိုးတက်မှုကြောင့် ဆင်းရဲသော စိုက်ပျိုးရေး မိသားစုများသည် နှေးကွေးသော တိုးတက်မှုကို ဆက်လက်ကြုံတွေ့ရမည်ဟု ကမ္ဘာ့ဘဏ်ကဖော်ပြသည်။
ကုန်ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးတွင် မျှော်မှန်းထားသော အရှိန်ရလာခြင်းသည် ဆင်းရဲသော မိသားစုများအတွက် ကျွမ်းကျင်မှုနိမ့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးပြီး မြို့ပြဒေသများတွင် ဆင်းရဲနွမ်းပါးမှုကို ဆက်လက် ကျဆင်းခြင်းကို အရှိန်ရစေနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
ကျဆင်းနိုင်ခြေအန္တရာယ်နှင့်စိန်ခေါ်မှုများ
သဘာ၀ ဘေးအန္တရာယ်များ၊ ရခိုင်အကျပ်အတည်း၊ ကမ္ဘာ့ကုန်သွယ်ရေး မူဝါဒ မရေရာမှုနှင့် တရုတ်စီးပွားရေး နှေးကွေးလာခြင်း စသည့် ပြည်တွင်းပြည်ပ အကြောင်းရင်းများ မြန်မာစီးပွားရေး အလားအလာကို ကျဆင်းနိုင်ခြေ အန္တရာယ်များ လွှမ်းမိုးနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ စိုက်ပျိုးရေးကဏ္ဍသည် သဘာ၀ဘေးအန္တရာယ်များ၊ အဓိက ကုန်သွယ်ဖက်များမှ ဝယ်လိုအား ကျဆင်းခြင်း စသည်တို့မှ အကြီးအကျယ် အကာအကွယ် မဲ့နေပြီး ဈေးနှုန်းအပြောင်းအလဲကြောင့် ထုတ်လုပ်မှု လျှော့ချခြင်းသည် စီးပွားရေး လုပ်ငန်းများမှ လယ်ယာများနှင့် ကုန်သွယ်ရေးကုမ္ပဏီများ အထိပါဝင်သော ဖြန့်ချိရေး လမ်းကြောင်း တလျှောက် ရိုက်ခတ်နိုင်သည်။
သဘာ၀ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ခြင်းသည် ကြီးမားသော ဘဏ္ဍာရေး ဖိအားကို ဖြစ်စေပြီး အစိုးရအနေဖြင့် လုံလောက်သော ဘဏ္ဍာရေး အကာအကွယ်များနှင့် အနာဂတ် အရေးပေါ် အခြေအနေများကို တုန့်ပြန်ရာတွင် သုံးနိုင်သည့် ဘဏ္ဍာငွေ ထောက်ပံ့ရေး ကိရိယာများရှိရန် လိုကြောင်း ထိုအစီရင်ခံစာက သတိပေးသည်။
ယခုနှစ် ဇူလိုင်လမှ သြဂုတ်လအတွင်း မုတ်သုန်ရာသီ ရေလွှမ်းမိုးမှုများကြောင့် မြန်မာနိုင်ငံတဝှမ်း စိုက်ခင်းပေါင်း ထောင်ချီ ပျက်စီးပြီး လူ ၁၅၀၀၀၀ နေရပ်စွန့်ခွာရသည်။
မြန်မာနိုင်ငံသည် မုတ်သုန်ရာသီအတွင်း နှစ်စဉ် ပြင်းထန်သော ရေလွှမ်းမိုးမှုကို ခံစားရပြီး နိုင်ငံတဝှမ်း မြေပြိုမှုများ၊ စပါးခင်းများ၊ လယ်များ၊ အခြေခံ အဆောက်အအုံများ အကြီးအကျယ် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး၏ ကယ်ဆယ်ရေး အင်တာနက်စာမျက်နှာ Relief Web ၏ အဆိုအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် ဒုတိယ နေရာတွင်ရှိနေပြီး လူသားချင်း စာနာမှု အကျပ်အတည်းများနှင့် သဘာ၀ ဘေးအန္တရယ် ဖြစ်နိုင်ခြေကို တိုင်းတာသည့် ဘေးအန္တရာယ်စီမံမှု အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် အမှတ် ၉ နေရာတွင်ရှိနေသည်။
အခြားသော ပြည်တွင်း အန္တရာယ်ဖြစ်နိုင်ခြေတခုမှာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အားထက်သန်မှုနှင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို ထိခိုက်စေသည့် ရခိုင်အကျပ်အတည်း အပါအဝင် ပြည်တွင်း ပဋိပက္ခများဖြစ်သည်။ ထိုပဋိပက္ခများ အထူးသဖြင့် ရိုဟင်ဂျာများကို လူမျိုးစု သုတ်သင်ခြင်းကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံသို့ ပေးအပ်ထားသော ကုန်သွယ်ရေး အထူးအခွင့်ရေးကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားစေသောကြောင့် မရေရာမှုများ ဖြစ်ပေါ်စေသည်။
တရုတ်နှင့် အမေရိကန်အကြား ကာလကြာရှည်စွာ ကုန်သွယ်ရေး တင်းမာခြင်းကဲ့သို့သော ပြည်ပ အကြောင်းရင်းများသည် ကမ္ဘာ့ ကုန်သွယ်ရေးမူဝါဒ ပတ်ဝန်းကျင်တွင် မရေရာမှု မြင့်တက်စေသောကြောင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ခြင်းကိုငွေကြေးဖောင်းပွမှု ဖိအားသည် မြန်မာနိုင်ငံတွင် ဆက်လက်မြင့်မားနေမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်း ထိခိုက်စေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် မြန်မာပို့ကုန် အဓိကတင်ပို့ရာ နိုင်ငံဖြစ်သောကြောင့် ပိုမို ထိခိုက်စေသည်ဟုလည်း ဆိုသည်။
( Nan Lwin ၏ The World Bank’s Latest Report on Myanmar: 5 Takeaways on Growth and Risks ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘာ့ဘဏ် ညွှန်းကိန်းတွင် စီးပွားရေးလုပ်ရန် တိုးတက်မှု အရှိဆုံး နိုင်ငံ ၂၀ ၌ မြန်မာပါဝင်
မြန်မာ့စီးပွားရေးကို ပြုပြင်ရန် မဟာခြေလှမ်းလှမ်းခြင်း
မြန်မာ့ အသက်အာမခံကဏ္ဍ တိုးတက်ရန် နိုင်ငံခြား စီးပွားရေးမိတ်ဖက်များ အသင့်ဖြစ်နေ