မြန်မာနိုင်ငံတွင် ဝက်မွေးမြူရေးနှင့် သားသတ်ရုံများ တည်ဆောက်ရန် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (International Finance Corporation -IFC) က အမေရိကန် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နံှမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က “ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ရင် IFC က လာဆွေးနွေးတာ ရှိပါတယ်။ ဝက်မွေးမြူရေးနဲ့ သားသတ်ရုံတွေကို ၁ နှစ် ကျော် အတွင်း တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံပါမယ်။ အဲဒါကို အထူးအဖွဲ့ ဖွဲ့နေတယ်။ ၁၇ လအတွင်း ဆောင်ရွက်မှာ ဖြစ်တယ်”ဟု ပြောသည်။
အောက်တိုဘာလ ၁၉ ရက်က UMFCCI တွင် ပြုလုပ်သော ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မြန်မာ့ စီးပွားရေးနှင့် လုပ်ငန်းရှင်များ လစဉ် ပုံမှန် တွေ့ဆုံပွဲ၌ ယင်းသို့ ပြောခြင်း ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် ဝက်မွေးမြူရေးနှင့် သားသတ်ရုံ တည်ဆောက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ IFC နှင့် UMFCCI တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက အထူးအဖွဲ့ ဖွဲ့စည်းပြီး လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ဦးဇော်မင်းဝင်းက ရှင်းပြသည်။
မည့်သည့်နေရာတွင် စတင် လုပ်ဆောင်သွားမည်ဆိုသည့် အသေးစိတ်ကိုမူ ၎င်းက ပြောဆိုထားခြင်း မရှိပေ။
ထိုသို့ နိုင်ငံတကာ အဖွဲ့အစည်းများ ဝင်ရောက်လာခြင်းသည် မွေးမြူရေး နည်းပညာများပါ ရရှိလာမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က“အခုလို IFC က လုပ်မယ်ဆိုပြီး ပေါ်လာတာ ကောင်း ပါတယ်။ ပေါ်လာမှပဲ ကျနော်တို့ မွေးတဲ့သူလည်း အဆင်ပြေလာမှာ ဖြစ်တယ်။ အာဖရိက ဝက်အပြင်းဖျား ရောဂါ ဖြစ်မှာစိုးတာကြောင့် နောက်ပိုင်းမွေးတဲ့ သူတွေက ပုံစံပြောင်းရမယ်။ IFC ကတော့ ဝက်ကို အလုံပိတ်စနစ်နဲ့ မွေးမြူတဲ့ပုံစံနဲ့ ပြောင်းမှာပေါ့နော်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း မွေးမြူသူများအနေနှင့် လက်ရှိတွင် ၉၀ ရာခိုင်နှုန်းကျော်မှာ တနိုင်တပိုင် မွေးမြူရေးပုံစံနှင့် မွေးမြူနေခြင်း ဖြစ်ပြီး စီးပွားဖြစ် မွေးမြူရေး နည်းပါးသဖြင့် ရောဂါကူးစက်မှု ပို၍ များကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ ကျော်ထင်က“အဓိကတော့ IFC က ထောက်ပံ့မှုနဲ့ မွေးရင် ပြည်တွင်းမွေးတဲ့ သူတွေနဲ့ တွဲပြီး ပူးပေါင်း လုပ် စေ ချင်တယ်။ ဒါမှသာ ပြည်တွင်းက မွေးမြူရေးသမားတွေလည်း ကောင်းမယ်”ဟုလည်း ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ဝက်မွေးမြူရေး အခြေအနေသည် မွေးမြူသူများ အနည်းငယ်သာ ရှိပြီး လတ်တလောတွင် ပုဂ္ဂလိက သားသတ်ရုံလည်း မရှိသေးကြောင်း မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ်က သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က နိုင်ငံတကာ အဆင့်မီ ဝက်သား ထုတ်လုပ်ရုံခွဲတခုကို လှိုင် သာယာမြို့နယ်တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း YCDC ၏ တိရိစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများ စီမံခန့် ခွဲရေးဌာနက ဆိုသည်။
ဝက်သား ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း YCDC တာဝန်ရှိသူ တဦးကလည်း ပြောကြားထားသည်။
ထိုသို့ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့်ပေးရခြင်းမှာ ဝက်သားနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်း များကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ပြီး ဈေးကွက်သို့ ထိုးဖောက်သွားနိုင်ရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဝက်သား ထုတ်လုပ်ရေး ဌာနခွဲ (ရွာသာကြီး)နှင့် ဝက်သား ထုတ်လုပ်ရေး ဌာနခွဲ (ရွာမ၊ အင်းစိန်) ၂ ခု ရှိကြောင်း YCDC စာရင်းများတွင် ဖော်ပြထားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေနှင့် နွား၊ ဝက် စသည့် ခြံမွေးတိရစ္ဆာန်နှင့် အင်းလုပ်ငန်း တို့တွင် ပြည်ပ ကုမ္ပဏီ ၁၀ ခု ကျော်က လုပ်ငန်းပေါင်း ၆၆ ခုအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆၆ ဒသမ ၃၂၇ မီလီယံ ဝင်ရောက်ထား ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) စာရင်းများတွင် ပါရှိသည်။
IFC အဖွဲ့သည် ကမ္ဘာ့ဘဏ် အုပ်စုဝင် အဖွဲ့အစည်းတခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား လုပ်ငန်း၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ကျားမ တန်းတူညီမျှရေး၊ စီးပွားရေးဆိုင်ရာ၊ အလုပ်အကိုင် ဆိုင်ရာ အစရှိသည့် ကဏ္ဍ များစွာ၌ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်နှင့် အခွင့်အလမ်းများကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းတခု ဖြစ်ကြောင်း သိရသည်။