နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တွင် ထိုင်းဘတ် နှင့် မြန်မာကျပ်ငွေ အသုံးပြုရေးအတွက် ထိုင်းဗဟိုဘဏ် နှင့် မြန်မာဗဟိုဘဏ်တို့ ကြား နားလည်မှုစာချွန်လွှာ (MoU) ကိုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်လျက်ရှိသော ကမာ္ဘ့ဘဏ်အဖွဲ့ဝင် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၏ အစည်းအဝေးတွင် နှစ်နိုင်ငံဗဟိုဘဏ်များကြား နားလည်မှုစာချွန်လွှာ နှစ်စောင် ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ MoU ၂ စောင်မှာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု နှင့် ငွေရှင်းလင်းမှုများ တွင် မြန်မာ ကျပ်ငွေ နှင့် ထိုင်းဘတ်ငွေအသုံးပြုမှု အားပေးရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး နှင့် ပြည်တွင်းနှင့် နယ်စပ် ဖြတ်ကျော် ငွေလွှဲပြောင်းမှုများ ပိုမိုထိရောက်ရေး နှင့် လုံခြုံရေးအားပေးရန် ဘဏ္ဍာရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများ နှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို ညှိနှိုင်း ပူးပေါင်းဆောင်ရွက် သွားရန်တို့ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာန၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံဗဟိုဘဏ်မှ အကြီးတန်းအရာရှိတဦးက “ ဒီလို MoU ရေးထိုးလိုက်တာ ဟုတ်ပါတယ်။ အဓိက နယ်စပ်ကု န်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သုံးစွဲမှု လျော့ချနိုင်ဖို့ရယ် ကုန်သွယ်ရေးငွေပေးချေမှုတွေမှာ ပိုပြီး လွယ်လွယ်ကူကူ ဖြစ်စေဖို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် MoU ရေးထိုးထားသည့် အဆင့်ဖြစ်ပြီး ဆက်လက် အကောင်အထည်ဖော်မည့်ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘဏ်လုပ်ငန်းပညာရှင် ဦးသန်းလွင်ကလည်း ယင်းသို့ လုပ်ဆောင်လာနိုင်ပါက နယ်စပ်ကုန်သွယ်ရေးငွေပေးချေမှုများတွင် အမေရိကန်ဒေါ်လာ သုံးစွဲမှုများ လျော့ကျ လာနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး ငွေပေးချေမှုများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ ဒါကတော့ ကောင်းမွန်တဲ့ အရွေ့တခုပါ။ ဒါပေမဲ့ အခုက MoU အဆင့်ပဲ ရှိသေးတော့ ဘတ် နဲ့ ကျပ် လဲလှယ်နှုန်းကို ဒေါ်လာပဲ ညှိမှာလား ဘယ်လိုလုပ်မလဲ ဆိုတာတွေကတော့ တခြား သဘောတူညီချက် ထပ်ထွက်လာမှ ပြောနိုင်မယ်” ဟု ရှင်းပြသည်။
မြဝတီနယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကမူ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ နှင့် အဓိက ကုန်သွယ်မှုများ ပြုလုပ်နေသော မြဝတီနယ်စပ် ကုန်သွယ်ရေးငွေပေးချေမှုများကို ဘတ်နှင့်သာ ပေးချေမှု အဓိက လုပ်ဆောင်နေခြင်းကြောင့် သိသိသာသာ ပြောင်းလဲမှုမရှိနိုင်ကြောင်း သုံးသပ်သည်။
၎င်းက “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ သေသေချာချာ မသိသေးဘူး။ အခုလည်း ပို့တာရော သွင်းတာရောကို ထိုင်းဘတ် နဲ့ရော မြန်မာကျပ်နဲ့ရော ဒီလိုပဲသုံးနေကြတာပဲ ဘာမှ မပြောင်းလဲဘူး ထင်တယ်” ဟု ပြောဆိုသည်။
ယခုနှစ်အတွင်း၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေသည့် လိုင်စင်ရ ဘဏ်လု ပ်ငန်းများကို တရုတ်ယွမ်ငွေနှင့် ဂျပန်ယန်းငွေများကို ဘဏ်များအချင်းချင်းအကြား ငွေစာရင်းရှင်းလင်းခွင့်ကို လုပ်ကိုင်ခွင့်ပြုထားသည်။
You May Also Like These Stories:
အာဆီယံ ကုန်သွယ်ရေး၌ အခွန် ကင်းလွတ်ခွင့် နှင့် နှုန်းထား လျှော့နိုင်မည့် အွန်လိုင်းစနစ် စတင်တော့မည်
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ
ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာမှ တိုးတက်မှုနှင့် အန္တရာယ်ဆိုင်ရာ မှတ်သားစရာ ၅ ခု