ပြည်တွင်းရှိ စက်ရုံအချို့တွင် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ဖြစ်ပေါ်နေသော အလုပ်သမားရေးရာ ပြသနာများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။
“မဲခေါင်ဆွေးနွေးပွဲမှာ ၆ နိုင်ငံ ပါဝင်တယ်။ တရုတ်၊ မြန်မာ ကမော္ဘဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် တို့ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံမှာ တော်တော်များက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေ ရှိပါတယ်။ အဓိကပြဿနာကတော့ အလုပ်သမားကိစ္စပါ။ ရင်းနှီးမြှုပ်နှံမှုတွေက အလားအလာကောင်း ကြောင်းနဲ့ လုပ်သားရေးရာ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေတွေကို လေးစားလိုက်နာမှုမှာ အရေးတယူ ဆောင်ရွက်ဖို့ လိုအပ်နေတာကို သူတို့ ဆွေးနွေးပါတယ်”ဟု ၎င်းက ပြောသည်။
ဦးဇော်မင်းဝင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်က ရန်ကုန်မြို့ရှိ UMFCCI တွင် ပြုလုပ်သော ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ဒုသမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်သော မြန်မာ့စီးပွားရေးနှင့် လုပ်ငန်းရှင်များ လစဉ် ပုံမှန် တွေ့ဆုံပွဲ၌ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် အလုပ်သမား ဆိုင်ရာ အရေး ကိစ္စနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအနေနှင့် လုပ်ငန်းရှင်များနှင့် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ယင်းကိစ္စကို ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။
ဦးဇော်မင်းဝင်းက “ဒုသမ္မတရဲ့ လမ်းညွှန်မှုကို ခံယူလိုပါတယ်။ အခုက တော်တော်လေး အခြေအနေ ဆိုးပါတယ်။ စက်ရုံပိတ်သိမ်းတာအပြင် ဒီမှာရှိတဲ့ဝန်ထမ်းတွေ၊ နိုင်ငံခြားသားဝန်ထမ်းတွေပါ ခေါ်ယူပြီးတော့ ပိတ်သိမ်းထားတာမျိုးတွေအထိ ဖြစ်ခဲ့ပါတယ်”ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဒီအပေါ်မှာဖွဲ့ပြီးတော့ ထိထိရောက်ရောက် ဖြေရှင်းလိုက်မယ်ဆိုရင် လက်ရှိ ခံစားနေရတဲ့ CMP လုပ်ငန်းများဖြစ်တဲ့ အထည်ချုပ် ဖိနပ်ချုပ်လုပ်ငန်းတွေက အဆင်ပြေသွားမယ်”ဟု ပြောဆိုသည်။
လက်ခစား လုပ်ငန်းများဖြစ်သော အထည်ချုပ်လုပ်ငန်းပို့ကုန်များမှာ အီးယူနိုင်ငံများကို တင်ပို့ရသောကြောင့် အလုပ်သမား ပြဿနာများ ကြားလျှင် ၎င်းတို့ လုပ်ငန်းရှင်များကလည်း မေးမြန်းမှုများ ရှိ၍ အော်ဒါမှာယူမှုတွင် နှောင့်နှေးမှုများအထိ ဖြစ်နေကြောင်း အဆိုပါ လုပ်ငန်းရှင်များထံက သိရသည်။
“အလုပ်သမား ကိစ္စတွေ ဖြစ်တယ်ဆိုရင် အီးယူနိုင်ငံ လုပ်ငန်းရှင်တွေက မင်းတို့ဆီက အော်ဒါလုပ်ဖို့ဆိုတာ ခက်မယ်ဆိုပြီး သံမှူးက တဆင့် လာပြောတာတွေလည်း ရှိတယ်။ ဒါကြောင့် ဒီအလုပ်သမားကိစ္စကို ထိထိရောက်ရောက်နဲ့ လုပ်ကိုင်ဖို့လိုပါတယ်”ဟု ဦးဇော်မင်းဝင်းက ရှင်းပြခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် လုပ်ခလစာနှင့်အလုပ်သမား ဥပဒေပါ ခံစားခွင့်များ ဖြစ်သော လုပ်သက်ခွင့်၊ ရှောင်တခွင် ခွင့်ယူခြင်းတို့တွင် အဆင်မပြေခြင်း ၊ အပေါ် အောက် ဆက်ဆံရေး အဆင်မပြေခြင်း အစရှိသည့် လုပ်ငန်းခွင် မတည်ငြိမ်ခြင်း ပြဿနာများကြောင့် အလုပ်ရှင် အလုပ်သမား ပြဿနာများ အများဆုံး ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) လိူင်သာ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ် မကြည်ကြည်လွင်က ဧရာဝတီသို့ ပြောသည်။
“အဲဒီမှာ မပြေလည်တော့ တချို့ အလုပ်သမားတွေက အပြင် ထွက်လာကြတယ်။ အကျိုးစီးပွား ဖြစ်တဲ့ ရက်မှန်ကြေး ပေးပါတို့ လုပ်ခလစာ တိုးပေးပါတို့ ဖြစ်လာတယ်။ အမှန်အတိုင်းပြောရင် ဒါတွေက စက်ရုံထဲမှာ ညှိနှိုင်းမှု လုပ်နိုင်ရင် အပြင်ထွက်လာစရာ မရှိဘူး။ အဓိကတော့ စက်ရုံထဲမှာ အလုပ်သမားတွေက တင်ပြလာပြီဆိုရင် အလုပ်ရှင်က ဘယ်လိုလုပ်မလဲဆိုတော့ အကျိုးတူစီးပွားဖက်လို ဖြေရှင်းတာကောင်းတယ်” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ရင်းနှီးမြှုပ်နှံမူတွေ လာဖို့ အလုပ်ရှင်နဲ့ အလုပ်သမား ဘယ်လို ဆက်ဆံရေးကောင်းအောင် တည်ဆောက်ကြမလဲ ဆိုတာ မေးခွန်းထုတ်ဖို့လိုနေပြီ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုသည် အစိုးရက မျှော်မှန်းထားသည့် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ မပြည့်မီဘဲ ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံခန့်သာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) စာရင်းများ အရ သိရသည်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မပြည့်မီခြင်း အကြောင်းအရင်းကို ပြန်လည်သုံးသပ်ကြည့်လျှင် အခြေခံအဆောက်အအုံ နှင့် အခြားသော မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးကဲ့သို့သော လုပ်ငန်းများ လုပ်ကိုင်မှုနှေးကွေးနေခြင်းများ အပြင် အဓိကအချက်မှာ မြေရရှိရေးနှင့် အလုပ်သမား အငြင်းပွားမှု ပြဿနာများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုထားသည်။
You may also like these stories:
ဂျပန်ဟိုတယ်ဝန်ဆောင်မှု အလုပ်နေရာ ၇၀ မြန်မာနိုင်ငံကို ကမ်းလှမ်း
ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာမှ တိုးတက်မှုနှင့် အန္တရာယ်ဆိုင်ရာ မှတ်သားစရာ ၅ ခု
ဝက်မွေးမြူရေး နှင့် သားသတ်ရုံ အတွက် ပြည်ပက ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန် ရှိဟု ဆို