ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏ ကြီးမားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြော သည်။
“ဒီနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးတဲ့ လုပ်ငန်းတွေ ဆက်ပြီးဝင်ဖို့ရှိပါတယ်။ အဆင်သင့်ရှိတယ်။ ဒါပေမယ့် ကျနော် တို့ အဆင့်ဆင့် စိစစ်နေတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ကြည့်ပြီး လုပ်နေလို့ပါ။ လုပ်ငန်းအကြီးကြီးတွေပါ။ ဒါတွေက ခွင့်ပြုမယ့် အစီအစဉ်နားကို ရောက်နေပြီ”ဟု ၎င်းက ပြောပြသည်။
အဆိုပါ လုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ၊ စွမ်းအင် ကဏ္ဍ၊ စက်မှုဇုန်၊ သတ္တု လုပ်ငန်း၊ Industrial Estate ခေါင်းစဉ်အောက်သို့ ပုံစံမျိုးစုံနှင့် ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် (MIC)မှ ခွင့်ပြုမိန့် ပေးမည့် လုပ်ငန်းစဉ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ဦးသန့်စင်လွင်က“နောက်ထပ်လည်း အရှေ့တောင်အာရှ နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မြန်မာပြည် ကို လာဖို့ အစီအစဉ် ရှိပါတယ်။ ဘာကြောင့် ရွှေ့လည်းဆိုရင် ကျနော်ပြောတဲ့ အလုပ်သမားခ သက်သာတာရယ်၊ ဒီ နိုင်ငံရဲ့ အလားအလာကောင်းတွေ ရှိနိုင်တာရယ်၊ ဒါတွေကြောင့်ပါ”ဟု ရှင်းပြသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် ယခု ဘဏ္ဍာနှစ်စ ဖြစ်သော အောက်တိုဘာ ၁ လအတွင်း အမေရိကန်ဒေါ်လာ ၂၉၂ သန်း ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် ဒေါ်လာ ၃၇ ဒသမ ၄၉ သန်းသာ ဝင်ရောက်ခဲ့ သောကြောင့် ၂ နှစ်တာ ကာလကို နှိုင်းယှဉ်လျှင် ယခုနှစ်သည် တာထွက်ကောင်းသော နှစ်ဟုလည်း ပြောနိုင်ကြောင်း ၎င်းက ဆိုသည်။
လုပ်ငန်းရှင်များကမူ ယခုအချိန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ အများစုက စိတ်ဝင်တစား လာရောက် ဆွေးနွေးခြင်းများ ရှိသော်လည်း မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံ လိုအပ်ချက်နှင့် စီးပွားရေး လုပ်ကိုင်မှု နှေးကွေးနေကြောင်း ပြောဆိုကြသည်။
စက်မှုကုန်ထုတ် လုပ်ငန်းရှင် ဦးမြတ်သင်းအောင်ကလည်း“ပမာဏကြီးတဲ့ ရင်းနှီးမြှုပ်နံှမှုတွေ ဖြစ်တဲ့ စက်မှုဇုန် လုပ်ငန်း တွေ လာမယ်ဆို ကြိုဆိုပါတယ်။ စက်မှုဇုန်လုပ်တိုင်း အစိုးရက အခြေခံ အဆောက်အအုံအတွက် လုပ်မပေးနိုင်ကြဘူး။ အားလုံးက လုပ်ငန်းရှင်ပိုက်ဆံနဲ့ပဲ လုပ်ရတယ်။ ကိုယ့်အားကိုယ်ကိုး ရတယ်။ လမ်းဆိုလည်း အဖြစ်လောက်ပဲ လုပ် သွားတယ်။ သူတို့မှာ ရင်းနှီးမြှုပ်နှံမယ့် ပိုက်ဆံ မရှိဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက“ဒါကြောင့် စက်မှုဇုန်တွေက လယ်ကွင်းကြီးတွေထဲမှာ ရေတက်တော့ ၃ ပေကနေ ၇ ပေလောက် အထိ မြေဖို့ပြီး လုပ်ရတယ်။ ပြည်ပ ရင်းနှီးမြှုပ်နံှမှုနဲ့ လာမယ့် စက်မှုဇုန်နဲ့ ကွာခြားတယ်။ ဥပမာ သီလဝါဆိုရင် ဂျပန်က အားလုံး လုပ်ပေးတယ်။ လမ်းရော၊ ရေရော အရည်အသွေး ပြည့်မီအောင် လုပ်ပေးတယ်။ ပြည်တွင်းက သဘော လောက် ပဲ လုပ်ပေးတာ”ဟု ရှင်းပြသည်။
အစိုးရသည် စက်မှုဇုန်၏ အခြေခံ အဆောက်အအုံ ကဏ္ဍများဖြစ်သည့် ရေစီးရေလာကောင်းမွန်ခြင်း၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့တွင် ပံ့ပိုးမှုပေးရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အစိုးရသည် မြေနေရာသာ ပေး နိုင်ပြီး ပံ့ပိုးမှုများ မပေးနိုင်သေးကြောင်း၊ ထို့ကြောင့် ပြည်တွင်း စက်မှုဇုန်များသည် ကိုယ်ထူကိုယ်ထ လုပ်ကိုင်ရသဖြင့် ဖွံ့ဖြိုးမှုနှေးကွေးနေပြီး လက်ရှိတွင် အစိုးရအနေဖြင့် ဖွံ့ဖြိုးမှု မြန်ဆန်လာစေရန် ကြားဝင်လုပ်ဆောင်မှသာ ကောင်းနိုင် မည် ဖြစ်ကြောင်းလည်း ဦးမြတ်သင်းအောင်က ပြောဆိုသည်။
ယခင်က မြန်မာနိုင်ငံသို့ ဝင်ရောက်သော ရင်းနှီးမြှုပ်နှံမှုများမှာ မြှုပ်နှံငွေ ပမာဏနည်းသော လုပ်ငန်းအသေးများသာ ဝင်ရောက်သော်လည်း ယခုနှစ်တွင် လုပ်ငန်း အရေအတွက် နည်းပြီး ပမာဏကြီးသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာခြင်း ဖြစ်သည်။
လက်ရှိတွင် MIC အနေဖြင့် ရင်းနှီးမြှုပ်နှံမည့်ငွေ အင်အား ပမာဏကြီးမားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ရှိသော စီးပွားရေး လုပ်ငန်းများ (Responsible Business) ဖြစ်ရန် အတွက် အထူး ဂရုစိုက်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
MIC သည် ယခုဘဏ္ဍနှစ် အစတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးရှိသော Development and Operation of Smart and Eco City and Related Business ပရောဂျက် စက်မှုဇုန် လုပ်ငန်းတခုကိုလည်း ထိုင်းနိုင်ငံ အခြေစိုက် Yangon Amata Smart and Eco City ကုမ္ပဏီကို ခွင့်ပြုပေးခဲ့သည်။
You may also like these stories:
MIC မျှော်မှန်းသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ပြည့်မီရေး အခက်အခဲရှိ ဟုဆို
မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံရန် ဂျပန်နှင့် အမေရိကန် ကတိပြု
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ကြီးမားသည့် စိန်ခေါ်မှု မရှိသေးဟု MIC ဥက္ကဋ္ဌ ဆို