ရန်ကုန်၊ အလုံမြို့နယ်တွင် ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် တရုတ်နိုင်ငံပိုင် စွမ်းအင် အင်ဂျင်နီယာ ကုမ္ပဏီအား စွမ်းအင်နှင့်လျှပ်စစ် ဝန်ကြီးဌာန (MOEE) က ရွေးချယ်လိုက်သည်။ ထိုနိုင်ငံပိုင်လုပ်ငန်းသည် ဇမ်ဘီယာနိုင်ငံမှ လျှပ်စစ်တင်ဒါ တခုအတွက် စာရွက်စာတမ်းအတုများ သုံးသောကြောင့် စက်တင်ဘာလက ကမ္ဘာ့ဘဏ် စီမံကိန်းများက ပိတ်ပင်ထားခဲ့သည်။
၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် တိုးမြှင့်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်သော လျှပ်စစ်ဓာတ်အား စီမံကိန်း ငါးခုအတွက် တင်ဒါအောင်မြင်သူများကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် MOEE က ကြေညာခဲ့သည်။
China Energy Engineering Group-Hunan Electric Power Design Institute Company (CEEC-PHEDI) သည် ထိုသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် တင်ဒါအောင်မြင်သည်။ ထိုလုပ်ငန်းစုတွင် Shenzhen Shennan Power Gas Turbine Engineering Technique Co နှင့် China ITS (Holding) Co. တို့ပါဝင်သည်။
ထိုစီမံကိန်းအတွက် တင်ဒါကို စက်တင်ဘာလ ၃ ရက်နေ့က ချပေးခဲ့ကြောင်းနှင့် ထိုအုပ်စုသည် စီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း MOEE က ဖော်ပြသည်။
CEEC-PHEDI သည် ဇမ်ဘီယာ နိုင်ငံမှ လူဆာကာ ထုတ်လွှင့်ဖြန့်ချိမှု ပြန်လည်ထူထောင်ရေး စီမံကိန်းတွင် တည်ဆောက်ရန် ကြိုးစားရာတွင် လိမ်လည်မှု ကျူးလွန်သောကြောင့် ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့သော စီမံကိန်းများတွင် လုပ်ကိုင်ခွင့် နှစ်ပေါင်း ၂၀ ပိတ်ပင်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့သည်။
ထိုတရုတ်နိုင်ငံပိုင်လုပ်ငန်းသည် စီမံကိန်းအကောင်အထည် ဖော်ရေးအတွက် ကြိုးစားရာတွင်လိုအပ်သော စည်းကမ်းများပြည့်မီရေးအတွက် အတိတ်ကန်ထရိုက် အတွေ့အကြုံ၊ တရားရုံးသမိုင်းနှင့် စီးပွားရေးလုပ်ငန်း ယုံကြည်မှုတို့ကို ဖော်ပြသော စာရွက်စာတမ်းများကို သိလျှက်နှင့် လိမ်လည်ပြုလုပ်သည်ဟု ကမ္ဘာ့ဘဏ်၏ ကြေညာချက်တခုတွင် ဖော်ပြထားသည်။
ထိုစီမံကိန်းမှာ ဇမ်ဘီယာနိုင်ငံ လူဆာကာတွင် စွမ်းရည်တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ချိမှု တည်ငြိမ်ရေးအတွက် ရည်ရွယ်သော စီမံကိန်းဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ ထိုလုပ်ငန်းသည် ကမ္ဘာ့ ဘဏ်အုပ်စု ရိုးသား တည်ကြည်မှု လိုက်နာရန် လမ်းညွှန်များနှင့် ကိုက်ညီသော ရိုးသားတည်ကြည်မှု လိုက်နာရေး အစီအစဉ်ကို ဖော်ဆောင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းသည် ကမ္ဘာ့ဘဏ်အုပ်စု ရိုးသားတည်ကြည်မှု အဖွဲ့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ကတိပြုထားသည်။
ကမ္ဘာ့ဘဏ်က တားမြစ်ပိတ်ပင်ထားသော်လည်း ထိုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် စီမံကိန်းအချို့အကောင်အထည်ဖေါ်လုပ်ကိုင်ခွင့်ရှိကြောင်း World Bank Myanmar မှ အရာရှိတဦးက ပြောသည်။
“ကမ္ဘာ့ဘဏ်က ဖြစ်ရပ်တစ်ခုချင်းစီပေါ်မှာပဲ ကိုယ်တွယ်တယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့ အရေးယူမှုက မြန်မာန်ိုင်ငံမှာ လုပ်ဆောင်နေတဲ့ ကုမ္ပဏီပေါ် မသက်ရောက်ဘူး။ ဒါပေမယ့် ဒီကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကတော့ ကျသွားတာပေါ့” ဟု သူပြောသည်။
ဧရာဝတီက ဆက်သွယ်မေးမြန်းသောအခါ MOEE ပြောခွင့်ရသူနှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က MOEE မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးကို မေးမြန်းရန်ပြောသော်လည်း ဆက်သွယ်မရခဲ့ပေ။
MOEE သည် ၂၀၁၉ ခုနှစ် ဇွန်လက လျာထားစွမ်းရည် ၁၀၄၀ မဂ္ဂါဝပ်ရှိ လွတ်လပ်သော ဓာတ်အားထုတ်လုပ်သူနှင့် တည်ဆောက်-လည်ပတ်-ပိုင်ဆိုင် (IPP/BOO) လျှပ်စစ်ဓာတ်အား စီမံကိန်း ၅ ခုအတွက် နိုင်ငံတကာလုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့သည်။
VPower Group Holdings Co. နှင့် VPower Holding Company တို့ ပါဝင်သော လုပ်ငန်းစုကို ကျွန်းချောင်း ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် အောက်တိုဘာလ ၆ ရက်နေ့က ရွေးချယ်ခဲ့သည်။
China National Technical Import and Export Corporation, VPower Group Holding Co. နှင့် VPower Holding တို့ ပါဝင်သော လုပ်ငန်းစုကိုမူ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ကျောက်ဖြူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း အတွက် ရွေးချယ်ခဲ့သည်။ ထိုလုပ်ငန်းစုသည် ၃၅၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် သန်လျင်ဓာတ်အားပေးစက်ရုံနှင့် ၄၀၀ မဂ္ဂါဝပ်ရှိ သာကေတ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတို့အတွက်လည်း တင်ဒါရသည်။
ကမ္ဘာ့ဘဏ်သည် အမျိုးသား လျှပ်စစ်ဓာတ်အား စီမံကိန်းများအတွက် ငွေကြေးစိုက်ထုတ်ရန် မြန်မာ အစိုးရအား အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးအပ်ခဲ့သည်။
You May Also Like These Stories:
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ညွှန်ချုပ်နှင့် ညွှန်မှူး အဂတိလိုက်စားမှုဖြင့် အဖမ်းခံရ
ပမာဏကြီးမားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ယခု ဘဏ္ဍာနှစ် အတွင်း ဝင်ရန်ရှိဟု ဆို