စီးပွားရေး

မြန်မာက ကိုရီးယားစက်ရုံတွေ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်မှာ မဟုတ်

မြန်မာနိုင်ငံမှ တောင်ကိုရီးယား လုပ်ငန်း ၁၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ BEZA ကို ကိုးကား၍ bdnews 24 သတင်းက ဖော်ပြမှုမှာ မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောဆိုသည်။

“မြန်မာပြည်က ကိုရီးယား စက်ရုံ ၁၀၀ ဘင်္ဂလားဒေ့ရှ်ကို ရွှေ့မယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

KIC သည် မြန်မာနိုင်ငံ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် စက်မှုဇုန်၂ ခုထူထောင်ရန် လုပ်ငန်းများကို ၂၀၁၃ တွင် စတင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အားနှင့်ရေ မလုံလောက်ခြင်း အပါအဝင် အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အခြားရွေးစရာနေရာအဖြစ် သတ်မှတ်ရွှေ့ပြောင်းခြင်းဖြစ်သည်ဟု Korea Industrial Complex Co Ltd (KIC) ၏ CEO ၏ ပြောစကားကိုလည်း ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းက ဆိုထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကမူ ယင်းကုမ္ပဏီသည် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မြေရရန် ကြိုးစားနေကြောင်း ဧရာဝတီသို့ အတည်ပြုသော်လည်း ရင်းနှီးမြှုပ်နှံထားခြင်း မရှိသေးကြောင်း ပြောသည်

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းက ပဲခူးတိုင်းဒေသကြီးတွင် စက်မှုဇုန်တည်ထောင်ရန်အတွက် KIC ကုမ္ပဏီ တာဝန်ရှိသူများက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)သို့ လာရောက် ဆွေးနွေးမှုများ ရှိကြောင်း ဝန်ကြီးဌာန ဝက်ဆိုဒ်များတွင် ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်က ပဲခူးတိုင်းဒေသကြီးတွင် စက်မှုဇုန် တည်ဆောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် စက်မှုဇုန်စီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိတ်ညှိနှိုင်း ဆွေးနွေးမှုများကိုလည်း ပြုလုပ်ထားသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း စက်မှုဇုန် လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန်အတွက် KIC ၏ CEO ဖြစ်သူ Mr.Baeho Cho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဆွေးနွေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။

သို့သော် “စက်မှုဇုန် တည်ထောင်ဖို့ လာဆွေးနွေးတာ ရှိတယ်။ ပါမစ် ရဖို့မပြောနဲ့၊ သူက ပရိုပိုဆယ်တောင် မတင်သွားဘူး”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဌာနခွဲ ၃ မှ ညွှန်ကြားရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။

လျှပ်စစ်ဓာတ်အား၊ ရေကဲ့သို့ အခြေခံအဆောက်အဦများ မြန်မာပြည်တွင် မပြည့်စုံသေးမှုကြောင့် ကိုရီးယားမှ လာရောက်ဖွယ် ရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြန်လန်သွားသည်မှာ ယခုတကြိမ် ပထမဆုံး မဟုတ်ပါ။ နာမည်ကြီး Samsung ကုမ္ပဏီသည်လည်း အလားတူ ဖြစ်ပြီး ဗီယက်နမ်သို့ ပြောင်းလဲ ရင်းနှီးမြှုပ်နှံသွားခဲ့သည်။

ကိုရီးယား အစိုးရကမူ ပုဂ္ဂလိကကဏ္ဍနှင့် မတူပါ။ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော ကိုရီးယား သမ္မတ မွန်ဂျေအင်းကမူ စက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံ အဆောက်အဦကို ပထမ ဦးစားပေး တည်ဆောက်မည်ဟု ကတိပြုခဲ့သည်။

ထိုခရီးစဉ်၏ အကျိုးဆက်အနေနှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ပထမဆုံး အစိုးရချင်း ပူးပေါင်းဆောင်ရွက်မည့် မြန်မာ–ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း စက်မှုဇုန်ကို အပိုင်း ၁ ကို ယခု ၂၀၁၉-၂၀၂၁ ခုနှစ် ၃ နှစ်အတွင်း စတင်အကောင် ထည်ဖော်ရန်အတွက် MIC ခွင့်ပြုပေးခဲ့သည်။

စီမံကိန်းတည်ဆောက်ရန်အတွက် အပိုင်း ၂ ပိုင်းခွဲခြားထားပြီး Phase 1 တည်ဆောက်ရေးကာမှာ ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း စတင်လုပ်ဆောင်၍ Phase 2 အနေနှင့် ၂၀၂၂-၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်မည် ဖြစ်ပြီး စီမံကိန်းကို မြန်မာနိုင်ငံဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၄၀ ရာခိုင်နှုန်း၊ Korea Land & Housing Corporation က ၄၀ ရာခိုင်နှုန်းနှင့် Globel see A ကိုရီးယား ကုမ္ပဏီတို့က ၂၀ ရာခိုင်နှုန်း ပူးပေါင်းပြီး KMIC Development ကုမ္ပဏီတို့မှ အကောင်ထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထိုစီမံကိန်း တခုလုံးအတွက် အမေရိကန်ဒေါ်လာသန်း ၁၁၀ တန်ဖိုးရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားသော Phase 1 သည် ကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်း ကုန်ကျမည်ဖြစ်ကြောင်း MIC စာရင်းများတွင် ဖော်ပြထားသည်။

You May Also Like These Stories:

ရန်ကုန်ကို တောင်ကိုရီးယား ခြေဦးလှည့်လာပြီ 

ကိုရီးယား-မြန်မာ ပူးပေါင်း၍ ဒလတွင် စမတ်စီးတီး တခု အကောင်အထည်ဖော်မည် 

လှည်းကူးက မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်းကို ၃ နှစ်အတွင်း အကောင်ထည်ဖော်မည် 

Loading