ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းစပါးအုပ်စုဝင် ပေါ်ဆန်းရင်စပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကျပ် ၇ သိန်း ၂ သောင်းကျပ် ပေါက်ဈေးရှိနေပြီး ယင်းဈေးနှုန်းမှာ ၅ နှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးရှိ လယ်သမားများနှင့် ဆန်စပါးကုန်သည်များထံမှ သိရသည်။
“ပေါ်ဆန်းရင်စပါးက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ၇ သိန်း ၅ သောင်းဈေး ရှိသေးတယ်။ ဒီရက်ပိုင်းကျမှ ထပ်ပြီး ၃ သောင်းဈေးကျသွားတယ်။ ပေါက်ဈေးသာ ဖွင့်ထားတာ ဝယ်မယ့် လူတောင်မရှိဘူး။ ပေါ်ဆန်းရင် အရောင်း အဝယ်တွေ မရှိသလောက်ကို ဖြစ်နေတာ။ လက်ရှိဈေးနှုန်းက ၂၀၁၅ နောက်ပိုင်းမှာ အနိမ့်ဆုံး ပေါက်ဈေးပဲ”ဟု ကန်ကြီးထောင့်မြို့နယ်မှ စပါးကုန်သည် ကိုမိချိုက ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်ချောအုပ်စုဝင် ပေါ်ဆန်းရင်စပါးကို ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်တွင် အဓိက စိုက်ပျိုးကြပြီး ၁ နှစ်လျှင် ၁ ကြိမ်သာ စိုက်နိုင်သည့် သက်ကြီးအုပ်စုဝင် စပါးဖြစ်သည်။ ပေါ်ဆန်းရင်စပါးကို မိုးတွင်းကာလ ဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် စပါး ရိတ်သိမ်းလေ့ရှိသည်။
ဧရာဝတီတိုင်းရှိ ငွေကြေးတတ်နိုင်သည့် လယ်သမားများ၊ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များမှာ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းသည့် ပေါ်ဆန်းရင်စပါးကို ဝယ်ယူသိုလှောင်ထားပြီး နောင်နှစ် ပေါ်ဆန်းစပါးမပေါ်မီ စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် ဈေးတက်ချိန်၌ သိုလှောင်ထားသည့် စပါးအဟောင်းများကို ပြန်လည်ထုတ်ရောင်းလေ့ ရှိကြသည်။
ယမန်နှစ် စပါးပေါ်စကာလဖြစ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ပေါ်ဆန်းရင်စပါးအဟောင်းဈေးမှာ တင်း ၁၀၀ လျှင် ၁၂ သိန်းကျပ်မှ ၁၃ သိန်းကျပ်အထိ အမြင့်ဆုံးဈေးနှုန်းသို့ စံချိန်တင်မြင့်တက်ခဲ့သည်။ သို့သော် ယခုနှစ် ကာလတူ အချိန်တွင် ပေါ်ဆန်းရင်စပါးဈေးမှာ ၇ သိန်းဝန်းကျင်ဈေးနှုန်းသို့ ထိုးကျသွားသည့်အတွက် ယမန်နှစ်ဈေးနှင့် ယှဉ်ပါက ၅ သိန်းခန့်အထိ ဈေးကျသွားခဲ့ခြင်း ဖြစ်သည်။
ပေါ်ဆန်းရင်စပါးမှာ ပြည်ပတင်ပို့မှု နည်းပါးပြီး ပြည်တွင်း၌ အဓိက စားသုံးကြကြောင်း၊ ယမန်နှစ်က ဈေးကောင်းရ သည့် အတွက် ပေါ်ဆန်းရင်စပါးစိုက်သည့်လယ်သမား များပြားလာခြင်း၊ ဈေးကွက်အတွင်း၌ ပေါ်ဆန်းရင် စပါး အဟောင်း လက်ကျန်များပြားနေခြင်းနှင့် မြန်မာပြည်အထက်ပိုင်းမှ ရွှေဘိုပေါ်ဆန်းမွှေးဆန်များ ဝင်ရောက်လာခြင်း ကြောင့် ပေါ်ဆန်းစပါးအုပ်စု ဝယ်လိုအားနည်းသွားပြီး ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောဆိုသည်။
“ပေါ်ဆန်းရင်က ပြည်ပပို့ရတာ သိပ်မရှိပါဘူး။ ပြည်တွင်းကပဲ အဓိက စားသုံးကြတာပါ။ ဘာကြောင့် ဈေးကျသလဲ ဆိုတော့ ပုသိမ်ဘက်ကို မြန်မာပြည်အထက်ပိုင်းက ရွှေဘိုပေါ်ဆန်းတွေ ဝင်လာတယ်။ အဲဒီတော့ ဒန်ပေါက်ဆိုင် တွေဆို အရင်တုန်းက ပုသိမ်ပေါ်ဆန်းသုံးရာကနေ အခု ရွှေဘိုပေါ်ဆန်းတွေ ပြောင်းသုံးတဲ့ အတွက် ပေါ်ဆန်းအုပ်စုက ဝယ်လိုအားကျသွားတယ်။ ဝယ်လိုအားကျတော့ စပါးဈေးလည်း ကျတာပေါ့”ဟု ပုသိမ်မြို့မှ ဆန်ကုန်သည် ဦးခင်မောင်လတ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စံချိန်တင်ဈေးတက်ခဲ့သည့်အတွက် ငွေကြေးတတ်နိုင်သည့် လယ်သမားများ၊ ဆန်စက် ပိုင်ရှင်များနှင့် ဆန်ကုန်သည်များမှာ ပေါ်ဆန်းရင်စပါးများကို တင်း ၁၀၀ လျှင် ၁၀ သိန်းဝန်းကျင် ဈေးနှုန်းများဖြင့် ဝယ်ယူသိုလှောင်ခဲ့ကြသည်။ သို့သော် ဈေးကွက်ဝယ်လိုအား ကျဆင်းသည့်အတွက် စပါးဈေးလည်းကျဆင်းခဲ့ရာ ပေါ်ဆန်းရင်စပါး ဝယ်ယူသိုလှောင်သူများ အရှုံးပေါ် ခဲ့ကြသည်။
“ပေါ်ဆန်းရင် ဝယ်လှောင်တဲ့လူတွေ တော်တော်များများ အရှုံးပေါ်ကြတယ်။ တချို့ဆို ၁၀ သိန်း၊ ၁၁ သိန်း ဈေးတွေနဲ့ ဝယ်လှောင်ထားပြီး ဈေးတွေထိုးကျတော့ ၈ သိန်းဈေးနဲ့ မနည်းပြန်ရောင်းရတယ်။ ပေါ်ဆန်းရင် စပါးက ၂၀၁၅ လောက် ကတည်းက ဈေးငြိမ်ပြီး အတက်ဘက်ကိုပဲ သွားနေတာ။ ဒီနှစ်ကျမှ ထင်မထားတဲ့ ဈေးနှုန်းတွေဖြစ်ကုန်တော့ လယ်သမားရော၊ ကုန်သည်ရော အထိနာကြတယ်”ဟု ကန်ကြီးထောင့်မြို့နယ်၊ သရက်ကွင်းရေကျော်ကြီးကျေးရွာမှ လယ်သမား ဦးဌေးဝင်းက ပြောသည်။
လက်ရှိတွင် အချောစပါးအုပ်စုဖြစ်သည့် ပေါ်ဆန်းရင်စပါးဈေးနှုန်းများ ကျဆင်းနေသလို အကြမ်းစပါး ဈေးနှုန်း မှာလည်း ယမန်နှစ်ကထက် ကျပ် ၁ သိန်းခွဲခန့် ဈေးနှုန်းကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် မိုးစပါးပေါ်ချိန်တွင် အကြမ်းစပါး တင်း ၁၀၀ လျှင် အနိမ့်ဆုံး ၆ သိန်းမှ ၆ သိန်း ၂ သောင်းကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် အနိမ့်ဆုံး ၄ သိန်းမှ အမြင့်ဆုံး ၄ သိန်း ၈ သောင်းကျပ်သို့ ဈေးများကျဆင်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၃ သန်းကျော်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းဝန်းကျင်ဖြစ်သည့်လူဦးရေ ၄ သန်းကျော်မှာ လယ်ယာလုပ်ငန်းကို အဓိကအားထား လုပ်ကိုင်သည့် လယ်သမားမိသားစုများ ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခု၌ မိုးစပါး စိုက်ဧကပေါင်း ၃ ဒသမ ၇ သန်းကျော်ရှိပြီး နွေစပါး စိုက်ဧက ၁ ဒသမ ၃ သန်းကျော် ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။