စီးပွားရေး

ရခိုင်ရှိ တရုတ်စီမံကိန်းမှ ဓာတ်အားဝယ်ယူရန် မြန်မာနှင့် စာချုပ်ချုပ်ဆို

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကျောက်ဖြူတွင် ၁၃၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီမှ ဓာတ်အားဝယ်ယူရေး သဘောတူညီချက်တခုကို အစိုးရလုပ်ငန်းတခုက လက်မှတ်ရေးထိုးလိုက်သည်။

ထိုစက်ရုံသည် တရုတ်နိုင်ငံ၏ ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်း ဖြစ်သည့် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ၏ မြန်မာနိုင်ငံအပိုင်းမှ သေနင်္ဂဗျူဟာ စီမံကိန်းများအနက် တခုဖြစ်သည်။

ထိုဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်ကို အင်္ဂါနေ့က မြန်မာအစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် ကျောက်ဖြူ လျှပ်စစ်ဓာတ်အား ကုမ္ပဏီ လီမိတက်တို့ လက်မှတ်ရေးထိုးခဲ့သည်။ ကျောက်ဖြူ လျှပ်စစ်ဓာတ်အား ကုမ္ပဏီ လီမိတက်သည် မြန်မာမှ Supreme Group နှင့် တရုတ်အစိုးရပိုင် လုပ်ငန်းဖြစ်သော Power China တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။

ထိုဖက်စပ်လုပ်ငန်းသည် ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ ထုတ်လုပ်သည့် ဓာတ်ငွေ့ကိုသုံးမည့် အမေရိကန်ဒေါ်လာ သန်း ၁၈၀ တန် ဓာတ်ငွေ့နှင့်ရေနွေးငွေသုံး ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီစဉ်ထားသည်။ ထိုစက်ရုံသည် ရခိုင်ပြည်နယ်နှင့် မဟာဓာတ်အားလိုင်းအတွက် နှစ်စဉ် ခန့်မှန်းခြေ ဓာတ်အားယူနစ် ၁၀၀၅ သန်းကို ထုတ်လုပ်ပေးမည်ဖြစ်သည်။

ထိုဖက်စပ်လုပ်ငန်းသည် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း မစတင်မီ ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် စောင့်ဆိုင်းနေခဲ့ကြောင်း Supreme Group ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးထူးထူးအောင်က ဧရာဝတီသို့ပြောသည်။

ဆောက်လုပ်ရေးုလုပ်ငန်းများ မကြာမီ စတင်မည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) ၏ ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအရ ကျောက်ဖြူစီမံကိန်းသည် ၂၀၂၁ ခုနှစ်တွင် ဓာတ်အား စတင်ထုတ်လုပ်မည်ဟုလည်း သူက ပြောသည်။

MOEE ၏ အဆိုအရ မြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက်သည် တနှစ်လျှင် မဂ္ဂါဝပ် ၁၀၀၀ တိုးနေသည်ဟု သိရသည်။ ထိုလိုအပ်ချက်သည် ၂၀၂၀ ပြည့်နှစ်အရောက်တွင် ၁၅၈၈ မဂ္ဂါဝပ်အထိ မြင့်မားလာမည်ဖြစ်သည်။ ထိုဝန်ကြီးဌာနသည် ၂၀၃၀ ပြည့်နှစ်အထိ အချိန်အခါအလိုက် လျှပ်စစ်ဓာတ်အား ရရှိမှု လျာထားချက်များ သတ်မှတ်ထားသည်။ ထိုဝန်ကြီးဌာနသည် ၂၀၂၀-၂၁ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀-၃၁ ခုနှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိစေရန်လည်း ရည်မှန်းထားသည်။

အစိုးရနှင့် ထိုဖက်စပ်လုပ်ငန်းတို့သည် ထုတ်လုပ်သောဓာတ်အားအတွက် ကျပ်ငွေဖြင့်ပေးချေရန် သဘောတူထားသည်။ သို့သော် ဦးထူးထူးအောင်က သဘောတူထားသည့် ဈေးနှုန်းအသေးစိတ်ကို ပြောပြရန်ငြင်းပြီး အခြားဓာတ်ငွေ့ကုမ္ပဏီများနှင့် ယှဉ်လျှင် သင့်တင့်သော ဈေးနှုန်းဖြစ်ကြောင်းသာ ပြောသည်။

MOEE သည် ဆက်လက်ဆောင်ရွက်ရန် သတိပေးခြင်းကို Electric Power Generation နှင့် Kyauk Phyu Electric Power Co. Ltd တို့သို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေးခဲ့သည်။ ထိုလုပ်ငန်းများက ဓာတ်အား ဝယ်ယူမှု သဘောတူညီချက်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြီးဆုံးကြောင်း အသိအမှတ်ပြုစာကို ဧပြီလနှောင်းက ဘေဂျင်းတွင် ကျင်းပသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ညီလာခံ သီးခြားအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နှင့် လက်မှတ်ရေးထိုးခဲ့သည်။

ထိုစီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) အတွက် အရေးပါသော စီမံကိန်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ချီးကျူးထားသည်။

ကျောက်ဖြူသည် သမ္မတ ရှီကျင့်ဖျင်၏ အဓိကစီမံကိန်းဖြစ်သော BRI တွင် အချက်အခြာကျသောနေရာဖြစ်သည်။ မြန်မာနှင့်တရုတ်နိုင်ငံတို့သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် ပတ်သက်သည့် မူဘောင် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ လမ်းဖွင့်ပေးပြီး ရေနံတင်သွင်းမှုကို မလက္ကာရေလက်ကြားအား အသုံးမပြုဘဲ လုပ်ဆောင်နိုင်စေသည်။

ထိုအရေးပါသော BRI စီမံကိန်းတွင် မဒေးနှင့် ရမ်းဗြဲကျွန်းများတွင် ဟက်တာ ၁၀၀၀ ကျယ်သော စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းများ ပါဝင်သည်။ စက်မှုဇုန်တွင် အထည်အလိပ်၊ အထည်ချုပ်၊ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ခြင်း၊ အစားအစာ ပြုပြင်ထုတ်လုပ်ခြင်း၊ ရေကြောင်းထောက်ပံ့ရေးနှင့် ဝန်ဆောင်မှုများ၊ ဆေးဝါး၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်းများနှင့် သုတေသန ဆိုင်ရာ အဆောက်အအုံများ ပါဝင်သည်။

ရေနက်ဆိပ်ကမ်းသည် နှစ်စဉ် ကုန်စည် ၇.၈ သန်းတန်နှင့် ပေ ၂၀ ကုန်သေတ္တာ ၄.၉ သန်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။

“ကျနော်တို့စီမံကိန်းကို ပုဂ္ဂလိက ငွေကြေးစိုက်ထုတ်တဲ့အတွက် အစိုးရချင်း သဘောတူထားတဲ့ CMEC စီမံကိန်းမှာ မပါဘူး။ ကျနော်တို့ရဲ့ ဖက်စပ်လုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်း အပြည့်အ၀ဖြစ်တယ်။ ဒါပေမယ့်လည်း ကျနော်တို့စီမံကိန်းက CMEC မှာ သေနင်္ဂဗျူဟာ ကျနေတယ်” ဟု ဦးထူးထူးအောင်ပြောသည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် CMEC အတွက် အချက် ၁၅ ချက်ပါ နားလည်မှုစာချွန်လွှာကို လွန်ခဲ့သော နှစ်က လက်မှတ်ရေးထိုးခဲ့သည်။

ထိုနားလည်မှု စာချွန်လွှာအရ အစိုးရများသည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ သုတေသနနှင့်နည်းပညာ အပါအဝင် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

ခန့်မှန်းခြေ ၁၇၀၀ ကီလိုမီတာ ရှည်လျှားသော ထိုစီပွားရေး စင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ မြန်မာနိုင်ငံ စီးပွားရေးအချက်အခြာ နေရာများဖြစ်သော နိုင်ငံအလယ်ပိုင်းမှ မန္တလေးကို ပထမဆက်သွယ်ပြီး ရန်ကုန်သို့ဆက်သွယ်က ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ဆက်လက် ဆက်သွယ်မည်ဖြစ်သည်။

(Nan Lwin ၏ Myanmar State Firm Signs Deal to Buy Electricity From Strategic Chinese Project in Rakhine ကို ဘာသာပြန်သည်။)

You may also like these stories:

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်မီ BRI ဆိုင်ရာ စိုးရိမ်မှု မြင့်မားနေ

BRI စီမံကိန်းများတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်သံအမတ်သစ်ပြေ

Loading