မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးဇုန်တွေထဲမှာ ဒုတိယအကြီးဆုံး ကုန်သွယ်မှုတွေ ပြုလုပ်နေတဲ့ ထိုင်းမြန်မာနယ်စပ်က မြဝတီမြို့ကို ပြီးခဲ့တဲ့တပတ်က လေ့လာရေးခရီးတခုနဲ့ ရောက်ဖြစ်တဲ့အခါ လာမယ့် ဘဏ္ဍာရေးနှစ်တွေကနေ စတင်ပြီး ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ ပိုမြင့်တက်လာတော့မယ်လို့ မျှော်လင့်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ နောက်ဆုံးပတ်က ဖွင့်လှစ်လိုက်တဲ့ ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတားသစ်ကြောင့် ကုန်သွယ်မှုတွေ ပိုမိုတိုးမြင့်လာမယ်လို့ နှစ်ဘက်နိုင်ငံတွေက မျှော်မှန်းထားကြပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံက မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ အဆိုပါတံတားသစ်ကြီးကတော့ မူလရှိတဲ့ နယ်စပ်ဖြတ်ကျော် တံတားထက်ကို ပိုမိုသာလွန် ကောင်းမွန်အောင် တည်ဆောက်ထားတာကို တွေ့မြင်ရပြီး ကုန်သွယ်ရေးမှာလည်း စနစ်တကျ ဖြစ်အောင် စီစဉ်ထားတာကို မြင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ မြဝတီမြို့ဟာ ထိုင်းနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက်သာ မကဘဲ အာဆီယံနိုင်ငံများနဲ့ပါ ကုန်စည်ဖလှယ်ကူးသန်းနိုင်အောင် အရှေ့အနောက် စီးပွားရေးစင်္ကြန် ဒေသအဖြစ်နဲ့ မဟာဗျူဟာကျကျ စီမံဆောင်ရွက်နေတဲ့ ဒေသတခု ဖြစ်ပါတယ်။
ဒီလိုဒေသတခုမှာ အဓိကအားဖြင့် ကုန်စည်များ ပိုမို စီးဆင်းနိုင်ဖို့ ပို့ဆောင်ဆက်သွယ်ရေးက အဓိက အခန်းကဏ္ဍက ပါနေတာကြောင့် လက်ရှိ နယ်စပ်ဖြတ်ကျော် တံတားတခုတည်းနဲ့တင် မလုံလောက်တော့တဲ့အတွက် တံတားသစ်တစင်း တည်ဆောက်ဖို့ ၂၀၁၅ ခုနှစ်ကတည်းက စီစဉ်ခဲ့တာပါ။
ဘတ်သန်းပေါင်း ၃၉၀၀ ကျော် တန်ဖိုးရှိတဲ့ ဒီနယ်စပ်ဖြတ်ကျော် တံတားအမှတ် ၂ က ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာရုံတင် မဟုတ်ဘဲ၊ ခရီးသွားလုပ်ငန်းတွေကိုပါ ပိုမိုတိုးတက်လာစေမယ်လို့ နှစ်နိုင်ငံစလုံးက ယုံကြည်ထားကြပါတယ်။
နယ်စပ်ကုန်သွယ်ရေး စခန်းအဆင့်တင်မကဘဲ၊ နယ်စပ်ကုန်သွယ်ရေးဇုန်အထိပါ ကြီးထွားလာတဲ့ စီးပွားရေးဒေသ ဖြစ်တာကြောင့် အခုလိုအခြေခံကျတဲ့ အခြေခံအဆောက်အအုံတွေ ပိုတိုးတက်လာတဲ့အခါ ကုန်စည်များ စီးဆင်းရေး သွက်လက်လာနိုင်တာကြောင့် အလားအလာ ကောင်းတွေ ပေါ်ထွက်လာပြီလို့ သုံးသပ်ကြပါတယ်။
တံတားဖွင့်တဲ့အချိန်မှာပဲ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားရာမှာ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပမာဏဟာ လက်ရှိမှာ တနှစ်ကို ထိုင်းဘတ် ၇၈ ဘီလျံ (ကန်ဒေါ်လာ ၂.၅ ဘီလျံခန့်) ကနေ ဘီလျံ ၁၀၀ (ကန်ဒေါ်လာ ၃.၃ ဘီလျံခန့်) အထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မြန်မာန်ိုင်ငံဘက်က စီးပွားကူးသန်း ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးကလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးပမာဏကို ကန်ဒေါ်လာ ၁ ဘီလျံအထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံက ကုန်သွယ်မှု စာရင်းဇယားတွေဟာ အနည်းငယ် ကွာဟမှုတွေ ရှိနေပေမယ့်လည်း ထိုပမာဏကို နီးစပ်လာအောင် ညှိနှိုင်း ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ အဓိကအနေနဲ့ နှစ်ဘက်နှစ်နိုင်ငံလုံးအတွက် အကျိုးမရှိတဲ့ တရားမဝင် ကုန်စည်များ စီးဆင်းနေမှုကို အထူး အလေးပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရဆိုရင် မြန်မာနိုင်ငံဘက်က ပို့ကုန်ပမာဏဟာ ထိုင်းဘက်က ပြန်သွင်းတဲ့ သွင်းကုန်ပမာဏနဲ့ ယှဉ်ရင် များစွာ ကွာဟချက်တွေရှိနေတာကို တွေ့နိုင်မှာပါ။ ဒီမိုကရေစီ အစိုးရသစ်ပြောင်းလဲသွားတဲ့ ၂၀၁၁ ခုနှစ်ကနေ စတင်နှိုင်းယှဉ်ကြည့်ပါမယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကာလမှာ ပို့ကုန်တန်ဖိုးဟာ ကန်ဒေါ်လာ ၁၀.၅၃၇ သန်း ရှိပြီး သွင်းကုန်တန်ဖိုး ဟာလည်း ၁၃.၉၈၈ သန်းသာ ရှိခဲ့ပါတယ်။
ထိုကာလကနေ ဆက်လက်ပြီး ထုတ်ကုန်ကော သွင်းကုန်ပမာဏပါ ဆက်တိုက် မြင့်တက်လာခဲ့ရာမှာ ဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးတဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့ ပို့ကုန် တန်ဖိုး ၄၃.၇၈၅ သန်းနဲ့ သွင်းကုန်တန်ဖိုး ၆၈၂.၃၂၇ သန်း (စုစုပေါင်း ၇၂၆ သန်း) ကို ရောက်ရှိနေပါပြီ။ ဒီမှာတင် ပို့ကုန်တန်ဘိုးဟာ သွင်းကုန်တန်ဘိုးထက် များစွာ ပြတ်ကျန်ခဲ့တာကို တွေ့နိုင်မှာပါ။
ထိုင်းနိုင်ငံကနေ လူသုံးကုန်၊ အိမ်သုံးကုန်၊ စားသောက်ကုန်၊ အီလက်ထရောနစ် ပစ္စည်းများစွာ တလုံးတခဲတည်း တင်ပို့နေချိန်မှာ မြန်မာနိုင်ငံက အဓိက လယ်ယာထွက်ကုန် ပို့ကုန်များနဲ့ ရေထွက်ကုန်များကိုသာ ဦးစားပေးတင်ပို့နေရင်းနဲ့ ကုန်သွယ်မှုဟာ တဘက်စောင်းနင်းကို ကွာဟလာတာကို မြင်တွေ့နိုင်ပါတယ်။

လက်ရှိ အစိုးရတက်လာတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ပို့ကုန်တန်ဖိုး ၆၀.၁၉၉ သန်းအထိ တိုးတက်လာပေမယ့် သွင်းကုန်တန်ဖိုးကလည်း တရိတ်ရိတ် ဆက်တက်လာပါတယ်။ ကန်ဒေါ်လာ ၈၇၁.၅၂၁ သန်းအထိ သွင်းကုန်ပမာဏ ရောက်ရှိလာပါတယ်။ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးကတော့ ၉၃၁ သန်းအထိ ရောက်ရှိပါတယ်။
အစိုးရသစ်ရဲ့ ပို့ကုန်မြှင့်တင်ရေး အစီအစဉ်တွေကြောင့် ယခုနှစ်ပိုင်းတွေထဲမှာ မြန်မာနိုင်ငံက ပို့ကုန်တန်ဖိုးဟာ ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ မြင့်တက်လာရာမှာ နောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ပို့ကုန်ပမာဏ ၂၁၁ သန်းကျော် ရောက်ရှိလာပြီး သွင်းကုန်ပမာဏက ၇၅၅ သန်းကို ရောက်ရှိနေပါတယ်။ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ ၉၆၇ သန်းရှိနေတာမို့ ကန်ဒေါ်လာ တစ်ဘီလျံရောက်ဖို့ မဝေးတော့ပါဘူး။
“ကုန်သွယ်မှုလိုငွေကတော့ ရှိနေမှာဖြစ်ပါတယ်။ ဒီဒေသကလည်း ငြိမ်းချမ်းရေးရလာပြီးတဲ့နောက်ပိုင်း ပိုပြီးတော့ ကုန်သွယ်ရေးဖွံ့ဖြိုးမှု ရှိလာပါတယ်” လို့ ဦးမင်းအောင်အေးက ဆိုပါတယ်။
လက်ရှိမှာ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်တံတား ၂ စင်းဖြစ်သွားတာကြောင့် တံတားပေါ်ကနေတဆင့် ကုန်စည်များ တရားဝင်စီးဆင်းနိုင်ရေးကို ကြိုးပမ်းသွားမှာ ဖြစ်တဲ့အတွက် တရားမဝင်ကုန်စည်များ မဝင်ရောက်ရေး သက်ဆိုင်ရာ နှစ်နိုင်ငံက ဌာနများက ပူးပေါင်းဆောင်ရွက်ကြရမှာလည်း ဖြစ်ပါတယ်။
စာရင်းဇယားများအရ ထိုင်းနိုင်ငံက ကုန်သွယ်မှုစာရင်းများနဲ့ မြန်မာနိုင်ငံဘက်က စာရင်းများ ကွာဟမှု အနေအထားမှာ ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေတွေအရ ထိုင်းနိုင်ငံဟာ သူတို့တင်ပို့တဲ့ ကုန်ပစ္စည်းများအားလုံး (တံတားပေါ်၊ တံတားအောက်) စာရင်းတွေ ပါဝင်နေပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ကတော့ တရားဝင် နယ်စပ်တံတားကနေ ဖြတ်ကျော် ဝင်ရောက်လာသမျှကိုသာ စာရင်းပြုစုတဲ့အတွက် ကုန်သွယ်မှုတန်ဖိုး ကွာဟမှုများ ရှိနေသေးတယ် လို့လည်း သိရပါတယ်။ ဒီအတွက် နှစ်ဘက်နိုင်ငံ တာဝန်ရှိသူများက မြေပြင်အခြေအနေကို ပိုမိုနီးစပ်လာစေဖို့ ဆောင်ရွက်မှုများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“သူတို့ဘက်က ဘယ်ကနေပဲ သွင်းသွင်း စာရင်းက အကုန်တရားဝင်၊ အခုဆို နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင် သူတို့လက်ရှိ ရှိနေတဲ့ ပမာဏထက်ကို မျှော်မှန်းထားတဲ့ ပမာဏအတိုင်းရှိမှာပါ။ လုပ်ငန်းပိုင်းတွေကို ကျနော်တို့က တောက်လျှောက်ညှိနှိုင်း ဆောင်ရွက်နေပါတယ်” လို့ ဦးမင်းအောင်အေးက ပြောပါတယ်။
မြဝတီမြို့ဟာ အာဆီယံဒေသတွင်း ကုန်သွယ်မှုအတွက် အရှေ့အနောက် စီးပွားရေးစင်္ကြန် လမ်းပေါ်မှာ တည်ရှိနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးအပြင် စီးပွားရေးဇုန်ကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်မှူး ဦးတေဇာအောင်ကလည်း ပြောပါတယ်။
“မြဝတီစီးပွားရေးဇုန်ထဲမှာ လာရောက် ရင်းနှီး မြှုပ်နှံကြဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ထားတာတွေရှိပါတယ်။ ထိုင်းဘက်ကဆိုရင် သူတို့လုပ်ငန်းရှင်တွေအတွက် ပံ့ပိုးမှုတွေကော၊ အာမခံတွေကော ပေးတာရှိပါတယ်။ ဒီဘက်မှာလည်း ဒီလိုရမယ်ဆိုရင် လုပ်ငန်းရှင်တွေ ပိုလာကြမယ်လို့ ယုံကြည်ပါတယ်” လို့ သူကဆိုပါတယ်။
လက်ရှိမှာ မြဝတီစီးပွားရေးဇုန်အဖြစ် ဧက ၁၃၀၀ ကျော်မြေနေရာကို လျာထားဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၅ ခုက လုပ်ငန်းဆောင်ရွက်ဖို့ လျာထားပြီး Apex Rubber International ကုမ္ပဏီ တခုသာလျှင် ဖိနပ်စက်ရုံတည်ဆောက်ပြီး လည်ပတ်နေပြီ ဖြစ်ပါတယ်။
ဒီစီးပွားရေးဇုန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ညီနောင်ဦး လုပ်ငန်းစုက တာဝန်ရှိသူတဦးကတော့ မြန်မာလုပ်ငန်းရှင်များဟာ ကုန်ထုတ်လုပ်ရေးထက် ကုန်သွယ်ရေး ကိုသာ ပိုမိုအားစိုက်တာကြောင့် မြဝတီစီးပွားရေးဇုန်ဖွံဖြိုးဖို့အတွက် ကုန်ထုတ်လုပ်ရေးကို အားစိုက်ထည့် ဆောင်ရွက်လိုသူ လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုပါကြောင်း ဆိုပါတယ်။

မည်သို့ပင်ဆိုစေ မကြာခင် ပိုမိုကြီးထွားလာတော့မယ့် အာဆီယံစီးပွားရေး အသိုက်အဝန်းရဲ့ ကုန်သွယ်ကူးသန်း ဖလှယ်မှုတွေမှာ မြန်မာနိုင်ငံဟာလည်း မဖြစ်မနေ ပါဝင်နေတာကြောင့် မိမိတို့ နိုင်ငံအနေနဲ့ အဘက်ဘက်က နစ်နာမှုမရှိဖို့တော့ ကြိုတင် ပြင်ဆင်ဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်။ ကုန်သွယ်ဘက်နိုင်ငံအချင်းချင်း အပြန်အလှန် ကုန်သွယ်မှု အချိုးတူကျမှသာလျှင် နစ်နာမှုမရှိမှာလည်း ဖြစ်ပါတယ်။
ဒီအတွက် အစိုးရများအနေနဲ့ မိမိတို့နိုင်ငံရဲ့ ပို့ကုန်တိုးမြှင့်ရေး အစီအမံများကို ယခုထက်ပိုပြီး အင်တိုက်အားတိုက် ကြိုးပမ်းထားမှသာ နောင် ၁၀ နှစ်တာ ကာလအတွင်း အာဆီယံနိုင်ငံများထဲမှာ ခေါင်းထောင်နိုင်မှာဖြစ်ပါတယ်။ မဟာဗျူဟာကျတဲ့ ပို့ကုန်တိုးမြှင့်ရေး အစီအစဉ်များကို ယခုထက်ပိုမို ဆောင်ရွက်မှသာလျှင် ကုန်သွယ်ရေးလိုငွေ ပြနေခြင်းများကို ကုစားနိုင်မှာဖြစ်ပါတယ်။
မြဝတီမြို့ဟာ အာဆီယံနိုင်ငံများဆီသို့ ကုန်သွယ်မယ့် ဂိတ်ပေါက်တခု ဖြစ်တာကြောင့် ခံစစ်ကောင်းများနဲ့ ဖွံ့ဖြိုး တိုးတက်လာအောင် ပြင်ဆင်ဆောင်ရွက်သင့်ပါတယ်လို့ ယူဆမိရပါတယ်။
You may also like these stories:
လုပ်အားခ သက်သာသည့် မြန်မာနိုင်ငံကို ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စားနေ
အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက်
မြန်မာက ကိုရီးယားစက်ရုံတွေ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်မှာ မဟုတ်