ဆာ့ဂျ်ပန်းခေါ် ဦးသိမ်းဝေ မိသားစုပိုင် မြန်မာနိုင်ငံမှ ရိုးမအုပ်စုနှင့် ရှားရှားပါးပါး သဘောတူ စာချုပ်တခုချုပ်ဆိုပြီးနောက် အရှေ့တောင်အာရှရှိ မိသားစုပိုင် စီးပွားရေးအင်ပါယာများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံမှ Ayala Corp လုပ်ငန်းစု ဥက္ကဋ္ဌက ပြောကြားလိုက်သည်။
ရိုးမလုပ်ငန်းစုက ထိန်းချုပ်ထားသည့် ကုမ္ပဏီ ၂ ခုတွင် ဒေါ်လာ ၂၃၇.၅ သန်း ရင်းနှီးမြှုပ်နှံလိုက်ကြောင်း အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်းမှ ကျန်းမာရေး စောင့်ရှောက်မှုအထိ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်သော Ayala Corp က လွန်ခဲ့သောတပတ်က ကြေညာသည်။
“အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ရဲ့ တိုးတက်မှုလမ်းကြောင်းမှာ ကျနော်တို့ဟာ အရှေ့တောင်အာရှနဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်တဲ့အဆင့်ကို ရောက်ရှိလာပါပြီ။ မှန်ကန်တဲ့ အခွင့်အလမ်းတွေရလာရင် ရိုးမရဲ့ အစီအစဉ်တွေကို ကျနော်တို့လည်း အလားတူ လုပ်ဆောင်ချင်ပါတယ်” ဟု ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဂျိုင်မီ သြဂတ်စတို ဇိုဗယ် ဒီ အယာလာက သတင်းထောက်များကို စင်ကာပူတွင် စနေနေ့ကပြောသည်။
ဖိလစ်ပိုင်နိုင်ငံသည် စီးပွားရေးလုပ်ငန်း အခွင့်အရေးများစွာကို ထုတ်လုပ်ပေးသည့် တိုးတက်မှု စက်ဝန်းကို ဖြတ်သန်းနေကြောင်းလည်း သူပြောသည်။
“ဈေးကွက်သစ်တခုဟာ အလားတူ စက်ဝန်းကို ဖြတ်သန်းနေတာကို တွေ့ရတာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပါတယ်” ဟုလည်း သူက ပြောသည်။ ဖိလစ်ပိုင်က အတွေ့အကြုံသည် အခြားဖွံ့ဖြိုးစ ဈေးကွက်သစ်များတွင်လည်း ကောင်းစွာ အလုပ်ဖြစ်နိုင်မည်ဟု သူက ပြောသည်။
“အဲဒီလို အသိအမြင်မျိုးကို အရှေ့တောင်အာရှထဲမှာ လွှဲပြောင်းပေးရတာဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေဆီ လွှဲပြောင်းပေးရတာထက် ကျနော်တို့အတွက် အများကြီး ပိုမိုလွယ်ကူပါတယ်” ဟုလည်း သူက ပြောသည်။
အခြား ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် Ayala ၏ ပင်ကိုယ် ဗီဇတွင် ရှိပြီးဖြစ်ကြောင်းနှင့် ထိုသို့လုပ်ကိုင်သော နည်းလမ်းကို ဒေသတွင်းသို့ ကူးပြောင်းပေးခြင်း ဖြစ်ကြောင်းလည်း သူက အလေးထားပြောသည်။
ရိုးမသည် Ayala ကဲ့သို့ပင် အိမ်ခြံမြေ၊ မော်တော်ယာဉ်နှင့် ဆက်သွယ်ရေးအထိ လုပ်ငန်းစုံလုပ်ကိုင်သည်။ သတင်းစာရှင်းလင်းပွဲတွင် ဇိုဗယ်နှင့်အတူရှိနေသော ရိုးမဥက္ကဋ္ဌ ဆာ့ဂျ်ပန်းကလည်း ၎င်းတို့အုပ်စုနှစ်ခုသည် ပြန်လည် ပြည့်ဝမြဲ စွမ်းအင် လုပ်ငန်းတခု စတင်ထူထောင်ပြီးဖြစ်ကြောင်း ပြောသည်။
“တခြားလုပ်ငန်းတွေလာဖို့ ရှိပါသေးတယ်။ အလားအလာတွေ အများကြီးရှိတယ်” ဟု သူက ပြောသည်။
ရိုးမနှင့် Ayala ကဲ့သို့သော ကြီးမားသည့် မိသားစု လုပ်ငန်းကြီးများ ပူးပေါင်းဆောင်ရွက်မှု နည်းရသည့် အကြောင်းရင်းများအနက်တခုမှာ ငွေရင်းပူးပေါင်းဆောင်ရွက်မှု ခက်ခဲခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မိသားစု ထိန်းချုပ်မှုကို လက်လွှတ်သွားနိုင်သောကြောင့် အကောင်အထည်ပေါ်လာရန် အထူးခက်ခဲသည်။
သို့သော် ယခု ပူးပေါင်းဆောင်ရွက်မှုကို ဖွဲ့စည်းရာတွင် “ဓာတ်တူခြင်း”သည် အရေးကြီးကြောင်း ဆာ့ချ်ပန်းက ပြောသည်။
“ခေါင်းဆောင်တွေကြား ကောင်းမွန်တဲ့ ဓာတ်တူမှုက အထူးအရေးကြီးတယ်။ ကျနော်တို့ စီးပွားရေးအတူလုပ်ဖို့ မစဉ်းစားခင် ဟိုးအရင်ကတည်းက ဒီလို ကျနော်တို့မှာ ရှိနေတာ ကံကောင်းတယ်” ဟုလည်း ပန်းက ပြောသည်။ “ဒါဟာ ကျနော့်အတွက် အရမ်းကို ထူးခြားပြီး ကံကြမ္မာကပေးတဲ့ အခွင့်အလမ်းပါ” ဟုလည်း သူက ပြောသည်။
ဆာ့ချ်ပန်း၏ သားနှင့် ရိုးမအုပ်စု၏ အဓိက လုပ်ငန်းဖြစ်သည့် Yoma Strategic Holdings ၏ အမှုဆောင်အရာရှိချုပ် မယ်လ်ဗင်ပန်းနှင့် သီးခြားတွေ့ဆုံ မေးမြန်းခန်းတခုတွင် အသက် ၆၆ နှစ်ရှိပြီဖြစ်သော သူ၏ ဖခင်နှင့် အသက် ၆၀ အရွယ် Ayala ဥက္ကဋ္ဌတို့သည် မိတ်ဆွေများဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း Nikkei Asian Review သို့ ပြောသည်။ ထိုလုပ်ငန်းနှစ်ခုတွင် ဂျပန်ကုန်သွယ်ရေးလုပ်ငန်း Mitsubishi Corp ကဲ့သို့ တူညီသော စီးပွားဖက်များလည်းရှိကြောင်း သူက ပြောသည်။
“မိသားစု ဆက်ဆံရေးက နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပြီးသား၊ ရှိပြီးသား” ဟု မယ်လ်ဗင်ပန်း ပြောသည်။
ထို့ကြောင့် Ayala ၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံခြင်းသည် ခက်ခဲသော ကိစ္စမဟုတ်ကြောင်း သူက ပြောသည်။ သူ၏ မိသားစုသည် ယုံကြည်ရသော လုပ်ဖော်ကိုင်ဖက်များရှိရေးကို အမြဲအလေးထားကြောင်းလည်း သူက ဆက်ပြောသည်။
ထိုသဘောတူညီချက်အရ Ayala သည် စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် Yoma Strategic Holdings ၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရယူမည် ဖြစ်ပြီး ရှယ်ယာ ၂၇ ရာခိုင်နှုန်း ချုပ်ကိုင်ထားသော ဆာ့ချ်ပန်းမိသားစုပြီးလျှင် ထိုလုပ်ငန်းတွင် ရှယ်ယာ ဒုတိယ အများဆုံး ပိုင်ဆိုင်မည်ဖြစ်သည်။
“၂၀ ရာခိုင်နှုန်းဆိုတာ အရေးပါပြီး ကောင်းမွန်တဲ့ ကိန်းဂဏန်း ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဒီပမာဏကြောင့် Ayala အနေနဲ့ ကျနော်တို့ကို ကူညီဖို့ ကောင်းကောင်း ပါဝင်ပတ်သက်လာနိုင်တယ်” ဟုလည်း မယ်လ်ဗင်ပန်းက ပြောသည်။
Ayala အနေဖြင့် သီးခြားစီမံကိန်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ သို့သော် ကုမ္ပဏီ အုပ်စုအဆင့်တွင် ဆာ့ချ်ပန်းမိသားစုသည် ရှယ်ယာအများဆုံး ချုပ်ကိုင်ထားခြင်း ဖြစ်ကြောင်းနှင့် ရိုးမသည် မိသားစုလုပ်ငန်းသာ ဖြစ်နေမည်ဟု သူက ပြောသည်။
“ဒါက သဘောတူထားတဲ့ အတိုင်းပါပဲ” ဟု သူက ပြောသည်။
ဖိလစ်ပိုင်လုပ်ငန်းစု Ayala Corp နှင့် ငွေရင်းဆက်ဆံမှု ထူထောင်ကြောင်း ကြေညာပြီးနောက် Yoma Strategic Holdings ၏ စင်ကာပူရှိ ရှယ်ယာများသည် ကြာသပတေးနေ့က ၁၄ ရာခိုင်နှုန်း တက်သွားခဲ့သည်။
ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်စတော့အိတ်ချိန်းမှ FMI ရှယ်ယာများလည်း ၅၀၀ ကျပ် ဈေးတက်ပြီး ၁၁၅၀၀ ကျပ် ဈေးပေါက်ခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ထိုရှယ်ယာများကို ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်အတွင်း ရောင်းဝယ်နေသည်။
ကိုးကား ။ ။ Nikkei Asian Review
မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း
မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံ ရောက်ဖို့ မျှော်မှန်း
လုပ်အားခ သက်သာသည့် မြန်မာနိုင်ငံကို ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စားနေ