စီးပွားရေး

လာမည့်နှစ် ရန်ကုန်မြို့လယ်တွင် စမတ်ယာဉ်ရပ်နားမှုစနစ် စမည်

ရန်ကုန်မြို့တွင်း DownTown ၆ မြို့နယ်တွင် စမတ်ယာဉ် ရပ်နားမှု စနစ်များကို လာမည့်နှစ်အတွင်း စတင်ကျင့်သုံး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ သိရသည်။

စမတ်ယာဉ် ရပ်နားမှု စနစ်ဆိုသည်မှာ အလိုအလျောက် ယာဉ်ရပ်နားခ ကောက်ခံသော နည်းပညာဖြင့် ပြုလုပ်မည့် ကားပါကင်ကို ဆိုလိုခြင်း ဖြစ်ပြီး၊ ထိုစနစ်ကို မန္တလေးတိုင်းဒေသကြီးတွင် အကောင် အထည် ဖော်ထားပြီး ဖြစ်သည်ဟု သိရသည်။

ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက “ကားပါကင် တင်ဒါ ခေါ်ရင်လည်း ပွင့်လင်းမြင်သာတဲ့ တင်ဒါကို ခေါ်သွားပါ့မယ်။ ကျနော်တို့ လုပ်ချင်တဲ့ လူနဲ့ ဆိုတာထက် လုပ်သင့်လုပ်ထိုက်တဲ့သူ လုပ်နိုင်တဲ့သူတွေနဲ့ သွားဖို့ အစီအစဉ် ရှိပါတယ်။ စမတ် ကားပါကင်ကို ကျနော်တို့ ကုမ္ပဏီ တင်ဒါ ၆ ခု တင်ထားပါတယ်”ဟု YCDC ကော်မတီတွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ် သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

အဆိုပါစနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တွင် စတင် မိတ်ဆက်သွားမည် ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံး ပတ်မှ စတင်၍ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။

ထိုတင်ဒါ ခေါ်ယူမှုတွင် ကုမ္ပဏီ ၂၀ ခန့် ယှဉ်ပြိုင်ခဲ့သည့် အနက် လက်ရှိတွင် ၆ ခု ရွေးချယ်ထားပြီး ယင်းကုမ္ပဏီများကို မကြာမီ တင်ဒါခေါ်၍ ထပ်မံ စိစစ်ပြီး ကုမ္ပဏီ ၁ ခုကို ရွေးချယ်မည်ဖြစ်ကြောင်း၊ ကားပါကင်များကို လမ်းမများပေါ်တွင် လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

YCDC အင်ဂျင်နီယာ (လမ်းနှင့်တံတား) ဌာနမှ ဒုဌာနမှူး ဦးလင်းခိုင်က “အကောင်အထည် ဖော်မယ့်နေရာက လောလောဆယ် DownTown ၆ မြို့နယ် ဖြစ်တယ်။ အခုက EOI ခေါ်တဲ့အဆင့်ကို ကျော်လွန်ပြီးတော့ တင်ဒါတင်တဲ့ အဆင့်ရောက်နေပြီ ကုမ္ပဏီ ၆ ခုတင်ထားတယ်။ နောက်ဆုံးအနေနဲ့ ၂၉ ရက်မှာ တင်ဒါခေါ်နိုင်ဖို့ ဆောင်ရွက်နေတယ်။ စမတ်ကားပါကင်ဖြစ်တဲ့အတွက် ကျနော်တို့ နည်းပညာ အသုံးပြုပြီး သွားမှာဖြစ်တယ်။ ရှေ့နှစ်ထဲမှာ ကားပါကင် ပြီး သွားပါမယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့အနေနဲ့ ကားပါကင်ကြေးဆိုတာတော့ ၃ မျိုး ခွဲခြား ပေးထားတယ်။ အနီရောင်ရယ်၊ အစိမ်းရောင်ရယ်၊ အဝါရောင်ရယ် ဖြစ်တယ်။ ၁ နာရီကို ၅၀၀ ကျပ်၊ ၃၀၀ ကျပ်နဲ့ ၂၀၀ ကျပ် သတ်မှတ်ဖို့ စီစဉ်ထားတယ်”ဟု ရှင်းပြသည်။

မြို့တွင်းကားအများစုမှာ တိုက်ခန်းနေထိုင်သူများ၏ ကားများ၊ ကုမ္ပဏီများ၊ ဆိုင်များမှ ရပ်နားသည့် ကားများ ရှိနေ ခြင်းကြောင့် ထိုသူများကိုပါ ယခုကဲ့သို့ နာရီနှင့်အခကြေးငွေ ကောက်ခံလျှင် ဝေဖန်မှုများ ရှိလာနိုင်ကြောင်း ယာဉ်မောင်း များက ပြောဆိုကြသည်။

အငှားယာဉ်မောင်း ၁ ဦး ဖြစ်သူ ကိုကျော်သူက “လမ်းဘေးမှာပဲ အချိန်နဲ့ ကားပါကင်ကြေး ကောက်ပြီး လုပ်မယ်ဆိုရင် သိပ်တော့ အဆင်မပြေဘူး ထင်တယ်။ သူတို့ ဘယ်လိုလုပ်မလည်းတော့ မသိဘူးပေါ့နော်။ အဆင်မပြေတာက အခုကလည်း လမ်းဘေးမှာ နားလည်မှုနဲ့ ပိုက်ဆံပေးပြီး လုပ်တာလေးတွေရှိတယ်။ တရားဝင်တော့ မဟုတ်ဘူး။ ကားထိုးမယ်ဆိုရင် ရှိတဲ့သူက ကားလေး တားပေးတယ်။ နောက်ကားထိုးပေးဖို့ လုပ်ပေးတယ်။ ကျပ် နှစ်ရာ၊ သုံးရာလောက် လက်ဖက်ရည်ဖိုး ပေးလိုက်တယ်။ ဒါက ကားထားခဲ့လို့လည်းရတယ်။ ထွက်ချင်တဲ့ အချိန်မှထွက်ပေါ့။ အခု ဒီလိုမျိုး နာရီနဲ့ဆိုရင် အကြာကြီး ထားတဲ့သူအတွက် အဆင်မပြေဘူး”ဟု ဧရာဝတီသို့ ပြောသည်။

တရားမဝင် ယာဉ်ရပ်နားခြင်း၊ ကန့်သတ်ယာဉ် ရပ်နားဇုန်များနှင့် ပတ်သက်၍ မြို့တော်နေ ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ တိုင်ကြားချက်များတွင် အဓိက ဖြစ်ပွားနေမှု ၁ ခုမှာ ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရက ခေတ်မီယာဉ်ရပ်နားစနစ်တခု အကောင်အထည်ဖော်မည့် အစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ကြေညာခဲ့သည်။

ယင်းအပြင် ရန်ကုန်ယာဉ်ကြောစနစ်နှင့် ယာဉ်ရပ်နားမှု ပြဿနာများကို ကိုင်တွယ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက မေးခွန်း မေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ယာဉ်ရပ်နားရာနေရာများ ထားရှိနိုင်ရေးအတွက် လမ်းများချဲ့ခဲ့ကြောင်း၊ စမတ်ယာဉ်ရပ်နားမှု စနစ်ကိုလည်း စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားထားသည်။

မူဝါဒသစ်အရ အဆောက်အဦသစ်များ အနေဖြင့် ယာဉ်ရပ်နားရန် လုံလောက်သည့်နေရာ လိုအပ်မည်ဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍမြှင့်တင်ခြင်းဖြင့် ပုဂ္ဂလိက မော်တော်ယာဉ်စင်းရေ လျှော့ချရေး ရေရှည်စီမံချက် အစိုးရတွင် ရှိကြောင်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်- 

စမတ် ကားပါကင်စီမံကိန်းအတွက် ကုမ္ပဏီများကို ရန်ကုန်စည်ပင် ဖိတ်ခေါ်

အတုယူသင့်သော ဂျာကာတာ အများပြည်သူ သယ်ယူပို့ဆောင်ရေး

ကိုယ်ပိုင်ကား အသုံးပြုမှု လျော့ချ၍ ရန်ကုန် ယာဉ်ကြောကျပ်မှု ဖြေရှင်းနိုင် ဟုဆို

Loading