ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးသော နိုင်ငံ ၈ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံသား အဖြစ် ခံယူထားသော မြန်မာနိုင်ငံသားဟောင်း များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ ဆိုက်ရောက်ဗီဇာ (Visa on Arrival)ဖြင့် ဝင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံ ၈ နိုင်ငံမှာ ပြီးခဲ့သည့် အောက်တိုဘာလမှ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးခဲ့သော သြစတြေးလျ၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ရုရှား နှင့် ဂျာမနီ နိုင်ငံများ အပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့ ဖြစ်သည်။
ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုထားခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် ဗီဇာ ကြိုတင်လျှောက် ထားရန် မလိုဘဲ မြန်မာနိုင်ငံ လေဆိပ်ရောက်မှသာ ဗီဇာ လျှောက်ထားနိုင်ပြီး ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀ နှင့် ရက်ပေါင်း ၃၀ လည်ပတ် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။
ယခင်က ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားမှုမှာ အဆိုပါနိုင်ငံများတွင် နိုင်ငံသား အဖြစ် ခံယူထားသော မြန်မာနိုင်ငံသားများ ပါဝင်ခြင်း မရှိဘဲ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများတွင် လူမှုရေးဗီဇာ (Social Visit Visa)ကိုသာ လျှောက်ထား ရသည်။
မြန်မာနိုင်ငံသားဟောင်းများ အနေဖြင့်လည်း အခြားနိုင်ငံသားများနှင့် တန်းတူ အခွင့်အရေး ရသင့်သည့် ကိစ္စဖြစ် ခြင်း ကြောင့် ကြိုဆိုရမည့် ကိစ္စ ဖြစ်သော်လည်း အများစု နေထိုင်ကြသော အမေရိကန်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယားနှင့် မကာအို၊ ထိုင်ဝမ်(တိုင်ပေ)တို့ မပါဝင်သေးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်း က ဧရာဝတီသို့ ပြောသည်။
၎င်းက “မကာအို ဆိုရင် တော်တော်များများဗျ။ ဒီလိုနိုင်ငံတွေက မြန်မာနိုင်ငံသားတွေ အတွက်ကရော ဘယ်လိုလဲဆို တာတော့ မသဲကွဲသေးတဲ့ အနေအထား ဖြစ်နေတယ်” ဟု ပြောဆိုသည်။
ယခု ဆိုက်ရောက်ဗီဇာ ဖြင့် ဝင်ရောက်ခွင့်ရရှိမည့် နိုင်ငံများမှ မြန်မာနိုင်ငံသားဟောင်းများသည် သက်ဆိုင်ရာ ကမ္ဘာ့လှည့် နိုင်ငံခြားခရီးသည်များကဲ့သို့ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချ က်အတိုင်း လိုက်နာရမည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ တကယ်တော့ မြန်မာနိုင်ငံသားအဟောင်း အသစ် ဆိုတာမျိုးကို သူများနိုင်ငံတွေမှာတော့ ခွဲခြားထားလေ့မရှိဘူး။ သူတို့ နိုင်ငံသား ခံယူထားရင် သူ့နိုင်ငံသားပဲပေါ့။ သူတို့ နိုင်ငံတနိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုလိုက်ပြီဆိုရင် ဒီနိုင်ငံသား ခံယူထားတဲ့ ဘယ်သူပဲ ဖြစ်ဖြစ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက သူများနိုင်ငံတွေလည်း အဲဒီလိုပဲ လုပ်ကြတယ်။ ကျနော်တို့ နိုင်ငံကျတော့ မြန်မာနိုင်ငံသားဟောင်းတွေက မရဘူး ဆိုတာမျိုးက မဖြစ်သင့်ဘူး ” ဟု ချက်နိုင်ငံ၏ ခရီးလက်မှတ် အထောက်အထား ကိုင်ဆောင်ထားသည့် နိုင်ငံရေးအကျဉ်းသားအဟောင်း များ ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။
ယခုလို ခွင့်ပြုပေးလိုက်ခြင်းသည် မဖြစ်သင့်သည့် ကိစ္စရပ်ကို ပြုပြင် ပြောင်းလဲလိုက်သည့်အတွက် ကြိုဆိုရမည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့လှည့် ခရီးသွားများ ပိုမို ဝင်ရောက်လာစေရန် အတွက် ယခု ဥရောပ ၆ နိုင်ငံကို ဆိုက်ရောက် ဗီဇာ ခွင့်ပြုပေးထားပြီး အပြင် အာရှနိုင်ငံများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအို ခရီးသွားများ အတွက် ဗီဇာကင်းလွတ်ခွင့်နှင့် လေကြောင်းမှ လာရောက်သော တရုတ်နိုင်ငံသား ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားသည်။
အဆိုပါ နိုင်ငံများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားသော်လည်း မြန်မာနိုင်ငံသားဟောင်းများ အတွက်မူ ယခု ၈ နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့သူများ အပါအဝင် အခြားအကြောင်း အမျိုးမျိုးကြောင့် တတိယနိုင်ငံများတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံကာ နိုင်ငံသား ခံယူခဲ့ကြရပြီး ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြည်တော်ပြန် ဝင်လာသူ အချို့ရှိကြသည်။
အမေရိကန်ပြည်ထောင်စု၊ နော်ဝေး နှင့် ချက်ပြည်သူ့ သမ္မတ နိုင်ငံများသည် မြန်မာနိုင်ငံသားဟောင်းများ တတိယနိုင်ငံ သားအဖြစ် အများဆုံး ခံယူထားကြကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်းထံမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဆိုက်ရောက်ဗီဇာ ကင်းလွှတ်ခွင့် ပြည်ပနိုင်ငံသားခံယူထားသည့် မြန်မာများမပါ
အာရှနိုင်ငံများ ဗီဇာ ကင်းလွတ်ခွင့်နှင့် ဆိုက်ရောက် ဗီဇာ စမ်းသပ်ခွင့်ပြု သက်တမ်းတိုး
ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား