မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က ခွင့်ပြုပေးတော့မည်ဖြစ်သည်။
ယင်းသို့ ခွင့်ပြုခြင်းသည် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိနိုင်ငံသို့ ငွေပြန်လွှဲရာတွင် အသုံးပြုနေရသည့် လုံခြုံစိတ်ချမှု မရှိသော တရားမဝင် ငွေလွှဲလုပ်ငန်းများ (ခေါ်) ဟွန်ဒီမှတဆင့် ငွေပြန်လွှဲခြင်းကို လျှော့ချစေရန် ဗဟိုဘဏ်က ရည်ရွယ်ခြင်းဖြစ်သည်။
ပြည်ပငေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူများသည် သက်ဆိုင်ရာနိုင်ငံများတွင် ကိုယ်စားလှယ်များ ထားရှိခြင်း၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ရုံးခွဲများ ဖွင့်လှစ်ခြင်း ၊ အိုင်တီနည်းပညာကို အသုံးပြု၍လည်းကောင်း ဆောင်ရွက်မည့် ပုံစံအလိုက် လိုင်စင်လျှောက်ထားရာတွင် ဖော်ပြရမည်ဖြစ်သည်။
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် သက်တမ်းကို သုံးနှစ်သတ်မှတ်ထားပြီး အာမခံငွေကြေးအနေဖြင့် ကျပ် သိန်း ၁၀၀၀ ပေးသွင်းရမည်ဖြစ်ကာ ကနဦးလိုင်စင်အတွက် ကျပ် ၁၀ သိန်း (ကျပ် ၁ သန်း) နှင့် နှစ်စဉ်ကြေးအနေဖြင့် ကျပ် တသိန်းပေးသွင်းရမည်ဖြစ်သည်။
“အခု ဗဟိုဘဏ်က ခွင့်ပြုမယ့် ပြည်ပငွေလွှဲလုပ်ငန်းက ငွေလွှဲငွေထုတ်တွေကို ဗဟိုဘဏ်က တရားဝင်ခွင့်ပြုပေးထားတဲ့ မိုဘိုင်းတွေ မိုဘိုင်း wallet တွေ pay တွေ အကုန်လုံးနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်မှာပါ” ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတဦး က ဧရာဝတီသို့ ပြောသည်။
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီများအားလုံး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအချိန်တွင် ပြည်ပမှ မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် တရားဝင်နည်းလမ်းများ ရှိသော်လည်း တရားမဝင်လုပ်ငန်း (ဟွန်ဒီ)များကို အသုံးပြုနေရခြင်းများသည် ဟွန်ဒီများသည် တရားဝင်နည်းလမ်းများထက် ပိုမိုလွယ်ကူနေခြင်းကြောင့် ဖြစ်ကြောင်း မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ Senior Policy Coordinator ဒေါ်ငုဝါဝင်းက ဆိုသည်။
၎င်းက “ကျမတို့ သုတေသန သွားလုပ်တုန်းကဆိုရင် ဟွန်ဒီတွေက ဖုန်းတချက်ဆက်လိုက်ရုံနဲ့ ဟိုဘက်မှာ အိမ်အထိ သွားပေးတာမျိုးတွေအထိ ရှိတယ်။ ကျမတို့ တရားဝင်လမ်းကြောင်းတွေကို ခွင့်ပြုပေးတဲ့အခါကျရင်လည်း လွယ်လာ အောင် လုပ်ပေးနိုင်မှ လူတွေက သုံးကြမှာပေါ့” ဟု ပြောဆိုသည်။
ယင်းသို့ ပြည်ပငွေလွှဲလုပ်ငန်းများမှ တဆင့် ငွေလွှဲလာနိုင်ပါက အလုပ်သမားများအတွက်လည်း လွယ်လွယ်ကူကူနဲ့ စိတ်ချယုံကြည်စွာ ငွေလွှဲနိုင်မည့်အပြင် နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်အတွက်လည်း များစွာ အထောက်အကူရှိလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားသည် မိမိတို့ရရှိသော လစာငွေများကို မိသားစုထံသို့ ပြန်လည်ငွေလွှဲရာတွင် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ပြီး ငွေလွှဲမှုများ ရှိသော်လည်း အများစုမှာ တရားမဝင် ငွေလွှဲလုပ်ငန်း (ဟွန်ဒီ)များကိုသာ အသုံးပြုပြီး ပေးပို့လျက်ရှိကြသည်။
တရားမဝင် ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)ကို ရွှေ့ပြောင်းလုပ်သားများမှ ငွေလွှဲခြင်းအပြင် ငွေကြေးပမာဏများပြားသော နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများတွင်လည်း အသုံးပြုလျက်ရှိကြသည်။
ယင်းသို့ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုများတွင် တရားမဝင်ငွေလွှဲခြင်းကြောင့် တရုတ်နိုင်ငံဘက်က တရုတ်ဘဏ်များရှိ မြန်မာကုန်သည်များနှင့် တရုတ်ကုန်သည်များ၏ ဘဏ်အကောင့်များကို တရားမဝင် လောင်းကစား ကိစ္စရပ်များဟူ၍ စွပ်စွဲကာ မကြာခဏ အကောင့်ပိတ်သိမ်းလျက်ရှိသည်။
“ တရားမဝင်လုပ်တဲ့ သူတွေက တရားဝင်မလုပ်ချင်လို့ကို ဒီလိုလမ်းကြောင်းတွေသုံးပြီး လုပ်နေကြတာ။ အဲ့ဒီလိုဟာတွေကို တရားဝင်လမ်းကြောင်းထဲ ရောက်လာအောင် မက်လုံးပေးပြီး စွဲဆောင်ဖို့ လိုတယ်” ဟု ဘဏ်လုပ်ငန်းပညာရှင် ဦးသန်းလွင်က ပြောသည်။
နိုင်ငံတကာတွင်လည်း တရားမဝင်ငွေလွှဲသည့် လမ်းကြောင်းများသည် အနည်းနှင့်အများ ဆက်လက်ရှိနေကြပြီး ယခုလို ခွင့်ပြုပေးမည့် အစီအစဉ်သည် တရားမဝင် ငွေလွှဲသည့်ကိစ္စများကို ပိုမိုကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြည်ပငွေလွှဲလုပ်ငန်းများသည် ငွေလွှဲလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်တွင်းကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ပြီး ငွေလွှဲနိုင်သည့် ပမာဏသည် တကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ညီမျှသော ပမာဏကိုသာ လွှဲ ပြောင်းခွင့်ရှိမည်ဖြစ်ကာ ပုဂ္ဂိုလ်တဦးအတွက် ငွေလွှဲလက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှု ပြုနိုင်သည့် ပမာဏသည် တလလျှင် ကန် ဒေါ်လာ ၅၀၀၀ နှင့် ညီမျှသော ပမာဏထက် မပိုရဟု ကန့်သတ်ထားသည်။
မြန်မာနိုင်ငံမှ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် နိုင်ငံ အစရှိသည့် ပြည်ပနိုင်ငံများသို့ တရားဝင် နှင့် တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားဦးရေမှာ ၅ သန်းကျော်အထိရှိကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF ထံမှ သိရသည်။
ထိုင်းနိုင်ငံတခုထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေပေါင်း ၄ သန်းကျော်အထိရှိပြီး ယင်းလုပ်သားဦးရေ ထဲတွင် MoU စနစ်ဖြင့် တရားဝင်စေလွှတ်သည့် လုပ်သားဦးရေမှာ ၅ သိန်းကျော်သာ ရှိသည်။
ဆက်စပ်ဖတ်ရှုရန် –
နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်
ဖိနှိပ်ကန့်သတ်မှုများ မလုပ်ရန် မြန်မာလုပ်သားများ ထိုင်းအစိုးရထံ တောင်းဆို
မူဆယ်မြို့က မူးယစ်ဆေးသားကောင်များ