ရန်ကုန်မြို့တွင်းနှင့် စက်မှုဇုန်မြို့နယ်များတွင် စားသောက်ဆိုင်၊ ကော်ဖီဆိုင် အစရှိသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် နိုင်ငံခြားသားများက မြေငှားရမ်းမှုများမှာ လတ်တလောတွင် မြင့်တက်နေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်က “ပြည်ပ အငှားက ဂျပန်တို့ ကိုရီးယားတို့က စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ လာဖွင့်ကြတာများတယ်။ ကွန်ဒိုဥပဒေက နိုင်ငံခြားသား မြေပိုင်ဆိုင်မှုမှာ နည်းနည်း အငြင်းပွားစရာလေးရှိတော့ အခုက နှစ်ရှည်အငှားပုံစံနဲ့ ငှားကြတယ်။ နှစ် ၂၀၊ ၃၀ နဲ့ ငှားကြတယ်။ ရန်ကုန်မြို့တွင်း တဝိုက်အပြင် ၈ မိုင် ဘက်တွေလည်း လာကြ ဖွင့်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ အစရှိသည့် နိုင်ငံခြားသား အများစုက မြို့တွင်း မြို့နယ် အပြင် စက်မှုဇုန် နေရာများ တွင် ဆိုင်ခန်းများ ဖွင့်လှစ်ရန် အတွက် ငှားရမ်းမှုများ ရှိနေပြီး ဈေးနှုန်းများမှာ နေရာအလိုက် ကွာခြားမှု ရှိကြောင်း ၎င်းက ပြောသည်။
“ဈေးနှုန်းကတော့ ပြောရခက်တယ်။ အခု ဝေဇယန္တာလမ်းပေါ်မှာဆိုရင် ပေ ၄၀၊ ပေ ၆၀ လုံးချင်း အိမ်အပါ ၁ ကွက်ဆိုလျှင် ၁ လ ကျပ်သိန်း ၄၀ ကနေ ၄၅ သိန်းလောက်နဲ့ အငှားဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ အစိုးရ၏ ပေါ်လစီကြောင့်လည်း အိမ်ခြံမြေ ဈေးကွက်သည် ယခင်ကဲ့သို့ ရုတ်တရက် ဈေးတက်ခြင်း၊ ကျခြင်း ကဲ့သို့သော ဈေးကွက် ပုံစံမျိုး ဖြစ်ရန် အကြောင်း မရှိန်ိုင်ကြောင်း၊ ပရောဂျက်များ ရှိသည့်နေရာများတွင်သာ ဈေးအနည်းငယ် လူပ်ခတ်နိုင်ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင် (ခ) ဦးကြည်လင်က ပြောသည်။
“နိုင်ငံခြား ငှားတဲ့အထဲမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားက အငှားများတယ်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ရော နေဖို့ရော ငှားကြတယ်။ နိုင်ငံခြားသားတွေက အမျိုးမျိုးလာကြတယ်။ ဥပမာ သီလဝါမှာ လုပ်တဲ့ ဂျပန်တွေကျတော့လည်း အဲဒီ အနီးတဝိုက် ငှားနေတယ်ပေါ့။ အခုက ရင်းနှီးမြှုပ်နှံမှုတွေက အရမ်းဝင်နေတော့ စက်မှုဇုန်တွေမှာလည်း ငှားကြတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၉-၂၀၂၀ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းအရ အိမ်ခြံမြေ၊ တိုက်ခန်းများ ကျပ်သိန်း ၁ ထောင် အောက်ဝယ်ယူလျှင် အခွန် ၃ ရာခိုင်နှုန်း အထိ အစိုးရမှ လျှော့ချ သတ်မှတ်လိုက်သည်။
ထို့ကြောင့် ပြည်တွင်း၌ ကျဆင်းနေသော အိမ်ခြံမြေ လုပ်ငန်းများမှာ ၇၀ ရာခိုင်နှုန်းခန့် ပြန်ကောင်းလာနိုင်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေလုပ်ငန်းရှင်များက မျှော်လင့်ထားသော်လည်း အမှန်တကယ်တွင် ၂၅ ရာခိုင်နှုန်းခန့်သာ ဈေးကွက်ကို အကျိုးသက်ရောက်မှု ရှိခဲ့သည်ဟု သိရသည်။
ယင်း သတ်မှတ်လိုက်သည့် အခွန်သက်သာခွင့် နှုန်းထားများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိသာ အကျိုးသက်ရောက်မည်လည်း ဖြစ်သည်။
ဦးဋ္ဌေးမြင့်က “ထင်သလောက် မဖြစ်လာဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲကလည်း ပြန်နီးလာတာ ပါသ လို ရခိုင်ကိစ္စတွေကြောင့် စောင့်ကြည့်တဲ့ သဘောမျိုး ဖြစ်သွားတယ်။ တကယ်တမ်းကျတော့ အရောင်းအဝယ်က ၂၅ ရာခိုင်နှုန်းလောက်ပဲ ဖြစ်တယ်။ တချို့ ကျပ်သောင်းဂဏန်း၊ ထောင်ဂဏန်းဈေးတွေ ရှိတဲ့ ပါရမီလမ်းမပေါ်၊ ၈ မိုင်၊ မရမ်းကုန်း၊ ပြည်လမ်းတို့ဖက်မှာတော့ အရောင်းအဝယ်ဖြစ်တယ်။ အဓိက စီးပွားရေး လုပ်ကိုင်ရ ကောင်းတဲ့ နေရာတွေ ပေါ့”ဟု ရှင်းပြသည်။
လက်ရှိ အစိုးရ၏ ပေါ်လစီအရလည်း မြေကွက်များ ချရောင်းပေးခြင်း၊ မြို့ပြင်နေရာများတွင် စီမံကိန်းများ ဖော်ဆောင် နေခြင်းတို့ကြောင့် ဈေးနှုန်း အနိမ့်၊ အမြင့် ကွာဟမှုများမှာ လာမည့် နှစ်များတွင် လျော့နည်းလာနိုင်ကြောင်း ဦးဋ္ဌေးမြင့်က ဆိုသည်။
ဆက်လက်၍ ၎င်းက “နောက်ပြီး ဂျပန်ရဲ့ မြို့ပတ်ရထားစီမံကိန်း အကောင်အထည်က ပေါ်လာမည်ဆိုရင် သွားလာရ လွယ်ကူသွားမယ်။ ဒါဆိုရင် ရထားဘူတာရုံနဲ့ နီးတဲ့ အင်းစိန်၊ မင်္ဂလာဒုံ စတဲ့ နေရာတွေက ဈေးကောင်းလာနိုင်တယ်။ အခုကတော့ ပြောရရင် သင့်တင့်မျှတတဲ့ ဈေးနှုန်းပေါ့နော်။ အခုချိန်မှာ ရင်းနှီးမြှုပ်နှံမှုက လုပ်လို့ မရဘူးလား ဆိုတော့ လုပ်လို့ရတယ်။ ဒါပေမယ့် အရင်ကလို ဈေးနှုန်းက ခုန်တက်မယ်၊ အဆတိုးမယ်ဆိုတဲ့ ဈေးကစားတဲ့ ပုံစံမျိုးတော့ လုပ်လို့ မရတော့ဘူး”ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ၂၀၁၅ ခုနှစ် အထိ မြန်မာ့ အိမ်ခြံမြေဈေးသည် တဟုန်ထိုး မြင့်တက်ခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများတွင် ဈေးနှုန်းများ အမြင့်ဆုံးသို့ပင် ရောက်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် မေလနောက်ပိုင်းတွင်မှ လက်ရှိအစိုးရ၏ အအောက်အဦ အထပ်မြင့် မူဝါဒ အပြောင်းအလဲကြောင့် ဈေးနှုန်းများ သိသိသာသာ ကျဆင်း၍ အဝယ်များ ရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၇၄ ဒသမ ၆၈၀ မီလီယံ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများ အရ သိရသည်။
You may also like these stories:
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး မျှော်မှန်းချက်မှ အရေးပါသော ၆ ချက်
ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင် ခွင့်ပြုမည်
ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ