ထိုင်းအခြေစိုက် မက်ခရို စူပါမားကက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်
ထိုင်းနိုင်ငံတွင် မက်ခရို(Makro) အမည်ဖြင့် စူပါမားကက်ကြီးများ ဖွင့်လှစ်ထားသည့် လက်လီ လက်ကား ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ စားသုံးသူ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရန် ရှိကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။
မက်ခရို(မြန်မာ)အုပ်စုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်က ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်း(UMFCCI) တွင် ဒေသတွင်းရှိ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သေးသည်။
ထိုင်းနိုင်ငံတဝှမ်း မီးဖိုချောင်သုံးပစ္စည်းနှင့် စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ဖြန့်ချိပေးနေသည့် မက်ခရိုကုမ္ပဏီသည် မြန်မာနိုင်ငံတွင် သူ၏ ပထမဆုံး စူပါမားကက် ဆိုင်ခွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်းမှတ်တိုင်အနီးတွင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လာမည့် နှစ် ပထမ ၃လ ပတ် ကာလအတွင်း ဖွင့်လှစ်နိုင်မည်ဟု သိရသည်။
မက်ခရိုကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ARO Commercial ကုမ္ပဏီအနေဖြင့် အရောင်းစင်တာ ဆိုင်ခွဲများ တည်ဆောက် ခြင်း၊ ရပ်ရွာဒေသတွင်းမှ လက်လီစီးပွားရေး လုပ်ငန်းများကို ထောက်ပံ့ကူညီပေးခြင်း၊ ပြည်တွင်း စားသုံးသူများ၏ လိုအပ် ချက်နှင့် ကိုက်ညီစေရန်အတွက် တစုတည်း ထုတ်လုပ်ထောက်ပံ့ခြင်း နှင့် စိုက်ပျိုးရေးထွက်ကုန်များ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် စိုက်ပျိုးရေး တောင်သူများနှင့်လည်း လက်တွဲ အလုပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ထုတ်ပြန် ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် လက်လီလက်ကားလုပ်ငန်းများကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ အပါအဝင် ပြည်တွင်းကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီ ပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများ စတင်ခွင့်ပြုပေး ခဲ့နောက်ပိုင်းတွင် ယင်းသို့ ကုမ္ပဏီများ ဝင်ရောက်လာခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိ တဦးက “ ဒီလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဝင်လာတာ စားသုံးသူတွေအတွက် ရွေးချယ်စရာတွေ များလာမယ်။ အရည်အေ သွးရှိတဲ့ ပစ္စည်းတွေ ရလာမယ်။ ဒီလိုလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အသေးစား အလတ်စား ကုမ္ပဏီတွေလည်း လိုက်ပြီး ဖွံ့ဖြိုးတိုးတက်လာ မယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမေရိကန်အခြေစိုက် 7 Eleven ကုမ္ပဏီအပါအဝင် Convenience စတိုးလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီများ လာရောက် စုံစမ်းမှုများရှိသော်လည်း ပြည်တွင်းလုပ်ငန်းများ ကာကွယ်ပေးရန်အတွက် ယင်းသို့ လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများ ကို ဖွင့်လှစ်ခွင့်မပြုသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် စူပါမားကတ်လုပ်ငန်း လုပ်ကိုင်ရန် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် မက်ခရိုကုမ္ပဏီနှင့် ဖက်စပ်ကုမ္ပဏီ အဖြစ် Pro 1 Global အမည်ဖြင့် ထိုင်း-မြန်မာ ပြည်တွင်းကုမ္ပဏီတခုကို ခွင့်ပြုထားကြောင်း၊ အလားတူ ဂျပန်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့၏ ဖက်စပ်လုပ်ကိုင်နေသည့် Aeon Orange တို့ကို ခွင့်ပြုပေးထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
“စားသုံးသူတွေဘက်က ကြည့်ရင်တော့ ပိုပြီး ရွေးချယ်စရာတွေ ကောင်းလာမယ်။ ဝန်ဆောင်မှုတွေ အပြိုင်အဆိုင် ဖြစ်လာ မယ့်အတွက် ဝန်ဆောင်မှု ကောင်းကောင်းတွေ ရလာမယ်ပေါ့။ လုပ်ငန်းရှင်တွေဘက်မှာတော့ ယှဉ်ပြိုင်ရမယ့် အနေအထား ရောက်လာမယ်။ အရင်ကလို ဈေးကွက်ကို တဦးတယောက်တစုထဲကပဲ ဦးဆောင်ပြီး လုပ်လို့မရတော့ဘူး” ဟု အမည် မဖော်လိုသူ လက်လီလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
အလားတူ ကုန်သည်/စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များကို တန်းတူအခွင့်အရေး ပေးထားသည်ဆိုသော် လည်း အစိုးရပိုင် မြေနေရာများကို နိုင်ငံခြားရင်းနှီး မြှုုပ်နှံ သူများသာ ဦးစားပေး ငှားရမ်းမှုများသည် မဖြစ်သင့်ကြောင်း ထောက်ပြသည်။
ထိုအပြင် “မက်ခရိုကတော့ လက်ကားစနစ်နဲ့ Supply Chain တခုလုံးကို လုပ်မယ့် ပုံစံလို့ ကြားတယ်။ ပြည်တွင်း လုပ်ငန်း ရှင်တွေ ကတော့ သူတို့နဲ့ ငွေကြေးအင်အား ရော အတွေ့အကြုံရော ဘယ်လိုမှတော့ ယှဉ်ဖို့ သိပ်မလွယ်ဘူး”ဟု ပြော သည်။
နိုင်ငံခြားသားကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း၌ လက်လီ၊ လက်ကား အရောင်းဆိုင်များ ဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ပါဝင်သည့် ဦးစားပေး ကုန်ပစ္စည်း ၂၄ မျိုးကိုသာ ရောင်းချရန် ဝန်ကြီးဌာနက သတ်မှတ်ထားသည်။
လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုချက်၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သော လုပ်ငန်းများသည် လက်လီလုပ်ငန်း လုပ်ကိုင်ပါက မြေငှားရမ်းခ မပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၃ သန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည် ဖြစ်ကြောင်း၊ လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမ ည့်အပြင် စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် စူပါမားကက် အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်လှစ် ခွင့်ပြုမည် မဟုတ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်
You may also like these stories:
သေဆုံး ဆောက်လုပ်ရေးလုပ်သားများအတွက် ထိုင်းကလျှော်ကြေးပေးမည်
မိခင်ကို သတ်ပြီး ခုတ်ထစ်ကာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ထိုင်းကျောင်းသား
ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှု မြန်မာအလုပ်သမား သုံးဦးသေဆုံး