စီးပွားရေး

တရားမဝင်ကုန်စည် ဝင်ရောက်မှု ရေကြောင်းရဲများ ဖွဲ့၍ဖမ်းဆီးရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

ပင်လယ်ရေကြောင်းမှ တရားမဝင် ဝင်ရောက်နေသော ကုန်စည်များကို တားဆီးရန် အတွက် ပင်လယ်ရေကြောင်းရဲများ ဖွဲ့စည်းပြီး ဆောင်ရွက်သွားရန် ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေက ပြောသည်။

နိုဝင်ဘာလ ၈ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သော  ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယသမ္မတနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ  ၃၁ ကြိမ်မြောက် အစည်းဝေး၌ ပြောခြင်း ဖြစ်သည်။

ဦးမြင့်ဆွေ က “ပင်လယ်ရေကြောင်းက ဝင်တာလည်း များတယ်။ အဲတော့ ပင်လယ်ရေကြောင်းရဲတို့ ဘာတို့ ကျနော်တို့ ဖွဲ့ဖို့ စီစဉ်တွေ ရှိတယ်။ ကျနော်တို့ သေသေချာချာထိထိ ရောက်ရောက် ဆောင်ရွက်ရမယ့် အပိုင်းဖြစ်ပါတယ်။ လေကြောင်းကတော့ ဝင်တာ ရှားတယ်။ ဒီကတော့ မူးယစ်ဆေးဝါးလို ဟာမျိုး ဖြစ်ပါတယ်။ ကျန်တဲ့ ကုန်သွယ်ရေးနဲ့ ဆိုင်တာတော့ သိပ်မရှိပါဘူး။ အထူးသဖြင့် နယ်စပ် ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင် ပြည်နယ်မှာတော့ အများကြီး တရားမဝင်ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး တားဆီးနိုင်တာ နည်းပါတယ်။ ဒါတွေလည်း တာဝန်ရှိပါတယ်” ဟု သည်။

ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပစ္စည်းများမှာ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်၊ အလှကုန်ပစ္စည်း များဖြစ်ပြီး ယင်းပစ္စည်းများမှာ သုံးစွဲသူများ၏ ကျန်းမာရေး ထိခိုက်စေခြင်း၊ နိုင်ငံအတွက်လည်း အခွန်ဘဏ္ဍာငွေများ မရရှိ စေခြင်း အပြင် ဈေးပေါပေါနှင့် ဝင်ရောက်ခြင်းတို့ကြောင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည့် အပြင် ပြည်ပမှ ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း အဟန့်အတားဖြစ်စေသည်။

လက်ရှိမြန်မာနိုင်ငံသည် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အညွှန်းကိန်းတွင် အဆင့် ၈၂ နေရာတွင် ရှိနေသည်။

တရားမဝင်ကုန်သွယ်မှုကို တားဆီးနိုင်မှသာလျှင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများက မြန်မာနိုင်ငံသို့ ပို၍ ဝင်ရောက်နိုင်မည် ဖြစ်ကြောင့် နယ်စပ်ဒေသများရှိ ကုန်သွယ်ရေးဇုန်များသို့လည်း ဒုသမ္မတကိုယ်တိုင် သွားရောက်၍ လမ်းညွှန်မှု ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒုသမ္မတက ပြောကြားသည်။

ဦးမြင့်ဆွေ က  “အခုတပတ်ထဲမှာ သွားတာတော့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နံှမှု ဖိုရမ် ဖြစ်တယ်။ အဲမှာလည်း နယ်စပ်ဂိတ် ရှိတော့ တရားမဝင် ကုန်စည်စီးဆင်းရေးကို တားဆီးပေးဖို့ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း  မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ဒီ ၂ ခုကို ကျနော်တို့ သေချာ သွားပြီးတော့ မှာကြားခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ တရားမဝင်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး သိပ်ပြီး မထိရောက်သေးလို့။ ဆုပေး၊ ဒဏ်ပေး စနစ်နဲ့ သွားရောက်ပြီးလုပ်ဖို့ ရှိပါတယ်”ဟု  ပြောသည်။

အဆိုပါ တရားမဝင်ကုန်စည် စီးဆင်းမှုကို ၂၀၁၆ ခုနှစ် ပိုင်းထဲက စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် တရားမဝင်ကုန်စည် စီးဆင်းမှုကို ပြည်တွင်း စီးပွားရေးလုပ်ငန်းလုပ်ငန်းများက ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် ဖမ်းဆီးဆောင်ရွက်ပေးရန် ပြီးခဲ့သည့် အစည်းဝေးများတွင်လည်း လုပ်ငန်းရှင်များက တင်ပြတောင်းဆိုခဲ့သည်။

ဒုသမ္မတက “ကျနော်တို့လည်း နယ်စပ်ဒေသနဲ့ ဆိုင်တဲ့ နေရာ ၉ ခုမှာ တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့တွေ ဖွဲ့ပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိရောက်ခဲ့လားဆိုတော့ ထိရောက်အောင်တော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ပါတယ်။ နယ်မြေအခြေအနေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့အတွက် ကျနော်တို့ ထိန်းချုပ်ဖို့ တဖက်ကလည်း ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် သတိထားပြီးဆောင်ရွက်နေတဲ့အခါ မထိန်းချုပ်နိုင်တဲ့ အနေအထားလေး ဖြစ်ပါတယ်”ဟု အခြေနေကို ရှင်းပြသည်။

ယင်းအပြင် တရားမဝင်ကုန်စည် ဖမ်းဆီးရာတွင် ပိုမိုထိရောက်စေရန်အတွက် ယခင်က ဖမ်းဆီးရရှိမှုမှ နိုင်ငံတော်က ၈၀ ရာ ခိုင်နှုန်း၊ သတင်းပေးသူကို ၂၀ ရာခိုင်နှုန်းနှင့် ဖမ်းဆီးပေးသည့်သူကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထား ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ နိုဝင်ဘာလကုန်အထိ ဖမ်းဆီးရမိတဲ့ အကြိမ်ပေါင်း ၁၀၆၅ ကြိမ်၊ တန်ဖိုးငွေ စုစုပေါင်း ၁၅ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က “တရားမဝင်ကုန်သွယ်မှုတွေက လုပ်နေတာ လူတိုင်းသိပါတယ်။ ကျနော်တို့ဆီလာတဲ့ နိုင်ငံခြားသားတိုင်းကလည်း ဒီကိစ္စကို ပြောပါတယ်။ ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ မယှဉ်နိုင်တဲ့ ကိစ္စ တော်တော်လေး ခက်တယ်” ဟု ပြောသည်။

ထို့ကြောင့် လုပ်ငန်းရှင်များ အားလုံးမျှတသော ယှဉ်ပြိုင်မှုရှိစေရန် စည်းမျဉ်း၊ စည်းကမ်းများကို ရေးဆွဲပြီး လုပ်ဆောင်သင့်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading