စီးပွားရေး

မြန်မာနှင့်ဆက်စပ်သောကြောင့် ဂျပန်ဘီယာ၏ အမေရိကန်တိုးချဲ့ရေး ခြိမ်းခြောက်ခံနေရ

Want create site? Find Free WordPress Themes and plugins.

ဂျပန်ဘီယာလုပ်ငန်းကြီး ဖြစ်သော ကီရင် Kirin သည် မြန်မာ့တပ်မတော်ပိုင် ကုမ္ပဏီနှင့် ဖက်စက်လုပ်ကိုင်နေသောကြောင့် အမေရိကန်ဘီယာဈေးကွက် တိုးချဲ့ရေးအစီအစဉ်မှာ လေဆန်ခရီးသဖွယ်ဖြစ်နေသည်။

ထိုဘီယာလုပ်ငန်းကြီးသည် သြစတြေးလျမှ လုပ်ငန်းတခုကတဆင့် ကော်လိုရာဒို အခြေစိုက် အမေရိကန်ပြည်ထောင်စုမှ အကြီးဆုံး အဖျော်ယမကာ လုပ်ငန်းတခုဖြစ်သည့် New Belgium Brewing ကို ဝယ်ယူရန် လုပ်ဆောင်နေသည်။

သို့သော် ထိုသို့ဝယ်ယူခြင်းကို New Belgium ၏ ရှယ်ယာရှင်အလုပ်သမား ၇၀၀ ခန့်က မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ စီမံခန့်ခွဲရေးအဖွဲ့က ရောင်းချမှုကို လုပ်ဆောင်ရန် ကတိပြုသော်လည်း ထိုအလုပ်သမားများသည် အထက်ပါအရောင်းအဝယ်ကို ဆန့်ကျင်သည့် လူ့အခွင့်အရေး အုပ်စုများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။

မြန်မာ့တပ်မတော်ပိုင် လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် ကီရင်အကြား အဆက်အစပ်ရှိသောကြောင့် ထိုသို့လုပ်လျှင် လူမှုတာဝန်သိသောလုပ်ငန်းအဖြစ် New Belgium ဂုဏ်သတင်းကောင်းကို ထိခိုက်မည်ဟု တက်ကြွလှုပ်ရှားသူများကပြောသည်။

MEHL ၏ ဝင်ငွေများကို စစ်တပ်ကရယူနေပြီး ရိုဟင်ဂျာ ဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုပြီး မြန်မာအများစုက ဘင်္ဂါလီဟု ခေါ်ဆိုသော ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်စလင်များကို ရက်စက်စွာခြေမှုန်းရန် ဖြစ်စေကြောင်း ကုလသမဂ္ဂ၏ သြဂုတ်လက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

MEHL နှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် ကီရင်သည် မြန်မာဘီယာကုမ္ပဏီနှင့် မန္တလေးဘီယာတို့ကို ပူးတွဲပိုင်ဆိုင်ပြီး မြန်မာဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။

၁၉၉၁ ခုနှစ်တွင် တည်ထောင်သော New Belgium သည် အမေရိကန်ပြည်ထောင်စု လွတ်လပ်သော Craft ဘီယာဈေးကွက်တွင် စတုတ္ထအကြီးဆုံးလုပ်ငန်းဖြစ်ပြီး ၎င်း၏ အဓိကဘီယာဖြစ်သော Fat Tire Amber Ale အတွက် ကျော်ကြားသည်။ ထိုလုပ်ငန်းသည် ၂၀၁၃ ခုနှစ်တွင် အလုပ်သမားများက ရာခိုင်နှုန်း အပြည့်အ၀ ပိုင်ဆိုင်သည့် လုပ်ငန်းဖြစ်လာသည်။ အရောင်းအဝယ် ဆက်လက်လုပ်ကိုင်ပါက ထိုလုပ်ငန်းကို ကီရင်ပိုင် Lion ၏ လုပ်ငန်းခွဲဖြစ်သော Lion Little World Beverages က အပြည့်အ၀ ပိုင်ဆိုင်သွားမည်ဖြစ်သည်။

ထိုအရောင်းအဝယ်ကို ဒီဇင်ဘာလကုန်တွင် အပြီးသတ်ဆောင်ရွက်ရန် မျှော်လင့်နေကြောင်း New Belgium မှ ဆက်သွယ်ရေးဒါရိုက်တာ Leah Pilcer ၏ အဆိုအရ သိရသည်။

ကီရင်သည် MEHL နှင့် ဆက်လက်ပတ်သက်နေပါက ဆက်ဆံခြင်းမပြုရန် မြန်မာဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သူ ဒေါ်ခင်ဥမ္မာက New Belgium ကို တိုက်တွန်းနေသည်။

ကီရင်သည် နိုင်ငံတကာ ရာဇဝတ်မှုတွင် ကြံရာပါဖြစ်သည်ဟု သူက ပြောသည်။

“နိုင်ငံတကာ ရာဇဝတ်ကောင်တွေဖြစ်တဲ့ တပ်မတော်နဲ့ကီရင်က စီးပွားရေးဆက်လုပ်နေရင် New Belgium အလုပ်သမားတွေအနေနဲ့ သမိုင်းမှာ လူ့အခွင့်အရေးဘက်က ရည်တည်ခွင့်ရှိတဲ့ ထူးခြားတဲ့အနေအထားရှိပြီး လူသားထုအတွက် သူတို့လုပ်ငန်းကို ကီရင်ကို မရောင်းဖို့ ငြင်းဆန်ခွင့်ရှိတယ်” ဟု သူက Nikkei Asian Review သို့ ပြောသည်။

လူ့အခွင့်အရေးကို လေးစားခြင်းသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၏ အခြေခံဖြစ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကို ကာကွယ်ရန် လုပ်ဆောင်နေကြောင်း ကီရင်က Nikkei သို့ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

“မိမိတို့သည် မြန်မာနိုင်ငံတွင် မိမိတို့၏ စီးပွားဖက်ဖြစ်သော MEHL နှင့် ပွင့်လင်းမြင်သာမှုနှင့် အုပ်ချုပ်မှုတိုးတက်ရန်၊ လူ့အခွင့်အရေးအပါအဝင် ဆန့်ကျင်ဖက် အန္တရာယ်များကို လျှော့ချရန်၊ မြန်မာ့လူ့အဖွဲ့အစည်းနှင့် စီးပွားရေးအတွက် ကောင်းကျိုးများဖြစ်စေရန် ဆက်လက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်”ဟု ထိုကြေညာချက်က ဆက်လက်ဖော်ပြသည်။

ထိုအရောင်းအဝယ်၏ ဘဏ္ဍာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုအရောင်းအဝယ်နှင့် ပတ်သက်ပြီး ဆွေးနွေးသော အိပ်ဖွင့်ပေးစာတစောင်တွင် New Belgium ကို ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ကင်ဂျော်ဒန်က စီးပွားရေးလုပ်ငန်းတခုအနေဖြင့် ကောင်းမွန်သော အင်အားအဖြစ် ဆက်လက်ပြောဆိုပြီး ၎င်းလုပ်ငန်း၏ အသိအမှတ်ပြုလက်မှတ်ကို ထောက်ပြသည်။

ထိုလက်မှတ်ကို အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် B Lab က လုပ်ငန်းများ၏ လူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများလိုက်နာမှုအရ ထုတ်ပေးသည်။

“သူတို့က ဒီလုပ်ငန်းပုံစံကို အရမ်းကြိုက်ကြောင်းနဲ့ ကျနော်တို့တွေ ဘီအဆင့်ကို ဆက်လက်ထိန်းသိမ်းဖို့ Little World က လူတွေက ကျနော်တို့ကို ချက်ခြင်းပဲပြောတယ်” ဟု ဂျော်ဒန်ကပြောသည်။

ထိုသို့ရောင်းဝယ်ခြင်းသည် အလုပ်သမားပိုင်အဆင့်ကို အဆုံးသတ်မည်ဖြစ်သော်လည်း အလုပ်သမား ၃၀၀ ကျော်တို့သည် ဒေါ်လာ တသိန်းမက ရမည်ဖြစ်ပြီး အချို့သောသူများသည် သိသိသာသာ ပိုမိုများပြားရမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

“ဒီအရောင်းအဝယ်အပါအဝင် အလုပ်သမားတွေရဲ့ ရှယ်ယာပိုင်ဆိုင်မှု သက်တမ်းမှာ လက်ရှိနဲ့ အရင်အလုပ်သမားတွေကို ပေးတဲ့ပမာဏဟာ ဒေါ်လာ သန်း ၁၉၀ နီးပါးရှိတယ်” ဟုလည်း သူက ဆက်လက်ရေးသားသည်။

New Belgium သည် မည်သူဖြစ်သည် သို့မဟုတ် မိမိတို့မည်သည်ကို ထောက်ခံသည်ကို ပြောင်းလဲစေမည်မဟုတ်ကြောင်း Nikkei သို့ပေးသော ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ကီရင်ရဲ့လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့သတင်းတွေကြောင့် ကျနော်တို့ ခဏရပ်သွားပေမယ့် ကီရင်ဟာ ကျနော်တို့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေးကတိကဝတ် ဖြစ်လို့ ကျမတို့ ယုံကြည်တယ်” ဟုလည်း ဆက်လက်ဖော်ပြသည်။

မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာတရားရုံးတွင် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ကို ဖြေကြားရန် တက်ရောက်ချိန်တွင် New Belgium အရောင်းအဝယ်အပေါ် ဖိအားပေးလာခြင်းဖြစ်သည်။

သဟိဂ်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ကို ကြားနာစစ်ဆေးခြင်းမပြုမီ တရက် အလို ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ရိုဟင်ဂျာမွတ်ဆလင်များကို ထောက်ခံနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူများက မြန်မာနိုင်ငံကို သပိတ်မှောက်ရန် တောင်းဆိုထားသည်။

နိုင်ငံ ၁၀ န်ိုင်ငံတွင် အဖွဲ့အစည်း ၃၀ က မြန်မာနိုင်ငံကို သပိတ်မှောက်ရေး လှုပ်ရှားမှုကို စတင်နေပြီ ဖြစ်ကြောင်း The Free Rohingya Coalition က ကြေညာချက်တစောင်တွင် ပြောသည်။ “ကော်ပိုရေးရှင်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်သူနှင့် ပညာရှင်အဖွဲ့အစည်းများက မြန်မာနိုင်ငံနှင့် သူတို့၏ အဖွဲ့အစည်းဆိုင်ရာ ဆက်နွယ်မှုများကို ဖြတ် တောက်ရန် ” ၎င်းတို့က တောင်းဆိုထားသည်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်မှာ မြန်မာစစ်ဆင်ရေး များကို မွတ်စလင်အသိုင်းအဝန်းဝင် ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုတရားခွင်တွင် ပေါ်ပေါက်လာသော လူသိများမှုများကြောင့် ကီရင်ကဲ့သို့သော နိုင်ငံတကာ လုပ်ငန်းများအနေဖြင့် မြန်မာ့တပ်မတော်နှင့် အဆက်ဖြတ်ရန် ဖိအားတိုးလာမည်ဟု တက်ကြွလှုပ်ရှားသူများက မျှော်လင့်နေကြသည်။

“အမြတ်တွေကို စစ်တပ်ကရနေပြီး သူတို့ရဲ့ စစ်ဆင်ရေးတွေကို အထောက်အကူပြုနေတယ်” ဟု မြန်မာစစ်တပ်နှင့် အဆက်အသွယ်ရှိသော လုပ်ငန်း ၈၀ ခန့်အကြောင်း ညစ်ပတ်မှု စာရင်း Dirty List ထုတ်ပြန်ခဲ့သော Burma Campaign UK မှ Mark Farmaner က ပြောသည်။

“ကီရင်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုကို တကယ်ပဲ ငွေကြေးထောက်ပံ့နေတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံမှ လုပ်ငန်းများအတွက် ကီရင်အပါအဝင် လုပ်ငန်းများကို ပစ်မှတ်ထားသပိတ်မှောက်သော ရိုဟင်ဂျာများအတွက် နိုင်ငံတကာလှုပ်ရှားမှုမှ အမှုဆောင်ဒါရိုက်တာ Simon Billenness ကလည်း ထိုအစီအစဉ်ကို ဖျက်သိမ်းရန် တိုက်တွန်းသည်။

“ကီရင်ကတော့ အပူဒဏ်တွေ ပိုခံနေရပြီ။ နောက်ထပ်လုပ်ငန်းတွေကို ဝယ်ယူဖို့ အတားအဆီးဖြစ်တော့မယ်။ အထူးသဖြင့်တော့ စီးပွားရေးမှာ လူမှုတာဝန်သိတဲ့ ရိုးရာဘီယာချက်သူတွေနဲ့ အခြားလုပ်ငန်းတွေကိုပေါ့” ဟု သူက ပြောသည်။

Lion က ယခုသတင်းအတွက် တုံ့ပြန်ပြောကြားခြင်း မရှိပေ။


ကိုးကား ။ ။ Nikkei Asian Review, Reuters

You may also like these stories:

အငှားအိမ်ရာများ ဂျပန်ချေးငွေဖြင့် ဖော်ဆောင်ရန် စီစဉ်

ထိုင်းအခြေစိုက် မက်ခရို စူပါမားကက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်မြို့တွင် နိုင်ငံခြားသား မြေငှားရမ်းမှု မြင့်တက်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading