လာမည့် ၂၀၂၀ ခုနှစ်သည် မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် ဥရောပသမဂ္ဂ (EU) ၏ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေး (GSP) က စိန်ခေါ်မှုတခု ဖြစ်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) က သိရသည်။
UMFCCI အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “လာမယ့်နှစ်က ကျနော်တို့အတွက် စိန်ခေါ်မှုတွေ ပိုများတယ်။ နိုင်ငံတကာ ဖိအားများမယ်။ EU ဘက်ကလည်း အထူးသဖြင့် အထည်ချုပ်အသင်းကို လာပြီး ပြောနေတာတွေ၊ EU သံအမတ်ကြီးနဲ့ UK သံအမတ်ကြီးတို့က ပြောနေတာရှိတယ်။ ဘယ်လောက်ထိ ဖိအားလာမလဲ သူတို့လည်း မသိဘူး။ သူတို့က ဒီနိုင်ငံမှာ နေ တဲ့အတွက် ဒီက အနေအထားကို သိတယ်။ မဖြစ်အောင်တော့ သူတို့ဘက်ကလည်း ကြိုးစားပေးနေတယ်။ သိပ်ပြီးတော့ လည်း မစိုးရိမ်ပါနဲ့ ၃၊ ၄ နှစ်တော့ မဖြစ်နိုင်ဘူးလို့တော့ ပြောတာပေါ့” ဟု ပြောသည်။
ထို့ကြောင့် အခြေအနေတခု အပြောင်းအလဲ ဖြစ်လာလျှင် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအနေနှင့် ပြင်ဆင်နိုင်ရန် လက် ရှိတွင် လုပ်ဆောင်နေသည့်အပြင် ဈေးကွက်သစ်များ ထိုးဖောက်ရန်အတွက်လည်း အကြံပြုချက်များကို စီးပွားရေးလုပ်ငန်း ရှင်များက ပြုလုပ်နေကြောင်း ၎င်းက ရှင်းပြသည်။
Generalized System of Preferences- GSP မှာ ဖွံ့ဖြိုးဆဲနိုင်ငံများက ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဆီသို့ တင်ပို့သည့်အခါ အခွန်သက်သာခွင့် (သို့မဟုတ်) တင်သွင်းအခွန် ကင်းလွတ်ခွင့်ရရန် လုပ်ဆောင် ပေးထားသည့် ကုန်သွယ်မှု အထူးအခွင့်ရေးတခု ဖြစ်သည်။
ဦးဇော်မင်းဝင်း က “ဒါကို နောက်လာမယ့် အစိုးရ သက်တမ်းအတွင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြင်ဆင်မလဲဆိုတာ တော်တော် လေး အရေးကြီးပါတယ်” ဟု ဆိုသည်။
ထို့ပြင် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အတွက်လည်း စီးပွားရေးကဏ္ဍများအလိုက် ပူးပေါင်း၍ ပို့ကုန်ဆိုင်ရာ အဖွဲ့တခု ထပ်မံ ဖွဲ့စည်းပြီး လုပ်ဆောင်သွားရန် စီစဉ်နေကြောင်းလည်း UMFCCI က သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များအပေါ် အခြေခံကာ GSP ကို ပြန်လည် ရုပ်သိမ်းရန်အတွက် ဥရောပသမဂ္ဂက စဉ်းစားသုံးသပ်လျက် ရှိကြောင်း သိရသည်။
GSP ၏ စိန်ခေါ်မှု တခုဖြစ်သော အလုပ်သမားဆိုင်ရာ အရေးကိစ္စနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးက ယင်းကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးသင့်ကြောင်းလည်း ဦးဇော်မင်းဝင်းက ဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က “EU က ဖြစ်တဲ့ ပြဿနာ GSP က လူ့အခွင့်ရေးနဲ့ အလုပ်သမား အခွင့်အရေးပေါ့။ အလုပ်သမား အခွင့်အရေးကတော့ EU ဘက်က ၃ ကြိမ် လာပြီးပြီ။ ကျနော်တို့ဘက်က လည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ EU အဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတွေတွေ့တဲ့အခါ အလုပ်သမား အခွင့်အရေး ဘက်မှာ ILO ကလည်း ရှိနေတာ ဖြစ်တဲ့အတွက် သူတို့ဘက်က ကြီးကြီးမားမား မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသို့ EU ၏ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေး အဖွဲ့ (EU EBA Monitoring Mission)သည် သက်ဆိုင် ရာ အစိုးရဌာန တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သံရုံးရှိ သံအမတ်များ၊ အလုပ်သမား သမဂ္ဂအဖွဲ့များ၊ ILO၊ အထည်ချုပ် လုပ်ငန်းရှင်များ၊ ဖိနပ်ချုပ် လုပ်ငန်းရှင်များ၊ ရေလုပ်ငန်းရှင်များ၊ ဆန်စပါး အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် ယခုနှစ် အတွင်းက အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်ပြီး ၃ ကြိမ် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါပေမယ့် အလုပ်သမားတွေရဲ့ အခွင့်အရေးပေါ့နော်။ ဥပဒေပါအရ အခွင့်အရေးတွေကို ဒီထက် မကြာအောင် ကျနော်တို့ဘက်ကနေ ထိန်းဖို့ လိုတယ်ဆိုတာမျိုးတော့ ကျနော်တို့ကို ပြောတယ်။ သတိပေးတာ မဟုတ်ပါ ဘူး။ ဒီအခြေအနေထက် မလျော့ပါစေနဲ့၊ ဒီထက် ဆက်ကောင်းအောင် လုပ်ပါလို့ ပြောတာပေါ့” ဟု ရှင်းပြသည်။
လက်ရှိတွင် အလုပ်သမားများအနေနှင့် ဥပဒေပါ ခံစားခွင့်များကို ရရှိနေသော်လည်း ဥပဒေတွင် မပါရှိသော ကျွမ်းကျင် ကြေး တိုးတောင်းခြင်း၊ နှစ်စဉ်ကြေး တိုးတောင်းခြင်း အစရှိသည့် တောင်းဆိုမှုများ ရှိနေပြီး ယင်းတို့မှာ စက်ရုံပိုင်ရှင်၏ ဈေးကွက် တင်ပို့နိုင်မှုနှင့် ပေးနိုင်သည့် အနေအထား၌သာ မူတည်နေသောကြောင့် ညိုနှိုင်းရသည်များ ရှိနေကြောင်း ဦးမြင့်စိုးက ပြောသည်။
လက်ရှိတွင် အထည်ချုပ်ကဏ္ဍသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှာ ဝင်ရောက်လျက် ရှိနေသောကြောင့် အလုပ်သမား ပြဿနာ များမှာ ယခုထက်ပို၍ နည်းနိုင်သမျှ နည်းအောင် ညိုနှိုင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။
လာမည့်၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံ ရရန်နှင့် အလုပ်သမား ဦး ရေ ၁၀ သိန်းအထိ တိုးမြင့်ခန့်ထားနိုင်ရန်လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ် ပို့ကုန်များကို ဥရောပနိုင်ငံများသို့ ၅၀ ရာခိုင်နှုန်း နီးပါး တင်ပို့နေရပြီး ဂျပန်၊ ကိုရီးယား၊ ကနေ ဒါ၊ အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၁၉ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ လှိုင်သာယာမြို့နယ်တွင် အသစ်ဖွင့်လှစ် လုပ်ကိုင်သည့် စက်ရုံ ၇၉ ခု ရှိပြီး ပိတ်သိမ်းသည့် စက်ရုံမှာ ၁၆ ခု ရှိကြောင်း၊ ထိုစက်ရုံများထဲတွင် အထည်ချုပ်စက်ရုံ အများစုပါဝင်ကြောင်း ယင်းမြို့နယ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးညီညီ ပြောသည်။
“ဖွင့်တဲ့ အရေအတွက်ကတော့ ပိုများတယ်။ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသားက ပိုများတယ်။ ပိတ်သိမ်းတာက တော့ အလုပ်သမားတွေ အခွင့်အရေး တောင်းဆိုမှုတွေကြောင့် ပါသလို အချိန်မီ အော်ဒါ မပို့နိုင်လို့ ပိတ်တာ။ ဒါကတော့ သူတို့(စက်ရုံ လုပ်ငန်းရှင်) အကြောင်းပြတာပေါ့။ ပြီးတော့ အလုပ်သမားတွေကို နောက်လတွေမှာ လုပ်ခလစာရှင်းဖို့ အတွက် အဆင်မပြေတော့ဘူး ဆိုတဲ့ အနေအထားတွေမှာ လုပ်ငန်းရပ်လိုက်တာ ပိုများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ဗန်းစက်မှုဇုန်တို့သည် တနိုင်ငံလုံး၏ စက်ရုံ၊ အလုပ်ရုံအများဆုံး ရှိသည့် နေရာဖြစ်ပြီး ပိတ်သိမ်းသည့် စက်ရုံအများစုသည် ဆက်လက် လည်ပတ်ရန် ဘဏ္ဍာငွေ အခက်အခဲရှိ၍ ပိတ်သိမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တနိုင်ငံလုံး အနေနှင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလထိ လက်ခစားစနစ် (CMP) နှင့် CMP တဆင့်ခံ အထည်ချုပ် စက်ရုံပေါင်း ၃၈၉ ရုံ၊ အထည်ချုပ် လုပ်သားဦးရေ ၃ သှိန်း ၃ သောင်းကျော် ရှိပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ကရင် ပြည်နယ်၊ နေပြည်တော် ကောင်စီ အစရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထည်ချုပ်စက်ရုံများ ဖွင့်လှစ်နိုင်ခဲ့ ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုန်
မြန်မာအတွက် လိုအပ်နေဆဲ EU ကုန်သွယ်မှု အထူးအခွင့်အရေး
အထည်ချုပ်ကဏ္ဍ အောင်မြင်တာက တိုင်းပြည်အောင်မြင်တာပဲ