မြန်မာ့ကြက်သွန်နီ ဝယ်ရန် ဘင်္ဂလားဒေ့ရှ် စိတ်ဝင်စားနေ
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကြက်သွန်နီကုန်စည်ကို ဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိတ်ဝင်စားနေသည့်အတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ပခုက္ကူနှင့် မြင်းခြံမြို့များရှိ ကုန်သည်၊ ပွဲစားများကို ဘင်္ဂလားဒေရှ့်နိုင်ငံ သံအမတ်ကြီး ဦးဆောင်၍ ဘင်္ဂလားဒေရှ့် စီးပွားရေးအတွင်းဝန် အဖွဲ့တို့က သွားရောက် တွေ့ဆုံခဲ့သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အဓိက စားသောက်ကုန် တခုဖြစ်သော ကြက်သွန်နီမှာ ယင်းနိုင်ငံတွင် ကုန်စည် ပြတ်လပ်နေသဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ဝယ်ယူရန် အတွက် ပခုက္ကူနှင့် မြင်းခြံမြို့များရှိ ကုန်သည်၊ ပွဲစားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (MDCCI) မှ သိရသည်။
MDCCI ဒုဥက္ကဋ္ဌ ဦးမောင်မောင်ထင် က “ချက်ချင်းကြီး ဝယ်ဖို့တော့ မဟုတ်ပါဘူး။ သူတို့ (ဘင်္ဂလားဒေရှ့်နိုင်ငံ) ရဲ့ လိုအပ် ချက်က တနှစ်ကို တန်ချိန် ၈ သိန်းလောက်ရှိတယ်။ အိန္ဒိယက သူတို့ဘက်ကို အရောင်းပိတ်ထားတော့ မကိုက်လို့ မြန်မာ နိုင်ငံက ဈေးကိုက်လို့ အခုလို လာရတာလို့ ပြောပါတယ်။ နောင်နှစ်တွေမှာ အရောင်းအဝယ် လုပ်ကြမယ်ဆိုပြီး ကျနော်တို့ ဆီက အချက်အလက် လာယူတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ ဒေသက ဘယ်လောက်ထွက်တယ်။ ပိုလျှံမှုက ဘယ်လောက်ရှိတယ်။ ဝယ်လို့ ရနိုင်၊ မရ နိုင်ပေါ့။ အရောင်းအဝယ် စာချုပ် ချုပ်ဖို့ ချက်ချင်းဝယ်ဖို့ လာတာ မဟုတ်ဘူး။ တယောက်နဲ့ တယောက် အမြင်ခြင်း ဖလှယ်တာ ဖြစ်တယ်”ဟု ရှင်းပြသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော ဘင်္ဂလားဒေရှ့် စီးပွားရေးအတွင်းဝန်နှင့် အဖွဲ့တို့သည် မန္တလေး၊ မြင်းခြံနှင့် ပခုက္ကူတို့မှ ကြက်သွန်နီကုန်သည်များ၊ ပွဲစားများနှင့် တောင်သူများထံသို့ လာရောက် ဆွေးနွေးမှုမှာ ယခုသည် ဒုတိယအကြိမ်ဖြစ်ပြီး ဒီဇင်ဘာလအစက ပထမအကြိမ် တွေ့ဆုံမှု ပြုလုပ်ခဲ့သေးသည်။
ဘင်္ဂလားဒေရှ့်–မြန်မာ နယ်စပ်တွင် ကုန်စည် ဝယ်ယူလုပ်ဆောင်သော်လည်း လုပ်ငန်းရှင် တဦးတည်းမှ လုပ်ဆောင် နေခြင်းကို သဘောမကျသဖြင့် အစိုးရချင်း G to G စနစ် အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ နှင့်ပါ လက်တွဲ ဆောင်ရွက်သွားရန် ဆန္ဒ ရှိကြောင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
“အိန္ဒိယမှ ဝယ်ယူသလို မြန်မာဘက်မှ မျှ၍ ဝယ်ယူရန် အစီအစဉ် ပါတယ်လို့ ပြောတယ်။ ကျနော်တို့ကလည်း ပိုလျှံရင် မြန်မာဘက်က ဝယ်ပေးဖို့ ပြောဆိုခဲ့တယ်။ တကယ်တမ်း ကျတော့ ဈေးနှုန်းကျတဲ့အပေါ် တိုက်ရိုက်ချမပေးဘဲနဲ့ သူတို့ ရောင်းနေကြတာ ဖြစ်တယ်။ ဘုရင့်နောင်မှာ ဈေးကျတာ ၃၊ ၄ ရက်လောက်ရှိပါပြီ။ အသစ်ပေါ်ကတည်းက ကျနော်တို့ ဈေးကျလာတာပါ”ဟု ဦးမောင်မောင်ထင်က ပြောသည်။
ယခုနှစ်တွင် ကြက်သွန်နီ ဈေးနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးကောင်းရခဲ့ပြီး လတ်တလော ပခုက္ကူ ကုန်စည်ဒိုင်တွင် ၁ ပိသာလျှင် ကျပ် ၂၀၀၀ ဈေး ရှိကြောင်း ပခုက္ကူမြို့ ကုန်သည်၊ ပွဲစားများ အသင်း အတွင်းရေးမှူး ဦးစိန်ထွန်းက ပြောသည်။
“ပြီးခဲ့တဲ့ ရက်က ပခုက္ကူမှာ လက်ရှိအနေအထားလေးတွေ လာမေးတယ်။ တိုက်ရိုက် ဝယ်ယူမယ်လို့တော့ မဟုတ်ပါဘူး။ အနေအထားလေးတွေ လေ့လာရင်း ဆွေးနွေးတဲ့ သဘောပါ။ ဒါ ပထမဦးဆုံး လာဖူးတာ။ မနှစ်ကထက် ၅၀ ရာခိုင်နှုန်း ဈေးကောင်းတယ်။ အထွက်နှုန်းကတော့ မိုးမရလို့ ၂၅ ရာခိုင်နှုန်းလောက် လျှော့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မြန်မာပြည်အလယ်ပိုင်း ဒေသများတွင် ဘင်္ဂလားဒေရှ့်အစိုးရမှ ကြက်သွန်နီ ဝယ်ယူရန် လာရောက်စုံစမ်းမှုများ ရှိသော်လည်း တရားဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ကမ်းလှမ်းထားခြင်း မျိုး မရှိကြောင်း ယင်း ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကြက်သွန်နီကို ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်မှ တင်ပို့သကဲ့သို့ ဘင်္ဂလားဒေရှ့်နိုင်ငံသို့လည်း မောင်တော နယ် စပ်မှ တင်ပို့လျက်ရှိပြီး စာရင်းဇယားမှာ လောလောဆယ် ပြော၍ မရသေးကြောင်း ၎င်းက ဆိုသည်။
မောင်တောနယ်စပ်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း က “ဘင်္ဂလားဒေရှ့်အဝယ်က ဒီနှစ်မှာ ပိုများ တယ်။ အရေအတွက်ကတော့ ပြောရခက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အရောင်းအဝယ်အနေဖြင့် နယ်စပ်ဂိတ်ဖွင့်သည့် မနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ထမင်းစားချိန်မှ လွဲ၍ ကြက်သွန်ကား များ အရောင်းအဝယ် ရှိနေသည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကြက်သွန်နီ ဈေးကောင်းရနေသောကြောင့် ကုန်သည်များနှင့် ကြက်သွန်နီ စိုက်တောင်သူများ အတွက် ကောင်းမွန်နိုင်သော်လည်း ယခုအခြေအနေကိုကြည့်၍ လာမည့်နှစ်တွင် ကြက်သွန်နီ ပိုစိုက်မည်လို့ တောင်သူ များအနေနှင့် မတွေးသင့်ကြောင်း ဦးအောင်မြင့်သိန်းက ထောက်ပြသည်။
ရန်ကုန်ဈေးကွက်တွင် ယခင်ရက်ပိုင်းက ကြက်သွန်ကားများ အဝင်နည်းခြင်းနှင့် ဘင်္ဂလားဒေရှ့် မှ အဝယ်လိုက် နေခြင်းကြောင့် ကြက်သွန်နီ ၁ ပိသာ လျှင် ကျပ် ၃၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းတွင် မိုးဥစိုကြက်သွန်များ ပြန်ဝင် လာသဖြင့် ဈေးအနည်းငယ် ပြန်ကျ၍ ၁ ပိဿလျှင် ကျပ် ၁၈၀၀ မှ ကျပ် ၂၅၀၀ နှင့် လက်ကား အရောင်းအဝယ် ဖြစ်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
ပွဲရုံမန်နေဂျာက “အရောင်းအဝယ်ကတော့ အေးတယ်။ အရင်ရက်တွေက တရက်ကို ကား အစီးရေ ၂၀ ကနေ ၂၅ စီး လောက်ပဲ ဝင်တာ။ အခုက အဝင် အစီးရေ ၃၀ လောက် ရှိတယ်”ဟု ပြောသည်။
သို့သော် လက်လီဈေးကွက် လက်ရှိအချိန်ထိ ကြက်သွန်နီဈေးနှုန်းများမှာ ကျဆင်းခြင်း မရှိကြောင်း ၁ ပိသာလျှင် ကျပ် ၄၀၀၀ ဝန်းကျင် ရှိနေကြောင်း တာမွေမြို့နယ်မှ အိမ်ရှင်မ တဦးက ပြောသည်။
You may also like these stories:
ကြက်သွန်နီတဥရဲ့အသုံးဝင်ပုံများ (၂)