Grabနှင့် အက်ပလီကေးရှင်းသုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ အနေဖြင့် ဝန်ဆောင်ခဝင်ငွေများမှ နိုင်ငံတော်သို့ အခွန်ငွေ အမှန်တကယ် ပေးဆောင်ခြင်း ရှိ၊မရှိ နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိ၍ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး လုပ်သားများ သမဂ္ဂက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် အငှားယာဉ်သမားပေါင်း ၆၀၀ ကျော်ပါဝင်သော ရန်ကုန်တိုင်း သယ်ယူ ပို့ဆောင်ရေးလုပ်သားများ သမဂ္ဂ အဖွဲ့ အနေဖြင့် အက်ပလီကေးရှင်းသုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ ဖြစ်သည့် Grab၊ Oway၊ Hello Cab၊ 7 Brotherနှင့် Get Ride ကုမ္ပဏီ တို့ကို ဒီဇင်ဘာ ၉ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် Grab ကုမ္ပဏီက ခရီးစဉ်တကြောင်းအတွက် ဝန်ဆောင်ခ ၂၀ ရာခိုင်နှုန်း၊ Oway ကုမ္ပဏီက ၁၀ ရာခိုင်နှုန်း၊ Hello Cab ကုမ္ပဏီက ၁၀ ရာခိုင်နှုန်း၊ 7 Brother ကုမ္ပဏီ က ၁၀ ရာခိုင်နှုန်း၊ Get Ride ကုမ္ပဏီက ၈ ရာခိုင် နှုန်း ဖြင့် ကောက်ခံလျက်ရှိသော်လည်း ယင်းဝင်ငွေ များမှ ရရှိသည့် အကျိုးအမြတ်များမှ တဆင့် ပြည်သူ့ဘဏ္ဍာအဖြစ် မည်မျှရရှိသည်ကို ပွင့်လင်း မြင်သာမှု မရှိသည့်အတွက် တိုင်တန်းရခြင်းဖြစ်ကြောင်း ရန်ကုန်ုတိုင်း သယ်ယူပို့ဆောင်ရေး လုပ်သားများ သမဂ္ဂ၏ ဒုဥက္ကဋ္ဌ ဦးမောင်မောင်တူးက ဧရာဝတီသို့ ပြောသည်။
ဦးမောင်မောင်တူးက “အခုဆိုရင် Grab က ၂၅ ရာခိုင်နှုန်းအထိ ဖြတ်နေတယ်။ ဒီလိုနှုန်းထားကို ကုမ္ပဏီကပဲ သတ်မှတ်နေတာ ဘယ်သက်ဆိုင်ရာက ခွင့်ပြုပေးထားတာကိုလည်း မသိရဘူး။ ကုမ္ပဏီက ဈေးကွက်ထဲမှာ သူတယောက်ထဲ အားကြီးတယ် ဆိုပြီး လုပ်ချင်သလို လုပ်နေတဲ့ ပုံစံဖြစ်နေတယ်” ဟု ပြောဆိုသည်။
အဓိကမှာ ပွင့်လင်းမြင်သာမှု မရှိသည့် Grab ၏ လုပ်ဆောင်ချက်ကို အဂတိ ကော်မရှင်အနေဖြင့် သိရှိစေလိုခြင်းဖြစ်ပြီး အခြား App ကုမ္ပဏီများသည်လည်း အစိုးရသို့ အခွန်ဆောင်သည့် စနစ်၊ မည်သည့် အစိုးရ အဖွဲ့အစည်းလက်အောက်တွင် တည်ရှိနေသည်ကို ကွဲပြားစွာ သိရှိလိုသည့် အတွက် တိုင်ကြားရခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုခြင်း လုံးဝ မဟုတ် ကြောင်း သိရသည်။
ဦးမောင်မောင်တူးက “အဓိကဖြစ်နေတာက Grab နဲ့ပဲ ကျန်တဲ့ ကုမ္ပဏီတွေက ဝန်ဆောင်ခ ကောက်တဲ့နှုန်းလည်း သင့် တင့်တယ်။ ယာဉ်မောင်းတွေရော ခရီးသည်ရော ခရီးစဉ်လမ်း ကြောင်းနဲ့ ဈေးနှုန်းကို နှစ်ဖက်စလုံး ပွင့်လင်းမြင် သာရှိတယ်။ Grab ကုမ္ပဏီတခုပဲ အဲ့လိုမျိုး မရှိတာ” ဟု ဆိုသည်။
ရန်ကုန်ုတိုင်း သယ်ယူပို့ဆောင်ရေးလုပ်သားများသမဂ္ဂ အဖွဲ့ အနေဖြင့် ယင်းသို့ ကုမ္ပဏီများ ဘက် မှ ယာဉ်မောင်းများအပေါ် ဖိနှိပ်လာသည့် ကိစ္စများ နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ နှစ်ကြိမ်တိုင် တင်ပြထားသော်လည်း ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အတွက် အဂတိလိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်တန်းရခြင်း ဖြစ်ကြောင်း၊ ထိုတိုင်တန်းချက် အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်မှ ရက် ၆၀ အတွင်း ပြန်လည် အကြောင်းကြားမည်ဟု သိရှိရသည်။
လက်ရှိတွင် ယာဉ်မောင်းများနှင့် အဆင်မပြေမှု ဖြစ်နေသည့် ကုမ္ပဏီမှာ Grab ကုမ္ပဏီဖြစ် ကြောင်း၊ ကုမ္ပဏီ အနေဖြင့် ယာဉ်မောင်းများကို ခရီးသည် သွားမည့်နေရာနှင့် ကျသင့်ငွေများကို ကြိုတင် အသိမပေးခြင်းနှင့် ယာဉ်မောင်းရရှိသော ငွေများသည် အခွန်ဆောင်ထားခြင်း ရှိ၊မရှိကို ပွင့်လင်းမြင်သာစွာ သိရှိလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ အက်ပလီကေးရှင်း အသုံးပြုသည့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အစရှိသည့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ မည်သည့် အဖွဲ့လက်အောက်တွင် ရှိသည်ကိုလည်း မသိရ သေး ကြောင်း ရန်ကုန်ုတိုင်း သယ်ယူပို့ဆောင်ရေးလုပ်သားများ သမဂ္ဂအဖွဲ့က ဆိုသည်။
ယင်းအဖွဲ့၏ အတွင်းရေးမှူး ဦးချိုဝင်းက “တကယ့် မြေပြင်မှာ Grab ကတော့ အောင်မြင်နေတဲ့ အနေအထားတခုနဲ့ ဆိုတော့ သူက သူ့သဘော သူလုပ်ချင်သလို လုပ်နေတဲ့ သဘောပေါ့။ App ကုမ္ပဏီတွေက အောင်မြင်လာရင် ကားသမား တွေ အပေါ်ကို လည်ပင်းညှစ်လာတဲ့ အနေအထား မျိုးတွေကို သက်ဆိုင်ရာ အစိုးရကနေပြီးတော့ ကာကွယ်ပေးစေချင် တယ်” ဟု ဆိုသည်။
ယခုကိစ္စ နှင့် ပတ်သက်ပြီး Grab ကုမ္ပဏီဘက်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း လတ်တလောတွင် မဖြေကြားနိုင် သေးကြောင်း ဧရာဝတီသို့ ပြောသည်။
အလားတူ Get Ride ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူများ ခရီးသွားနေ၍ နောက်ရက်မှသာ ဖြေကြားပေးနိုင်မည်ဟု ပြောသည်။
လတ်တလော Grab ကုမ္ပဏီ၏ ကောက်ခံနေသည့် ဝန်ဆောင်ခ နှုန်းထားအရ ယာဉ်မောင်း တယောက်အနေဖြင့် တရက် အတွင်း ကျပ် ၅သောင်း ရပါက ကုမ္ပဏီမှ ကျပ် ၁သောင်း ရရှိမည် ဖြစ်သည်။ ယင်းအတွက်ကြောင့် Grab App ကို ဈေးပိုရ သော ရုံးသွားချိန် နှင့် ရုံးဆင်းချိန်များ တွင်သာ အသုံးပြုလျက်ရှိပြီး ကျန်အချိန် များတွင် ပုံမှန်အတိုင်း အငှားကား ဆွဲလေ့ရှိ ကြောင်း အငှားယာဉ်မောင်းများက ပြောသည်။
ဗဟန်းမြို့နယ်အခြေစိုက် Grab အငှားယာဉ်မောင်းတဦးက “သူက ဈေးကို အပြင်ကထက် ပိုတင်ထားတယ်။ ကားသမား ဆီကလည်း ဝန်ဆောင်ခ ၂၀ ရာခိုင်နှုန်း ဖြတ်တော့ သူက ကြားထဲ က ခရီးသည်ရော ကားသမားဆီကနေ အသာကြီး ပဲ ရနေသလို ဖြစ်နေတာ ” ဟု ဧရာဝတီသို့ ပြောသည်။
စင်ကာပူအခြေစိုက် Grab ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု နှင့် အစားအသောက် အိမ်အရောက်ပို့ပေးသည့် ဝန်ဆောင်မှုကုမ္ပဏီ Uber အတူ ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ယာဉ် မောင်းများဆီမှ ဝန်ဆောင်ခကိုလည်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်သာ ကောက်ခံခဲ့ကာ အပိုဆုကြေးများလည်း အများအပြား ပေးခဲ့သည်။
ယင်းသို့ အပိုဆုကြေး အများအပြား ပေးခဲ့ခြင်းကြောင့် ပြည်တွင်းကုမ္ပဏီများဖြစ်သော Oway Ride နှင့် Hello Cab ကုမ္ပဏီများသည် ဈေးကွက်အတွင်းတွင် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ဈေးကွက်အတွင်းမှ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ရသည်။
၂၀၁၈ ခုနှစ် မတ်လတွင် Uber ကုမ္ပဏီက မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသရှိ ၎င်းတို့၏ စီးပွားရေး လုပ်ငန်း များနှင့် ပိုင်ဆိုင်မှုများကို Grab ကုမ္ပဏီ သို့ ရောင်းချခဲ့သည်။
Grab ကုမ္ပဏီသည် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ အငှားယာဉ်မောင်းများဆီမှ ဝန်ဆောင်မှု ကောက်ခံသည့် နှုန်းထားကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ကြောင်း အငှားယာဉ်မောင်းများထံမှ သိရသည်။
ရန်ကုန်မြို့ အတွင်းတွင် အငှားယာဉ် အရေအတွက်သည် ကားအစီးရေပေါင်း ၆ သောင်းကျော် အထိရှိကြောင်း YRTA ထံမှ သိရသည်။
You may also like these stories:
Grab App သုံးစွဲသူတွေအတွက် အင်ဒိုနီးရှားမှာ ဖွင့်လှစ်ခဲ့တဲ့ GrabKitchen ဝန်ဆောင်မှု
Grab ရဲ့ “Grab for Good” အစီအစဉ်နဲ့ မသန်စွမ်းသူများအတွက် အကူညီပေးမယ့် စီမံချက်