ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေး BP-13 ဂိတ် ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် အဖြစ် တရားဝင် ဖွင့်လှစ်နိုင်ရေး အတွက် ၂ နိုင်ငံ ညှိနှိုင်း နေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန (လွိုင်ကော်) ရုံးခွဲမှ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (လွိုင်ကော်) ရုံးခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က “သံတမန် နည်းလမ်းအရ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ညို နှိုင်းနေပါတယ်။ ထိုင်းဘက်က ခင်းနေတဲ့ လမ်းကတော့ အခုလကုန်ဆိုရင် ပြီးပြီ။ လမ်းဖွင့်ပွဲနဲ့ အတူ ဂိတ်ကို ဖွင့်နိုင်အောင် တင်ပြထား တယ်။ လောလောဆယ် ညွှန်ကြားချက်တော့ မလာသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်နိုင်မည်ဆိုလျှင် ကယားပြည်နယ် ခရီးသွားလုပ်ငန်း အတွက် အများကြီး တိုးတက် နိုင်သည့် အပြင် စီးပွားရေးအနေဖြင့်လည်း နှစ်နိုင်ငံ ကုန်သွယ်မှု လမ်းကြောင်းများ ကောင်းမွန်လာနိုင်မည် ဖြစ်ကြောင်း ၎င်း က သုံးသပ်သည်။
“မယ်ဟောင်ဆောင်ကို ခရီးသွားက တနှစ်ကို လူဦးရေ ၃ သန်းလောက် လာတယ်။ အဲဒီတော့ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ဖြစ်မယ်ဆိုရင် သူတို့ဆီလာတဲ့ ခရီးသွား ဒီဘက်ကို ၁ သန်း လောက်ပဲ ဝင်အုံး အကျိုး ရှိတယ်။ အခုက ကျနော်တို့ဆီကို တနှစ်လုံးမှာမှ လူဦးရေ ၁ သောင်း ကျော်လောက်ပဲ ဝင်တော့ အရမ်းကွာတယ်။ ဒါကြောင့် တရားဝင် ဖွင့်ပေးဖို့ ဆောင်ရွက် နေတယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာခွင့်နှင့် ကုန်သွယ်ခွင့် စသည့် အချက်များ ပါဝင်သော သဘောတူညီချက် မူကြမ်း ၇ ချက်ကို နှစ်နိုင်ငံ MoU ရေးထိုးထားကြောင်း သိရသည်။
ဦးလင်းဇော်ထွဋ်က “နယ်စပ်ကုန်သွယ်ရေး မြို့လေးလို ဖြစ်နေတော့ နယ်မြေကတော့ ငြိမ်းချမ်း တယ်။ NCA လက်မှတ် မထိုးထားတဲ့ KNPP အဖွဲ့ ကလည်း ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် ပတ်သက်လို့ မနှောက်ယှက်ဘူး။ ဝိုင်းဝန်း ကူညီ ပေးမယ်လို့ လည်း ပြည်နယ် အစိုးရနဲ့ ညိုနှိုင်း ဆောင်ရွက်တဲ့ စာတွေ ပို့ထားတာလည်း ရှိတယ်”ဟု ပြောသည်။
လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ကယားပြည်နယ်နေ့ အခမ်းအနားတွင်လည်း ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင် ၁၀၀ ခန့် ဖိတ်ကြားထားပြီး ယင်းနေ့တွင် မယ်စဲ့နယ်စပ်ဂိတ် တရားဝင်ဖြစ်ရေး ကိစ္စ လည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
KNPP ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခူညေးက “BP-13 ဂိတ်ကိစ္စက အရင်တုန်းကတော့ ဆွေးနွေးဖြစ် တယ်။ အခုတော့ မဆွေး နွေးဖြစ်ဘူး။ အစိုးရဘက်ကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် အာဏာပိုင်နဲ့ အမြဲတမ်း ညိုနေတာပဲ။ ထိုင်းဘက်က နယ်စပ်ဂိတ်ထိ ဖောက်ဖို့ ၉ မီတာကျန်တယ်။ ကျနော် အယူအဆကတော့ ထိုင်းက နိုင်ငံရေး အခြေအနေ ကို စောင့်ကြည့် နေတယ်လို့ ပဲ ယူဆတယ်။ ဒါကြောင့် ကျန်တဲ့ ၉ ကီလိုမီတာ ကို မဖောက်သေးဘူူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အသေးစိတ် ကျနော်တို့က မသိဘူး။ အရင်ထဲက ခရီးသွား ဖွံ့ဖြိုးဖို့ သဘောတူထားတာဆိုတော့ ကျနော်တို့ကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ လောလော ဆယ် တော့ ကျနော်တို့ နဲ့ အစိုးရ ဆွေးနွေး ထားတာ မရှိဘူး” ဟု ပြောသည်။
လက်ရှိ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်သည် မြန်မာနိုင်ငံဘက်မှ တရားဝင်ဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်က ယာယီ ကုန်သွယ်ရေးဂိတ် သာဖြစ်ကြောင်း ကုန်သွယ်မှု မြင့်တင်ရေး ဦးစီးဌာန (ကယားပြည်နယ်) မယ်စဲ့နယ်စပ်ဂိတ် ဦးစီးအရာရှိ ဦးစိုးနိုင်က ဧရာဝတီသို့ ပြောသည်။
“အပြည်ပြည်ဆိုင်ရာ လူဝင်/ထွက် ဂိတ်ပေါက်အဖြစ် အရင်ညိုပြီးမှ တရားဝင် ကုန်သွယ်ရေး ဂိတ်လုပ်မယ် ကြားတယ်။ အခု သူတို့ဘက်က ယာယီဖြစ်တယ်။ နှစ်နိုင်ငံ အစည်းအဝေးတွေ မှာတော့ ဒါကို အမြဲ ဆွေးနွေးပါတယ်။ ကျနော်ကြား သလောက်တော့ ထိုင်းဘက်မှာ ရှိတဲ့ ဘုရင့် သစ်တောထဲမှာ ဖောက်ထားတဲ့ လမ်းကြောင့်လို့ ကြားတယ်။ ဘုရင့် သစ်တောလမ်း ဆိုတော့ ဖောက်ရင် သူတို့က ဥပဒေတွေ ဘာတွေ ပြင်ဆင်တာ ပယ်ပျက်တာမျိုး လုပ်ရမှာ ဒါကြောင့် ကြန့်ကြာနေတာလား မသိဘူး”ဟု ၎င်းက သုံးသပ်သည်။
လတ်တလောတွင် ကုန်သွယ်မှုအနေဖြင့် ကုန်ဝင် ကုန်ထွက် ရှိသော်လည်း တရားဝင် ဖွင့်လှစ်ထားခြင်း မဟုတ်သော ကြောင့် မြန်မာဘက်မှ ထိုင်းသို့ ကုန်ပစ္စည်း တင်ပို့မည်ဆိုလျှင် မယ်ဟောင်ဆောင် ခရိုင်သို့ အရင်ဆုံး တင်ပြ တောင်းဆို ရသဖြင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ကြန့်ကြာသည့် အခြေအနေ ဖြစ်ကြောင်းလည်း သိရသည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ ၁ သန်း နှင့် သွင်းကုန် ဒေါ်လာ ၀ ဒသမ ၅ သန်း ကုန်သွယ်မှု ပြုလုပ်ရန် သတ်မှတ်ထားပြီး နှစ်လအတွင်း ဒေါ်လာ ၀ ဒသမ ၅၇၄ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း မယ်စဲ့နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းတာဝန်ခံလည်း ဖြစ်သူ ဦးစိုးနိုင်က ပြောသည်။
ကုန်သွယ်မှုအနေနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်၊ ပဲမျိုးစုံနှင့် ပြောင်းများ ထိုင်း နိုင်ငံသို့ တင်ပို့ပြီး သွင်းကုန်အနေနှင့် အချိုမှုန့်၊ ကော်ဖီမစ်၊ အချိုရည်နှင့် ဓာတ်မြေသြဇာများ ဝင်ရောက်လျက် ရှိသည်။
လက်ရှိတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား နယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူ စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် အဖြစ် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ် ၄ ခုသာ လက်မှတ် ရေးထိုး ဖွင့်လှစ်ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရ သည်။
You may also like these stories:
မြန်မာ့ကြက်သွန်နီ ဝယ်ရန် ဘင်္ဂလားဒေ့ရှ် စိတ်ဝင်စားနေ
လာမည့်နှစ်အတွင်း သတ္တုတွင်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ရှိနေ