စီးပွားရေး

ဗီယမ်နမ် စီးပွားရေး ဈေးကွက် မြန်မာသို့ တိုးချဲ့လာ

ဗီယမ်နမ် စီးပွားရေး ဈေးကွက် မြန်မာသို့ တိုးချဲ့လာကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည် များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သော Vietnam – Myanmar Business Matching Conference ဆွေးနွေးပွဲမှ သိရသည်။

ဗီယမ်နမ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အဝတ်အထည်များ၊ အဆင့်မြင့် လယ်ယာ လုပ်ငန်းသုံး စက်ပစ္စည်းများ နှင့် ဆေးဝါးများကို မြန်မာ့ ဈေးကွက်သို့ ချဲ့ထွင်ရန် ဈေးကွက် ရှာဖွေလိုခြင်း ဖြစ်ကြောင်း ဗီယမ်နမ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ Ms. Mai Thi Thuy က ပြောသည်။

“ကျမတို့ အနေနဲ့ အမေရိကန်၊ ဥရောပ၊ ဂျပန်၊ အာဆီယံ နိုင်ငံများထဲက နိုင်ငံများကို အများကြီး တွေ့ဆုံပြီးတော့ စီးပွားရေး ကိစ္စတွေမှာ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် ဒီတွေ့ဆုံပွဲမှာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ စီးပွားရေး လုပ်ငန်းတွေကို အချင်းချင်း လက်တွဲပြီး လုပ်နိုင်မယ်လို့ ချက်ချင်းတော့ မဖြစ်ပေမယ့် နောက်ပိုင်းမှာ ဖြစ်မယ်လို့ မျှော်လင့် ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ဗီယမ်နမ်- မြန်မာ စီးပွားရေး ဆွေးနွေးပွဲကို နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း အကျိုးတူ စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖုသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် သံတမန်ဆိုင်ရာ ကိစ္စရပ်များအပြင် နှစ်နိုင်ငံ အကျိုး စီးပွားအတွက် နိုင်ငံတကာ နယ်ပယ်တွင် ပါဝင် ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ သကဲ့သို့ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေး တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ဆောင် နိုင်ခဲ့သည့် ဗီယက်နမ်၏ ကြိုးစားအားထုတ်မှုကို အားကျဖွယ်ဖြစ်ကြောင်း၊ ဆင်းရဲမွဲတေမှုကို နှစ်စဉ် ၁ဒသမ ၅ ရာခိုင်နှုန်း လျော့ချနေသည်ကို စိတ်ဝင်စားကြောင်း၊ ထိုအတွေ့အကြုံများကို ဗီယက်နမ် နိုင်ငံသင်ယူနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောဆိုသည်။

UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်က“သူတို့ရဲ့ ထုတ်ကုန်တွေကို မြန်မာဈေး ကွက်ထဲကို ဝင်ချင် တယ်။ ဈေးကွက် ကျယ်ပြန့်အောင် လုပ်ချင်တာ။ သူတို့က ဒီမှာတော့ ကုန်ထုတ်လုပ်မှုပိုင်းတွေ များတယ်။ ရင်းနှီးမြှုပ်နှံမှုက နည်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“အခု ဈေးဝယ် စင်တာတွေမှာ ဆိုရင် စားသောက်ကုန်တွေ က ထိုင်းတို့၊ အင်ဒိုနီးရှားတို့ မလေးရှားတို့ ရှိ သလို အခုဆိုရင် ဗီယမ်နမ်က လာတဲ့ ပစ္စည်းတွေ တော်တော် များများ တွေ့ရတယ်။ ဒါကြောင့် သူတို့က မြန်မာဈေးကွက် ကို ဝင်ရောက် နေရာ ယူလာနိုင်တယ်”ဟု ရှင်းပြသည်။

ဗီယမ်နမ် ထုတ်ကုန်အများစုသည် ပင်လယ်ရေကြောင်းမှသာ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုများ သောကြောင့် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ပြည်တွင်း အကောက်ခွန် ဦးစီးဌာန အစရှိသည်တို့ကို ဖြတ်သန်း လာရ သဖြင့် သုံးစွဲသူများ အနေနှင့် ယုံကြည် စိတ်ချရမှု ရှိကြောင်း ဦးမျိုးသန့်က ဆိုသည်။

ဒီဇင်ဘာ ၂၀ ရက်က UMFCCI တွင် ပြုလုပ်သော ဗီယက်နမ်-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ (ဓာတ်ပုံ – UMFCCI)

ထို့ပြင် မြန်မာနိုင်ငံဘက်ကလည်း ယမန်နေ့က ဆွေးနွေးပွဲတွင် ဗီယမ်နမ် စီးပွားရေး လုပ်ငန်း များနှင့် အလားတူ လုပ်ငန်းရှင် များက ဆွေးနွေးမည်ဖြစ်သောကြောင့် နှစ်ဖက် အကျိုးရှိမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ဦးစိုးဝင်းမောင်က“ကျနော်မြင်တာတော့ တချို့ပစ္စည်းလေး တွေက တခြားနိုင်ငံက လာ တာထက် စာရင် ပြည်တွင်းမှာ နည်းနည်းလေး အရည်အသွေးရှိတဲ့ ဟာကို လူသုံးများတယ်။ အခုက ကဏ္ဍတွေလည်း အစုံဝင်တာ ဖြစ်တော့ တချို့ဟာလေးတွေက ပြည်တွင်း လုပ်ငန်းရှင်တွေကို ကာကွယ်သင့်တာလေးလည်း သက်ဆိုင်ရာ က လုပ်သင့်တယ်လို့  မြင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“အကောင်းဘက်က ကြည့်ရင်တော့ စားသုံးသူအနေနဲ့ ရွေးချယ်စရာ ပိုရ နိုင်တယ်။ အရည်အသွေးကို ကြည့်ပြီး ဝယ်နိုင်တယ်။ ပစ္စည်းများတဲ့အတွက် ဈေးလည်း ချိုလာ နိုင်တယ်။ နောက်တခုက ကိုယ့်ပြည်တွင်းက လုပ်ငန်းရှင် ကလည်း ယုဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ဗီယမ်နမ်ကတော့ ဘယ်လိုလုပ်နေတယ် ဆိုတဲ့ ပုံစံမျိုး လေ့လာပြီး ကိုယ့်ရဲ့ ထုတ်ကုန် ကို ပိုအရည်အသွေးမြင့်အောင်၊ ကောင်းအောင်၊ နိုင်တကာဈေးကွက်ကို ထိုးဖောက်နိုင်အောင် ကြိုးစားမှု ပိုလာ နိုင်တယ်”ဟု ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပဲတီစိမ်း၊ နှမ်းတို့ကို ဗီယမ်နမ်မှ ဝယ်ယူ၍ အခြား ပြည်ပ နိုင်ငံများဖြစ်သည့် ကိုရီးယား၊ ဂျပန် ဈေးကွက်များသို့လည်း ဖြန့်ဖြူးရောင်းချသည်များ ရှိကြောင်း သိရသည်။

ဗီယမ်နမ်နိုင်ငံသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အထိ မြန်မာနိုင်ငံသို့ လုပ်ငန်းပေါင်း ၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၁၆၃ ဒသမ ၇၀၃ သန်း ဝင်ရောက်ထား ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဗီယမ်နမ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင် ၈ဝ က ပြခန်းပေါင်း ၁၂၀ ကျော်ဖြင့် အစား အသောက်နှင့် အဖျော်ယမကာ ကဏ္ဍအတွက် သစ်သီးဖျော်ရည်၊ နို့နှင့်မုန့်ဖုတ် ပစ္စည်းများ၊ လူသုံးကုန် ကဏ္ဍအတွက် စောင်၊ မွေ့ရာ၊ ဖိနပ်၊ ဖက်ရှင် အဝတ်အစား၊ မီးဖိုချောင်သုံး ပစ္စည်းများ အပါအဝင် အိမ်သုံးပစ္စည်းများ၊ စက်နှင့်ပစ္စည်း ကိရိယာ ကဏ္ဍ အတွက် ဝါယာကြိုး၊ ကေဘယ်လ်ကြိုး၊ ပိုက်များ၊ မီးသီးများ၊ ဘက်ထရီများ၊ မီးခလုတ် အမျိုးမျိုးနှင့် ပိုက် ဆက် ပစ္စည်းများ၊ လျှပ်စစ်ဖြတ်တောက် ကိရိယာများ၊ ဆေးဝါးကဏ္ဍ အတွက် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါး မျိုးစုံ ဟူ၍ ကဏ္ဍ လေးမျိုးခွဲကာ ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်လည်း ရှိသည်။

You may also like these stories:

မိုးထိအောင် လှေကားထောင်နေသည့် ကုန်ဈေးနှုန်း နှင့် နေ့စဉ်ဘဝများ

၂၀၂၀ ခုနှစ် မြန်မာ့စီးပွားရေးအတွက် GSP က စိန်ခေါ်မှု ဖြစ်နေ ဟုဆို

စီးပွားရေးဖွံ့ဖြိုးလာသည့် ဗီယက်နမ်ကို အထင်ကြီးမိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Loading