စီးပွားရေး

ပြည်တွင်း ရွှေဈေးကွက်ကို ဗဟိုဘဏ် ထိန်းချုပ်နိုင်ရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

ဗဟိုဘဏ်က အသစ်ပြန်လည် ရေးဆွဲထားသော နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် ရွှေနှင့် လက်ဝတ် ရတနာများ ရောင်းဝယ်ခြင်း အတွက် ဗဟိုဘဏ် ခွင့်ပြုချက်ရယူရန် သတ်မှတ်ချက်များ ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။

စံချိန်မီရွှေ ပိုင်ဆိုင်ခြင်း အပါအဝင် ပြည်တွင်းတွင် ရွှေကို လက်ရောက် ဝယ်ယူခြင်းများ သို့မဟုတ် လက်ရောက် ရောင်းချခြင်း မှတပါး အခြားနည်းလမ်းဖြင့် ဝယ်ယူခြင်း ရောင်းချခြင်းများ အတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုအပ်မည်ဟု အဆိုပါ ဥပဒေကြမ်းတွင် ပါရှိသည်။

ထို ဥပဒေကြမ်းအရ ပြည်တွင်း နေထိုင်သူများသည် စံချိန်မီရွှေ ပိုင်ဆိုင်ခြင်း၊ စံချိန်မီရွှေကို ဝယ်ယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် ချေးငှားခြင်း၊ စံချိန်မီရွှေ ကို ပြည်ပသို့ တင်ပို့ခြင်း နှင့် တင်သွင်းခြင်းများ၊ စံချိန်မမီရွှေ ချေးယူခြင်း သို့မဟုတ် ချေးငှားခြင်း၊ စံချိန်မမီရွှေ (သို့မဟုတ်) လက်ဝတ်ရတနာကို ပြည်ပမှ တင်သွင်းခြင်း နှင့် ရွှေကို လက်ရောက် ရောင်းဝယ်ခြင်း များမှတပါး တခြားနည်းလမ်းဖြင့် ရောင်းဝယ်ခြင်းများကို ဗဟိုဘဏ်၏ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။

စံချိန်မီရွှေကို ရွှေသန့်စင်မှု ၉၉ ဒသမ ရာခိုင်နှုန်း နှင့် အထက်ရှိသော ရွှေချောင်း၊ ရွှေတုံး နှင့် ရွှေဒင်္ဂါးများ ဖြစ်ကြောင်း ဗဟိုဘဏ်၏ဥပဒေကြမ်းတွင် သတ်မှတ်ထားသည်။

စံချိန်မမီရွှေ သည် မည့်သည့် ပုံသဏ္ဍာန်မဆို ရှိသည့် ရွှေ နှင့် ရွှေ၊ သတ္တု နှင့် ကျောက်မျက်ရတနာ တခုခုဖြင့် ပေါင်းစပ်ထား သော လက်ဝတ်ရတနာများကို ဆိုလိုကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် ဗဟိုဘဏ်က ရွှေ နှင့် လက်ဝတ်ရတနာ အရောင်း အဝယ် များကို ထိန်းချုပ်ရန် ရည်ရွယ်သည်ဟု ယူဆရသော အခန်း ခန်း ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။

ယင်း ဥပဒေကြမ်း၌ နိုင်ငံအတွင်း ရွှေကို လက်ရောက် ဝယ်ယူခြင်း သို့ လက်ရောက် ရောင်းချခြင်းများကို ဗဟို ဘဏ်၏ ခွင့်ပြုချက် ရယူရန် မလိုအပ်ကြောင်း၊ အခြားနည်းလမ်းဖြင့် ဝယ်ယူခြင်း (သို့မဟုတ်) ရောင်းချခြင်း များကိုမူ ခွင့်ပြုချက် ရယူရန် လိုအပ်မည် ဖြစ်ကြောင်း ဖော်ပြထားသော်လည်း အခြားနည်းလမ်း ဆိုသည်ကိုမူ သေချာ ရှင်းပြထားခြင်း မရှိပါ။

ထို အခြားနည်းလမ်းသည် ရွှေဆိုင်များတွင် လာရောက် ရောင်းဝယ်ခြင်းများ မဟုတ်ဘဲ တယ်လီဖုန်းများဖြင့် ဆက်သွယ် ရောင်းချခြင်းများကို ဆိုလိုခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ထိုဥပဒေကြမ်းအရ ရွှေအရောင်းအဝယ် ဈေးကွက်ကို ဗဟိုဘဏ်က ထိန်းချုပ်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ ရွှေဈေး သည် တနေ့ သုံးကြိမ် အပြောင်းအလဲရှိပြီး ယင်းအပေါ်မူတည်၍ အရောင်းအဝယ် ပြုလုပ်ကြခြင်းကြောင့် အရောင်းအဝယ် လုပ်ဆောင်ချိန်တိုင်း ဗဟိုဘဏ် ခွင့်ပြုချက်ရယူရန် မလွယ်ကူနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။ 

ထို့ပြင် ရွှေသန့်စင်မှု ၉၉ ဒသမ ရာခိုင်နှုန်းကို စံချိန်မီရွှေအဖြစ် သတ်မှတ်ခြင်းသည်လည်း နိုင်ငံတကာ စံနှုန်း ရွှေသန့်စင်မှု ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းထက် လျော့ကျနေခြင်းကြောင့် နိုင်ငံတကာနှင့် ရွှေအရောင်းအဝယ် ပြုလုပ်ရာတွင် အဆင်မပြေနိုင် ကြောင်း ဦးမျိုးမြင့် ကလည်း ထောက်ပြ ပြောဆိုသည်။

၎င်းကတကမ္ဘာလုံးမှာက ဘဏ်တွေမှာ အပ်နှံထားတဲ့ ရွှေသည် ၉၉ ဒသမ ၉၉ ဆိုရင် ကမ္ဘာမှာလည်း အရောင်း အဝယ် လုပ်လို့ရတယ်။ ဒီက ရွှေက ၉၉ ဒသမ ဆိုရင် ကျနော်တို့ မြန်မာပြည်က ရွှေကို ဘယ်မှာမှ ရောင်းလို့ ရမှာ မဟုတ်တော့ဘူး။ အရည်အသွေးနိမ့်တဲ့ အဆင့်ဖြစ်သွားမှာပေါ့ဟု ပြောသည်။  

ယခု ဥပဒေကြမ်းသည် ရွှေလုပ်ငန်း လုပ်ကိုင်နေသော ရန်ကုန်၊ မန္တလေးမှ လုပ်ငန်းရှင်များ နှင့် အသင်းအဖွဲ့ များကို ဆွေးနွေး တိုင်ပင်ခြင်း မရှိဘဲ ရေးဆွဲထားခြင်းကြောင့် ဈေးကွက် အခြေအနေများနှင့် ကိုက်ညီမှုမရှိ၍ လုပ်ငန်းရှင်များက ဗဟိုဘဏ်နှင့် သွားရောက် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

ဦးမျိုးမြင့်က၉၉ ဒသမ ၉၉ ဆိုရင် အခွန် ကင်းလွတ်ခွင့်ရှိတယ်။ အဲ့ဒါကို ကုန်သည်တချို့က ၉၉ ဒသမ အထိ ကို အခွန် ကင်းလွတ်ချင်တဲ့ သဘော ရှိတော့ အဲ့ဒီလို ရည်ရွယ်တယ်လို့ပဲ ထင်တယ်ဟု ပြောသည်။ 

စံချိန်မမီရွှေများနှင့် ပတ်သက်ပြီး တကိုယ်ရေ သုံးစွဲခြင်း၊ ပြည်တွင်းတွင် လက်ရောက် ရောင်းဝယ်ခြင်းများကိုမူ ဗဟိုဘဏ်၏ ခွင့်ပြုချက်ယူရန် မလိုအပ်ဘဲ စံချိန်မမီရွှေ နှင့် လက်ဝတ်ရတနာများကို ပြည်ပ တင်ပို့မည် ဆိုပါက စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့် အညီ တင်ပို့နိုင်မည် ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။ 

လက်ရှိအချိန်တွင် ဥပဒေကြမ်းအဆင့်သာ ရှိသေးခြင်းကြောင့် ရွှေဈေးကွက်အပေါ်ကို ရိုက်ခတ်နိုင်ချေ မရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

ဥပဒေကြမ်းပါ စံချိန်မီရွှေ သတ်မှတ်ချက် ၉၉ ဒသမ ရာခိုင်နှုန်းသည် London Bullion Market Association (LBMA) သတ်မှတ်ချက် အတိုင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်း အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက၉၉ ဒသမ ကတော့ ရွှေကို တကယ်ကို စံချိန်မီလို့ သတ်မှတ်တဲ့ London Gold Bullion Market (LBMA) ရဲ့ သတ်မှတ်ချက်ကို ယူထားတာပါဟု ရှင်းပြသည်။

မြန်မာ ရွှေလုပ်ငန်း ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါက်တာ ရဲသူအောင်ကမူ ပြည်တွင်း ရွှေဈေးကွက်တွင် စံချိန်စံညွှန်းမီ ရွှေ အရည်အသွေး သတ်မှတ်ချက်တခုကို တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးသည့် အတွက် လက်တွေ့ နှင့် သိပ်မကိုက်ညီမှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

သူက (ဗဟိုဘဏ်) အဓိကက ငွေဖြူငွေမည်း ထိန်းချင်တာပေါ့ ဒါကဖြည်းဖြည်းချင်းတော့ လုပ်ရမှာပေါ့။ လုပ်ထုံးလုပ်နည်း မရှိသေးတော့ နည်းနည်းတော့ အခက်အခဲ ရှိနိုင်တယ်ဟု ၎င်းက ဆိုသည်။

လက်ရှိပြည်တွင်းဈေးကွက်တွင် ရွှေသန့်စင်မှု ၉၉ ဒသမ ရာခိုင်နှုန်း ရှိသော အကယ်ဒမီ အခေါက်ရွှေများကို စံချိန်မီရွှေ အဖြစ် သတ်မှတ်၍ အရောင်းအဝယ် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သော စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၏ ကုန်သွယ် လုပ်ငန်း ခွန် ကင်းလွတ်ခွင့် ပြုခဲ့သော ရွှေစင်ရွှေတုံး အဓိပ္ပာယ် သတ်မှတ်ချက် အမိန့်ကြော်ငြာစာတွင် ရွှေသန့်စင်မှု ၉၉ ဒသမ ရာခိုင်နှုန်းမှ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ပါသော စံချိန်မီ ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါး ဟု သတ်မှတ်ခဲ့ဖူးသည်။

You may also like these stories:

၂၀၃၀ တွင် မြန်မာနိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ ဖွဲ့စည်းမည် ဟုဆို

စီး/ကူး ဝန်ကြီး ဒေါက်တာသန်းမြင့် ကျန်းမာရေးကြောင့် ယာယီခွင့်ယူ

တရုတ်က စိုက်ပျိုးရေး ချေးငွေ ဒေါ်လာသန်း ၁၀၀ လွှတ်တော်တွင် မေးခွန်းထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading