အမေရိကန်- အီရန်၂ နိုင်ငံ ဆက်ဆံရေး တင်းမာနေခြင်းကြောင့် ကမ္ဘာ့ရွှေဈေးများ မြင့်တက်လာသလို မြန်မာ့ရွှေဈေးမှာ လည်း ပြန်လည် မြင့်တက်လာကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က “အီရန်ကို အမေရိကန်က စီးပွားရေး ပိတ် ဆို့မယ်ဆိုတော့ အမေရိကန် ဒေါ်လာအစား ရွှေကို ပြောင်းကိုင်ကြတာပေါ့။ အဓိကတော့ အီရတ်မှာ ဖြစ်တဲ့ကိစ္စကြောင့် အစ္စလာမ်နိုင်ငံတွေက ဒေါ်လာအစား ရွှေကို ပြန်သုံးကြတယ်။ အဲဒီတော့ ဝုန်းကနဲ ကမ္ဘာ့ရွှေဈေးက တက်ပြီး မြန်မာ့ ရွှေ ဈေးကလည်း လိုက်တက်တဲ့ သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီလ ၁ ရက်က ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၂၀ ဝန်းကျင်တွင် ရှိနေရာမှ ကမ္ဘာ့နိုင်ငံ ရေး အခြေအနေများကြောင့် ၁ အောင်စလျှင် ဒေါ်လာ ၁၅၆၆ အထိ ဖြစ်လာခဲ့ပြီး ဒေါ်လာ ၅၀ အထိ မြင့်တက်လာ သည်။
ထို့အတူ မြန်မာ့ ရွှေဈေးမှာလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကယ်ဒမီ အခေါက်ရွေွှ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၈ သောင်းကျော် ဝန်းကျင်ရှိခဲ့ရာမှ ငွေကျပ် ၄ သောင်းဝန်းကျင်သို့ မြင့်တက်သွားကြောင်း YGEA စာရင်းများတွင် ဖော်ပြ ထားသည်။
ယနေ့ မြန်မာ့ ရွှေဈေးနှုန်းမှာ အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း၂ သောင်းဝန်းကျင် နှင့် ၁၅ ပဲရည် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၄ သောင်း ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
ဦးမျိုးမြင့်က “ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေး တက်ပေမယ့် နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ သူတွေက ငွေလွှဲတွေ များတဲ့အခါ ဒီမှာ ဒေါ်လာဈေး ပြန်ကျလာတဲ့ သဘောရှိတော့ ရွှေဈေးက ခံသာနေတယ်။ ပြည်တွင်း ဒေါ်လာဈေးက အခုမှ ကျနေတုန်းပဲ ရှိသေးတော့ ရွှေက ကျပ် ၁၂ သိန်း ပတ်ချာလည်မှာပဲ ရှိနိုင်သေးတယ်” ဟု သုံးသပ် ပြောဆိုသည်။
လက်ရှိတွင် မြန်မာ့ရွှေ ဈေးကွက်သည် အရောင်းအဝယ် အေးနေပြီး အိမ်နီးချင်းနိုင်ငံ ဖြစ်သော အိန္ဒိယသို့ ထွက်ရှိမှုမှာလည်း နည်းနေကြောင်း ၎င်းက ဆိုသည်။
ရွှေလုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမျိုးမြင့်က “အရင်ကတော့ အိန္ဒိယဘက်ကို တရားမဝင် သွားတာတွေ ရှိတယ်။ အခုက အိန္ဒိယ ဘက်က ရွှေတရားမဝင် ဝင်တာကို ဆန္ဒတွေပြ ဘာတွေပြဆိုတော့ သူတို့ဆီမှာလည်း ရွှေဈေးကွက် ပျက်နေတယ်။ ဒါကြောင့် မြန်မာ့ရွှေက ဘေးလည်း မထွက်ဘူး။ ပြည်တွင်းမှာလည်း အဝယ်နည်းတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ် သြဂုတ်လကလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုကြောင့် ရုတ်တရက် မြန်မာ့ရွှေဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေ တည်ငြိမ်သွားမှ ရွှေဈေးနှုန်း အနည်းငယ် ပြန်လည် ကျ ဆင်းသွားကြောင်း ဈေးကွက်အတွင်းက သိရသည်။
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက “ရန်ကုန်နဲ့ဆိုရင် ကျနော်တို့ဆီက ဈေးငြိမ်ရင် ကျပ် ၃၀၀ ကနေ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်လောက် ကွာတယ်။ တခါတလေဆိုရင်တော့ ကျပ် ၁ ထောင်လောက် ကွာတယ်။ အရောင်း အဝယ်က ပုံမှန်ပါပဲ။ ရွှေဈေးက ကမာ္ဘ့နိုင်ငံရေးနဲ့ ဆိုင်နေတော့ အခုက သိပ်ပြီး ကျစရာ မရှိဘူး” ဟု ဧရာဝတီသို့ ပြော သည်။
ဆက်လက်၍ ၎င်းက “လောလောဆယ်က အီရန်နဲ့ အမေရိကန် ငြိမ်သွားရင် တမျိုးပေါ့။ နောက်တခါ မြောက်ကိုရီးယားနဲ့ အမေရိကန် အရေး၊ တရုတ်နဲ့ အမေရိကန် ဖြစ်ပြန်ရင် သူလုပ်နေတဲ့အပေါ်မှာ ကမာ္ဘ့ရွှေဈေး အပြောင်းအလဲ ရှိတယ်။ ကျနော်တို့က ကမာ္ဘ့ရွှေ ၁ အောင်စ ၁၆၀၀ အထိ ဖြစ်မယ် မှန်းတာ။ ဖြစ်တော့ မဖြစ်သေးဘူး။ ဒါလည်း ကမာ္ဘ့ရွှေဈေးက ဒေါ်လာ ၃၀ လောက်ကို တက်နေတာ” ဟု ရှင်းပြသည်။
လတ်တလော၌ ကမ္ဘာ့ရွှေဈေးပေါ်တွင်သာ မြန်မာ့ရွှေဈေးကွက်မှာ မူတည်နေသောကြောင့် ဈေးကွက် အလားအလာကို သုံးသပ်ရ ခက်နေကြောင်း၊ ပြည်တွင်း ရန်ကုန်၊ မန္တလေး ဈေးကွက်အတွင်း ခပ်အေးအေးနှင် ပုံမှန် အရောင်းအဝယ် ဖြစ်နေ ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်မြို့ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က “မြင့်တက်နေတာက အမေရိကန်နဲ့ အီရန် နိုင်ငံရေး အခြေအနေ အရမ်း တင်းမာနေလို့ ကမ္ဘာ့ရွှေဈေးတွေက အများကြီး တက်သွားတယ်။ အဲဒီတော့ မြန်မာ့ရွှေဈေးကလည်း မြင့်သွားတယ်။ ဇန်နဝါရီလ ၆ ရက်က ဆိုရင် ၁ အောင်စကို ဒေါ်လာ ၁၅၇၀ ကျော် အထိ တက်သွားတယ်” ဟု ဈေးကွက် အတက်၊ အကျ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် လက်ဝတ်ရတနာ ရွှေထည် အရောင်းအဝယ်များမှာ ပုံမှန်ဖြစ်သော်လည်း ဈေးကွက်အတွင်း ရွှေဈေး အတက် အကျမှာ ကြမ်းနေမည် ဖြစ်ကြောင်း ဈေးကွက် အလားအလာကို ၎င်းက သုံးသပ်ပြောဆိုသည်။
ကိုဇော်အောင်က “အမေရိကန်- အီရန်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တွေ ဆွေးနွေးမှုက ပြေလည်တယ်ဆို ဈေးတွေ ကျမယ်။ မပြေလည်ဘူး ဆိုရင်လည်း ဈေးတွေ တက်မယ်ဆိုတော့ မတည်မငြိမ်တော့ ဖြစ်နေမှာပါ” ဟု ရှင်းပြသည်။
မြန်မာ့ရွှေဈေးသည် ကမာ္ဘ့နိုင်ငံရေး အခြေအနေများနှင့် သက်ဆိုင်နေသောကြောင့် လတ်တလောတွင် ဈေးကွက် အခြေ အနေကို မှန်း၍ မရသေးကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုသည်။
You may also like these stories:
ရွှေ အရောင်းအဝယ်တွင် ကွန်ပျူတာစနစ် အသုံးပြုရန် စီစဉ်
ရွှေဈေး ထိုးတက် ဝယ်လိုအား ကျဆင်း