သြစတြေးလျ မီးသတ်သမားများသည် အင်္ဂါနေ့၏ အေးမြသော ရာသီဥတုကို အသုံးချပြီး နိုင်ငံအရှေ့တောင်ပိုင်းတွင် လောင်ကျွမ်းနေသည့် တောမီး ၂၀၀ ခန့်ကို ထိန်းချုပ်ရန်ကြိုးစားနေချိန်တွင် ဝန်ကြီးချုပ် စကော့မောရစ်ဆင်သည် အကျပ်အတည်းကို ဆွေးနွေးရန် ဘဏ်များနှင့်အာမခံလုပ်ငန်းများနှင့်တွေ့ဆုံခဲ့သည်။
ထိုတောမီးများသည် သြစတြေးလျ တနိုင်ငံလုံးမှ မြေဟက်တာ ၈ သန်းကျော်တွင် လောင်ကျွမ်းပြီး လူ ၂၅ ဦးသေဆုံးကာ အိမ်ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။
တောမီးကြောင့် ပေးရမည့် အာမခံကြေးမှာ သြစတြေးလျဒေါ်လာ သန်း ၇၀၀ (အမေရိကန်ဒေါ်လာ ၄၈၅.၅၉ သန်း) ရှိမည်ဟု သြစတြေးလျ အာမခံကောင်စီက အင်္ဂါနေ့တွင် ခန့်မှန်းသည်။ မီးလောင်ပြီးသောနေရာများသို့ သွားရောက်နိုင်သောအခါ ထိုလျှော်ကြေးသည် ပိုမိုမြင့်မားလာနိုင်သည်။
လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ပြီး ကျေးလက်မြို့များတွင် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ပြတ်တောက်နေသည်။ တချို့ နေရာများတွင် သောက်သုံးရေပင် ပြတ်လပ်နေသည်။ စစ်တပ်နှင့် ညှှိနှိုင်းဆောင်ရွက်ရသည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေရသည်။
ထိုအကျပ်အတည်းကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရသော မောရစ်ဆင်က အမျိုးသား တောမီးပြန်လည်ထူထောင်ရေး အေဂျင်စီကို ထူထောင်ရန် သြစတြေးလျဒေါ်လာ ၂ ဘီလျံသုံးမည်ဟု တနင်္လာနေ့က ကတိပြုသည်။ ထိုသို့ကတိပြုခြင်းသည် သူ၏ရွေးကောက်ပွဲကတိဖြစ်သော ယခု ဘဏ္ဍာရေးနှစ်တွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် အသုံးစရိတ်ပိုငွေဖြစ်အောင် လုပ်မည်ဟူသည့် သူ၏ ရွေးကောက်ပွဲကတိကို ဖောက်ဖျက်ရတော့မည့် အလားအလာ ရှိနေသည်။
“စီးပွားရေးကတော့ သိသိသာသာ ထိခိုက်တော့မယ်။ ဒါပေမယ့် ဒီလူမှုအသိုင်းအဝန်းတွေကို ကျနော်တို့ ငွေအမြန်ထုတ်ပေးချင်တယ်” ဟု ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးအကြီးအကဲများ မတွေ့ဆုံမီ ဘဏ္ဍာရေးဝန်ကြီး ဂျော့ရှ် ဖရိုင်ဒန်ဘတ်က သြစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်းအကြီးအကဲအား ပြောသည်။
မြေပြင်တွင် မီးသတ်သမားများသည် ခန့်မှန်းထားသည့်အတိုင်း ယခုတပတ်အတွင်း အပူချိန် ပြန်တက်ကာ လေတိုက်မလာမီ မီးကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်အောင်ကြိုစားနေကြသည်။ ထိုသို့ဖြစ်လာပါက တောမီးသစ်များ ထပ်မံဖြစ်ပေါ်စေနိုင်သည်။
“သူတို့က မီးကို ထိန်းချုပ်နိုင်အောင်ကြိုးစားပြီး အပူချိန်တက်လာရင် မီးပြန်လောင်မယ့်နေရာ အနည်းဆုံးဖြစ်အောင် လုပ်နေတယ်” ဟု နယူးဆော့သ်ဝေး ကျေးလက်မီးသတ်ဌာနမှ ဒုတိယကော်မရှင်နာ ရော့ဘ် ရော်ဂျာက သတင်းထောက်များကိုပြောသည်။
“တောမီးအားလုံးကို ထိန်းချုပ်နိုင်ဖို့ အလားအလာတော့ မရှိဘူး၊ ဒါပေမယ့် အခုလိုအချိန်ကို ကျနော်တို့အသုံးချနိုင်တယ်” ဟု သူက ပြောသည်။
သြစတြေးလျတောမီးနှင့် ပတ်သက်သည့် အရေးပါသောအချက်များကို အောက်တွင်ဖော်ပြထားသည်။
အင်္ဂါနေ့ကထုတ်ပြန်သည့် အချက်အလက်များအရ တောမီးသည် စီးပွားရေးကို စတင်ထိခိုက်နေပြီဖြစ်သည်။ စားသုံးသူ ယုံကြည်မှု အညွှန်းကိန်းသည် လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်နေပြီး အလုပ်အကိုင်ကြော်ငြာမှာ ဒီဇင်ဘာလတွင် ၇ လအတွင်း အများဆုံး ကျဆင်းသွားသည်။
သေဆုံးသွားသော သိုး၊ ဆိတ်၊ ကျွဲနွား ၄၀၀၀ ခန့်ကို ကူညီမြှုပ်နှံပေးရန် သြစတြေးလျစစ်တပ်ကို ချထားရသည်။ ထိုသေဆုံးတိရစာ္ဆန်များထံမှ တဆင့် ရောဂါပျံ့နှံ့မည်ကို စိုးရိမ်သောကြောင့် အမြန်ဆုံးမြှုပ်နှံရန် အာဏာပိုင်များက ဆန္ဒရှိသည်။
ဗစ်တိုးရီးယားပြည်နယ်တွင် မီးခိုးအန္တရာယ်ကြောင့် အရေးပေါ်ကုသမှု တောင်းခံသည့်အရေအတွက်သည် တနင်္လာနေ့တွင် ၅၁ ရာခိုင်နှုန်းတက်လာကြောင်း အာဏာပိုင်များက ပြောသည်။
နယူးဆော့သ်ဝေးပြည်နယ်တွင် တောမီး ၁၃၇ ခုရှိပြီး အားလုံးမှာ အကြံပေးသည့်အဆင့်သို့ ပြန်ရောက်ကာ အနိမ့်ဆုံး သတိပေးနှုန်းသာ ရှိသည်။
ဗစ်တိုးရီးယားပြည်နယ်တွင် တောမီး ၃၉ ခုရှိပြီး စောင့်ကြည့်ငြှိမ်းသတ် အဆင့် သတ်မှတ်ထားသည်။
ပျောက်ဆုံးသူအားလုံးကို မှတ်တမ်းတင်ထားပြီးကြောင်း အာဏာပိုင်များက ပြောသည်။
လူဦးရေးအထူထပ်ဆုံး နယူးဆော့သ်ဝေးတွင် အိမ် ၁၆၀၀ နီးပါးပျက်စီးသည်ဟု အာဏာပိုင်များက ပြောကြသည်။ ဗစ်တိုးရီးယားပြည်နယ်တွင် အိမ် ၃၀၀ ပျက်စီးသည်။
သြစတြေးလျ အာမခံကောင်စီက နိုဝင်ဘာလ ၈ ရက်နေ့တွင် တောမီးကပ်ဘေး ကြေညာပြီးနောက် နယူးဆော့သ်ဝေး၊ ဗစ်တိုးရီးယား၊ တောင်သြစတြေးလျနှင့် ကွင်းစလန်မှ တောမီးနှင့်ပတ်သက်သည့် အာမခံလျှော်ကြေး တောင်းခံမှု ၈၉၈၅ ခု ရှိကြောင်း အာမခံလုပ်ငန်းများက ပြောသည်။ ထိုလျှော်ကြေးသည် သြစတြေးလျဒေါ်လာ ၇၀၀ သန်း ရှိမည်ဖြစ်သည်။ လက်ရှိအချိန်အထိ အိုးအိမ် ၁၈၃၈ ခုအထိ ပျက်စီးကြောင်း ကောင်စီက မှတ်တမ်း တင်ထားသည်။
ဝန်ကြီးချုပ်မောရစ်ဆင် အစိုးရတွင် အရေးပါမှု မရှိသောသူတဦးက တောမီးနှင့် ရာသီဥတုပြောင်းလဲမှု မသက်ဆိုင်ကြောင်း “Good Morning Britain” ITV အစီအစဉ်တွင် ပြောသောကြောင့် ဝေဖန်ခံနေရသည်။ “ဆက်စပ်မှုမရှိဘူး။ မီးလောင်စေတဲ့အချက်က မိုးခေါင်တာနဲ့ ပတ်ဝန်းကျင်ခြောက်သွေ့တာကြောင့်” ဟု လွှတ်တော်ကိုယ်စားလှယ် ခရိတ် ကယ်လီက ပြောသည်။
ကိုးကား ။ ။ Reuters
You may also like these stories:
နိုင်ငံတကာစံနှုန်းနှင့် အညီဖြစ်စေမည့် ကုန်သွယ်မှု ဥပဒေသစ် ရေးဆွဲ နေ
ဗီယမ်နမ် စီးပွားရေး ဈေးကွက် မြန်မာသို့ တိုးချဲ့လာ
မယ့်ဟောင်ဆောင်- မယ်စဲ့ နယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်နိုင်ရန် ညိုနှိုင်းနေ