ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) က တည်ထောင်ထားသော ကားကုမ္ပဏီများမှာ ယနေ့အထိ အရှုံးပေါ်နေဆဲ ဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ Sky Star ဟိုတယ်တွင် ပြုလုပ်သော YRTA ၃ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။
ဝန်ကြီးချုပ် က “အစိုးရက တည်ထောင်ထားတဲ့ ကားကုမ္ပဏီတွေ အရှုံးပေါ်နေတယ်။ ဒါက ကျနော်တို့ရဲ့ ကားတွေကို အရင်းကြေ ကာလ ၅ နှစ် သတ်မှတ်တဲ့အခါ အစပိုင်း ၃ နှစ် လောက်မှာ ကျနော်တို့ အရှုံးပေါ်မယ်။ ဘာကြောင့်လည်း ဆိုတော့ ပြည်သူလူထု ဆီကလည်း တိုးမကောက်ချင်ဘူး။ ၅ နှစ်အတွင်းမှာလည်း အရင်းကြေချင်တယ် ဆိုရင်တော့ ဒီအခြေအနေ တခုကို ရုန်းကန်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သို့သော်လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “အစိုးရ ထူထောင်ထားတဲ့ ကားကုမ္ပဏီတွေ (အမြဲတမ်း) အရှုံးပေါ်နေလို့ မရပါဘူး” ဟု ဆိုသည်။
၂၀၁၆ ခုနှစ်တွင် မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို ကြီးကြပ်စီမံရန် ရန်ကုန်တိုင်း အစိုးရက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ (YRTA) ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (YUPT) နှင့် Yangon Bus Public Co., Ltd (YBPC) တို့တွင် ၁ ခုလျှင် ကျပ် ၃၅ ဘီလျံစီ ရင်းနှီးမြှုပ်နှံခဲ့သည်။
ထို့အပြင် တိုင်းအစိုးရသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် ကုမ္ပဏီ ၂ ခုတွင် ထည့်ဝင်ထား သော ငွေကို ပျောက်ပျက်အောင် အခြားနေရာများတွင် သုံးစွဲခွင့် မရှိဘဲ “ချေးငွေ အသုံး” ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည့် YRTA အစည်းအဝေးတွင်လည်း ပြောဆိုခဲ့ပြီး ဖြစ်သည်ဟု ဝန်ကြီးချုပ်က ရှင်းပြသည်။
အစီးရေ ၁၀၀ ကျော် ပြေးဆွဲလျက်ရှိသော အဆိုပါ YBS ယာဉ်လိုင်းများ၏ ပြေးဆွဲမှုမှ ငွေအရင်းကြေ ကာလကို အချိန်တို အတွင်း လိုချင်သော်လည်း ခန့်မှန်းခြေအရ စတင်ပြေးဆွဲချိန်မှ စကာ ၅ နှစ်နှင့် ၈ နှစ် အကြားတွင် အရင်းကြေရမည်ဟု ပြည်ထောင်အစိုးရ က သတ်မှတ်ထားသည်။
ထို့အပြင် အခြား ပုဂ္ဂလိက ကုမ္ပဏီကြီးများ အနေဖြင့်လည်း အဆင့်မြင့် ကားကြီးများဖြင့် ယာဉ်လိုင်းများအတွင်း ရင်းနှီး မြှုပ်နှံရာတွင် ကား ၁ စီးလျှင် ကျပ် သိန်းပေါင်း ၁ ထောင် ဝန်းကျင်ခန့် ကုန်ကျစရိတ် ရှိနေသောကြောင့် တင်သွင်း လာသည့် အခြားသော အလယ်အလတ်ကားများနှင့် ယှဉ်ပြိုင်၍ ဈေးနှုန်း ကောက်ခံရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် ပိုများသည့် ကုမ္ပဏီများ မှာ နစ်နာမှု ရှိနေကြောင်း Complain တက်ကြကြောင်း၊ ထို အခြေအနေများကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ရန် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရှယ်ယာ ထည့်ဝင်ထားသည့် YUPT အများပိုင် ဘတ်စ်ကားကုမ္ပဏီတွင် ယာဉ်ပိုင်ရှင် ၃၀၀ ခန့် ရှယ်ယာ ထည့်ဝင်ထားပြီး ၃ နှစ် ကြာသည်အထိ အမြတ်ငွေ မရရှိသေးသောကြောင့် ရှယ်ယာရှင် ၂၀၀ ခန့်က YUPT ၏ ရှယ်ယာပြဿနာကို ပြန်လည် သုံးသပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံသို့ တင်ပြထားကြောင်း YRTA မှ သိရသည်။
YUPT ကုမ္ပဏီတွင် ကျပ်သိန်း ၉၀၀ ထည့်ဝင်ထားသော ရှယ်ယာရှင် ဦးထွန်းဦး က “နောက် ၅ နှစ်နေလည်း အရင်းကြေ ကာလ ကြေမှာ မဟုတ်ဘူး။ ဝန်ကြီးချုပ်က မထသကို ဖျက်ပြီး YBS သွားမယ်။ လစဉ် သင့်တင့်တဲ့ အမြတ်တခု ရမယ်ပေါ့။ အခုက ၃ နှစ်ရှိ အမြတ်မရဘူး။ တော်တော်နစ်နာတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဘာကြောင့် နောက် ၅ နှစ်လည်း မမြတ်နိုင်ဘူးလည်းဆိုတော့ အခု ကားပျက်နေတာက အစီးရေ ၁၀၀ ကျော်လောက်ရှိတယ်။ ကားပျက်ရင် ပြင်ဖို့ ကုမ္ပဏီဆိုတော့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ စောင့်ရတာနဲ့ ကြာတယ်။ ဒါရိုက်တာတွေက ကားလောကကို ကျွမ်းကျင်တဲ့သူတွေ မဟုတ်ဘူး။ ယာဉ်စီးခ ကျပ် ၂၀၀ ကလည်း ဝေးရင် ဘယ်လိုမှ မကိုက်ဘူး။ ယာဉ်စီးခ မထည့်တဲ့ သူတွေလည်း ရှိတယ်။ ဒါကြောင့် အရင်းက ကြေမှာမဟုတ်ဘူး”ဟု ပြောသည်။
ထိုကြောင့် YUPT ကုမ္ပဏီတွင် ရှယ်ယာထည့် ဝင်ထားသော ရှယ်ယာရှင် ၂၂၆ ဦးမှ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် အစိုးရသို့ ရှယ်ယာများ ပြန်လည်ဝယ်ယူပေးရန် ဒုတိယအကြိမ် တင်ပြထားပြီး စက်မှုလက်မှုနှင့် လျှပ်စစ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဝယ်ယူပေးမည်ဟု အာမခံထားကြောင်း ၎င်းက ပြောသည်။
You may also like these stories:
ကျပ်သိန်း ၇၀၀၀ ကျော် အမြတ်ရသည့် YRTA အစိုးရကို ဝင်ငွေခွန်မဆောင်ဟု စာရင်းစစ်ချုပ်ထောက်ပြ
YUPT အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများ အစိုးရ ပြန်ဝယ်ရန် တောင်းဆို
YUPT အများပိုင် ကုမ္ပဏီ ရှယ်ယာရှင်များ ၃ နှစ်ကြာသည်အထိ အမြတ်ငွေ မရဟုဆို