တရုတ်နှစ်သစ်ကူး ကာလကြောင့် မူဆယ် သစ်သီးဝလံ အရောင်းကွင်းတွင် ဖရဲသီး၊ သခွားသီး ရောင်းဝယ်မှုကို ၃ ရက်တာ ရပ်နားမည် ဖြစ်ကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဧရာဝတီကို ပြောသည်။
“တရုတ်နှစ်ကူးကြောင့် တရုတ်အကောက်ခွန် ဌာနက ပိတ်တယ်။ အဲဒီက အလုပ်မလုပ်ရင် သစ်သီးကားတွေ ဝင်လို့ မရဘူးလေ။ ဒါကြောင့် သူတို့နားရက် အတိုင်း အရောင်းအဝယ်ကို လိုက်နားတာပါ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ မူဆယ် ဖရဲ၊ သခွားဈေးကွက်သည် တရုတ်နှစ်ကူးကာလ နီးချိန်ဖြစ်သဖြင့် အရောင်းအဝယ် သွက်ကာ ဝယ်လိုအား များသဖြင့် ဈေးလည်း ကောင်းသည်ဟု မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။
“မနှစ်က နှစ်ကူးချိန်နဲ့ ယှဉ်ရင် ဈေးက ၂၀ ရာခိုင်နှုန်းလောက် တက်လာတယ်လို့ ပြောလို့ရတယ်။ ဝယ်လိုအားလည်း အရမ်းကောင်းနေတယ်။ နှစ်ကူးပြီးရင်တော့ အရောင်းအဝယ် နည်းနည်းအေးသွားမယ့် အခြေအနေရှိတယ်” ဟု ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ရှင်းပြသည်။
လာမည့် ဇန်နဝါရီ ၂၄၊ ၂၅၊ ၂၆ ရက်တို့တွင် တရုတ် အကောက်ခွန်ဌာနက တရုတ်နှစ်သစ်ကူး ရုံးပိတ်မည်ဖြစ်ရာ အဆိုပါကာလအတွင်း တရုတ်နိုင်ငံ အတွင်းသို့ တင်သွင်းလာသော ကုန်စည်များအား စစ်ဆေးမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် ဖရဲသခွားကဲ့သို့ အထားမခံသော ကုန်စည်များအား ရုံးပိတ်ရက်နှင့် တိုက်၍ တင်ပို့မိသော တောင်သူများ အတွက် လေလွင့် ဆုံးရှုံးမှု မဖြစ်စေရန်အတွက် ယခုလို အရောင်းအဝယ်ကို ရပ်နားခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒိုင်ဘက်ကလည်း ဒီကိစ္စကို ကြိုတင် ကြေညာပေးတဲ့အတွက် ထူးခြားတဲ့ သက်ရောက်မှုမျိုးတော့ မရှိပါဘူး။ အရောင်းအဝယ် နားမယ့်ရက်နဲ့ အချိန်မှန်းပြီး ကိုယ့်အခင်းက အသီးကို ကြိုခူးမလား၊ နည်းနည်းနောက်ကျပြီးမှ ခူးမလား တွက်ပြီး စီစဉ်ရုံပါပဲ” ဟု ပဲခူးမြို့မှ ဖရဲသခွားစိုက် တောင်သူ ကိုနိုင်လင်းထက်က ပြောသည်။
လတ်တလောတွင် အရည်အသွေးကောင်းသော ဖရဲသီး ၁ တန်လျှင် တရုတ်ငွေ ယွမ် ၃၅၀၀ ဝန်းကျင် (ကျပ် သိန်း ၇ သိန်းခွဲ ဝန်းကျင်)၊ သခွားမွှေး ၁ တန်လျှင် ယွမ် ၄၀၀၀ မှ ၆၀၀၀ အထိ (ကျပ် ၁၀ သိန်း ဝန်းကျင်) ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း မူဆယ် ဖရဲသခွား ဈေးကွက်အတွင်းမှ သိရသည်။
မူဆယ်သစ်သီး ဈေးကွက် အတွင်းသို့ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်၊ မွန်ပြည်နယ်တို့မှ ဖရဲသခွား များ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ၁ ရက်လျှင် အစီးရေ ၄၅၀ ဝန်းကျင်ခန့် ရှိသည်ဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။
You may also like these stories:
တရုတ်နိုင်ငံသားများ မြေငှား၍ ဖရဲစိုက်ခြင်း အစိုးရ ကြပ်မတ်ရန် စီစဉ်
တရုတ်သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်း ကျွဲနွားတင်ပို့ခွင့် တရားဝင်ဖြစ်လာမလား