ရန်ကုန်တိုင်း အစိုးရမှ ညွှန်ကြားလျှင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) မှ ဝင်ငွေခွန် ဆောင်မည် ဖြစ်ပြီး အခွန်ဆောင်ရန် ဝန်မလေးကြောင်း YRTA မှ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ဇွန် ၁၆ ရက်နေ့က ပြုလုပ်သည့် YRTA ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မီဒီယာ ရှင်းလင်းပွဲတွင် အတွင်းရေးမှူး ဦးလှအောင် က “ကျနော်တို့က စီမံခန့်ခွဲမှု စရိတ် ကောက်ခံပြီး ကိုယ့်ဘာသာ ရပ်တည်ရတဲ့ အဖွဲ့ အ စည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းကို ဘယ်လိုယူဆမလဲ ဆိုတာ ပြန်မေးပါတယ်။ ဒီဝင်ငွေခွန် ဆောင်ဖို့ကိုတော့ ဝန်မလေးပါဘူး။ လက်ရှိ တည်ဆဲ ဥပဒေ အရ ကျနော်တို့ကို ညွှန်ကြားတဲ့အခါ လိုက်နာဖို့ အသင့်ပါ” ဟု ပြောသည်။
ရန်ကုန်တိုင်းလွှတ်တော်တွင်လည်း ထိုကိစ္စကို ရှင်းလင်းပြောကြားထားပြီး ဖြစ်ရာ အခွန်ပေးဆောင်ရန် လိုအပ်ပါက အသင့်ရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် YRTA သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ထောင်နှင့်ချီ မြတ်စွန်းခဲ့သော်လည်း အစိုးရကို ဝင်ငွေခွန်ပေးဆောင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ထောက်ပြခဲ့ခြင်း ဖြစ်သည်။
အစီရင်ခံစာအရ ဘဏ္ဍာနှစ် ၁ နှစ်အတွင်း ကျပ်သန်းပေါင်း ၉၄၈၇ ဒသမ ၇၈၅ သန်း ဝင်ငွေရှိခဲ့ပြီး အသုံးစရိတ် ၁၇၉၆ ဒသမ ၁၈၄ သန်း အသုံးပြုထားသဖြင့် အမြတ်ဝင်ငွေ ကျပ်သန်းပေါင်း ၇၆၉၁ ဒသမ ၈၀၁ သန်း ရှိခဲ့ကြောင်း သိရသည်။
YRTA သည် YBS စနစ် ဒဏ်ကြေးငွေ၊ ငှားရမ်းခ ရငွေ၊ အဝေးပြေးယာဉ်များမှ ရငွေ၊ City Taxi များမှ ရငွေ၊ အခြားရငွေ၊ ဘဏ်တိုးရငွေများ အပါအဝင် ကျပ်သန်းပေါင်း ၉၄၈၇ ဒသမ ၇၈၅ ရရှိခဲ့ခြင်း ဖြစ်ပြီး အဓိက အသုံးစရိတ်များမှာ လုပ်ခလစာ၊ အုပ်ချုပ်မှုစရိတ်၊ လမ်းကြောင်း စစ်ဆေးခြင်းနှင့် Telematics Service ဝန်ဆောင်ခများအတွက် အသုံးပြုထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ တွင် ပါရှိသည်။
ဦးလှအောင်က “YRTA ရဲ့ ဝင်ငွေလို့ မပြောပါဘူး။ စီမံခန့်ခွဲမှု စရိတ်ပဲ ကောက်ခံတယ် ပြောတာပါ။ ကျနော့်အပိုင်းက ဒါကို တင်ပြ ပြရစေ ဒါက ဥပဒေ စည်းမျဉ်း မူဝါဒနဲ့ ဆိုင်တဲ့ အပိုင်း ဖြစ်ပါတယ်။ ဒီဝင်ငွေသည် ကျနော်တို့ သုံးဖို့ မဟုတ်ပါဘူး။ နိုင်ငံတော်အ တွက်နဲ့ ပြည်သူတွေ အတွက်ပဲ ဖြစ်တဲ့အတွက် အခွန်ဆောင်ဖို့ လည်း အသင့်ပါ”ဟု ရှင်းပြသည်။
YRTA အနေဖြင့် စီမံခန့်ခွဲမှု စရိတ် ကိစ္စကို အသေးစိတ် ရှင်းလင်းပြောဆိုခြင်း မရှိသော်လည်း YBS စနစ် မပြောင်းခင် ယခင် မ.ထ.သ စနစ် ကတည်းက ဆိုင်ခန်းငှားရမ်းခများနှင့် အဆောက် အဦး ငှားရမ်းခများ ရရှိခဲ့ရာတွင် အစိုးရသို့ ဝင်ငွေခွန်များ ပေးဆောင်ခဲ့ဖူးကြောင်း ပြောပြသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က “ကျမတို့ ဝင်ငွေခွန် ဥပဒေမှာ ပြဌာန်း ထားတာတော့ ဒါက အခွန် ကင်းလွတ်ခွင့်လို့ ပြဌာန်းထားရင် ကင်းလွတ်ခွင့်ရတယ်။ ခရီးသည် သယ်ယူ ပို့ဆောင်ရေးမှာ ကုန်သွယ်ခွန်က ပြည်ထောင်စု အခွန်အကောက်ဥပဒေပါ အရ ကင်းလွတ်ခွင့်တွင် ပါရှိပြီး အသင်း အဖွဲ့အနေနဲ့ ကင်းလွတ်ခွင့်ကတော့ သက်သက်လျှောက်မှ ရတယ်။ ဝင်ငွေခွန်မှာတော့ ကင်းလွတ် ပေးထားတာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု အခွန်အကောက် ဥပဒေ ပုဒ်မ ၅ (က) အရ ဝင်ငွေခွန်နှင့် မသက်ဆိုင်သော အမျိုးအစားများမှာ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်း တခုခုက ရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး ကိစ္စများအတွက် သက်သက် အ သုံးပြုသော ငွေ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ အခွန်အခ ရရှိငွေ၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေ နှင့် လုပ်သက်ဆုငွေ (Gratuity)၊ သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့် လျော်ကြေး၊ အာမခံပေါ်လစီအတွက် ထုတ်ပေး ၍ ရရှိငွေ၊ အဖန်တလဲလဲ မဟုတ်ဘဲ တခါတရံ ရရှိသည့် ငွေ နှင့် ပုဂ္ဂိုလ်စု တခုခုမှ ဝင်ငွေခွန် ပေးဆောင်ပြီး ရရှိသည့် အမြတ်ဝေစု အစရှိသည်တို့ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်။
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “YRTA က မြတ်နေတယ် မြတ်တဲ့ဝင်ငွေတွေ အပေါ်မှာ နိုင်ငံတော်ကို တခြား ကုမ္ပဏီ ၊ အဖွဲ့အစည်းများ နီးတူ ဝင်ငွေခွန် ဆောင်မထားဘူး ဆိုပြီးတော့ ထောက်ပြတယ်။ ဒါတွေကျတော့ ပုံရိပ် တော်တော် မကောင်းကို တွေ့နေရတယ်’’ဟု ဝေဖန်သည်။
ဆက်စပ်လင့်
YUPT အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများ အစိုးရ ပြန်ဝယ်ရန် တောင်းဆို
ကျပ်သိန်း ၇၀၀၀ ကျော် အမြတ်ရသည့် YRTA အစိုးရကို ဝင်ငွေခွန်မဆောင်ဟု စာရင်းစစ်ချုပ်ထောက်ပြ
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က လွှတ်တော်သို့တင်ခဲ့သော တိုင်းအစိုးရ၏ မူမမှန်သော အသုံးစားရိတ်များ