ရန်ကုန်တိုင်းအစိုးရမှ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေများထဲမှ ပထမ အသုတ် ရောင်းချသော မြေ ၆၄ ဧက ကျော်ကို လုပ်ငန်း ရှင် ၁၉ ဦးက ဝယ်ယူခွင့်ရရှိသည့် အနက် မြေ ၆ ဧက ကို ကျပ် သိန်းပေါင်း ၂၁၀၀၀ ကျော်ဖြင့် အမျိုးသမီး ၁ ဦးက ဈေးအမြင့်ဆုံးဖြင့် တင်ဒါအောင်မြင်ကာ ဝယ်ယူခွင့် ရရှိသွားသည်။
ဇန်နဝါရီလ ၁၆ ရက်က တိုင်းအစိုးရမှ ထုတ်ပြန် ကြေညာသည့် တင်ဒါ အောင်မြင်သည့် စာရင်းများထဲတွင် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ မြေတိုင်း ရပ်ကွက် အမှတ် ၇၈၊ မြေဧက ၆ ဒသမ ၃၂ ဧက မြေကွက်ကို လျှောက်လွှာ ပြိုင်တူ တင်သူ ၁၈ ဦးအနက် ဒေါ်ဖြိုးသန္တာ ဆိုသူက ကျပ်သိန်းပေါင်း ၂၁၀၀၀ ဖြင့် ဝယ်ယူခွင့် ရရှိခဲ့သည်။
ဈေးအနည်းဆုံးမှာ ဒဂုံတောင်ပိုင်း မြို့နယ် မြေတိုင်း ရပ်ကွက် အမှတ် ၁၀၄၊ မြေဧက ၂ ဧကကို လျှောက်ထားသူ ၂ ဦးအနက် ဒေါ်မေရီ ဆိုသူ က ဈေး ကျပ်သိန်း ၁ ထောင် ရရှိခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရ အဖွဲ့က နေစရာမရှိသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာ အခက်အခဲ ရှိသူများ အတွက် မြေများရောင်းချရန် ပထမအသုတ် အနေဖြင့် မြေကွက် ၅၀၀ အတွက် လျှောက်လွှာ ၁ စောင်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းကာ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဝယ်ယူလိုသူများကို ခေါ်ယူခဲ့သည်။
ထို လျှောက်လွှာ ရောင်းချမှုမှလည်း ကျပ်သိန်းပေါင်း ၁ သောင်းကျော် ရရှိခဲ့ပြီး ထိုငွေများကို ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းခံထားရသည် မူလ မြေပိုင်ရှင်များကို မြေ ၁ ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် လျော်ကြေး ပေးသွားမည် ဖြစ်ကြောင်း ပြောထားသည်။
အဆိုပါ မြေများကို ဝယ်ယူရန် လျှောက်လွှာ တင်သွင်းသည့် စောင်ရေမှာ ၁၂၁၇၅ စောင်ရှိပြီး ၎င်းတို့ကို စိစစ်ဆောင်ရွက် ခဲ့ပြီးနောက် ပထမအသုတ် တင်ဒါအောင်စာရင်း၌ ၁၉ ဦး ရှိကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ရှိသူ တဦး က “အခုကတော့ ၁၉ ဦး ထုတ်ပြန်ပေးလိုက်တယ်။ နောက်တပတ်မှာ ကျန်တဲ့သူ တွေအတွက် ထပ်ကြေညာပေးပါ့မယ်။ အစိုးရက ထုတ်ပြန်ပြီးသား ဖြစ်တဲ့အတွက် နောက် ပိုင်း ဝယ်မယ့် ကိစ္စက ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီ (YCDC) နဲ့ ဆက်သွယ် ဆောင်ရွက်ရမယ်။ ဈေးနှုန်းကတော့ ဝန်ကြီးတွေက စိစစ်တာ ဖြစ်တဲ့ အတွက် ဘယ်လို စိစစ်ပြီး ပေးတယ်ဆိုတာ ပြောလို့မရဘူး။ ဝန်ကြီးချုပ် ဦးဆောင်တာမို့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ရွေးချယ်လိုက်သည့် စနစ်သည် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ က တိုက်ရိုက် ရွေးချယ်ခြင်းဖြစ်ကြောင်း၊ မြေကွက် ၅၀၀ အနက် လက်ရှိ ရရှိသူများသည် အကွက် မည်မျှ ရသွားသည်ကိုလည်း အသေးစိတ် မသိရှိကြောင်း၊ ရွေးချယ်ပေးခဲ့သည့် စနစ်နှင့် စံနှုန်းကိုလည်း မသိရှိကြောင်းသာ ၎င်းက ပြောသည်။
ဝယ်ယူခွင့်ရရှိသော မြေကွက်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၄ ကွက် ၊ ဒဂုံတောင်ပိုင်း မြို့နယ်မှ ၃ ကွက်၊ ဒဂုံမြောက် ပိုင်း မြို့နယ်မှ ၃ ကွက်၊ ဒဂုံအရှေ့ပိုင်း မြို့နယ်မှ ၂ ကွက်၊ ရွှေပြည်သာ မြို့နယ်မှ ၂ ကွက် နှင့် လှိုင်သာယာ မြို့နယ်မှ ၅ ကွက် ပါဝင်ပြီး မြေဧက အနေနှင့် တကွက်လျှင် အနည်းဆုံး ၀ ဒသမ ၅၇၃ ဧကမှ အများဆုံး ၇ ဒသမ ၆၃ ဧက တို့ဖြစ်သည်။
မြေ ဝယ်ယူခွင့် ရရှိသူများ အနေနှင့် YCDC နှင့် ယခုလ ၁၇ ရက်မှ ဆက်သွယ်ပြီး ၂ လ အတွင်း ငွေပေးသွင်း ဝယ်ယူ နိုင်ကြောင်း သိရသည်။
သို့သော် အထက်ပါ ထုတ်ပြန်ချက်တွင် မြေကွက် ဝယ်ယူခွင့်ရရှိသူများကို အစိုးရအနေနှင့် မည့်သည့် မူဝါဒစနစ်ဖြင့် ရွေး ချယ်သည်ကို ပြည်သူများသို့ အတိအလင်း ကြေညာပေးခြင်း မရှိကြောင်း လျှောက်လွှာတင်ခဲ့သည့် လုပ်ငန်းရှင်များက ပြောကြသည်။
လက်ရှိ တင်ဒါဈေးနှုန်း သိန်း ၆၀၀၀ ကျပ်ဖြင့် အောင်မြင်သွားသည့် ဒဂုံတောင်ပိုင်း ၁၅၃ မြေကွက်ကို အပြိုင် လျှောက်လွှာ တင်ခဲ့သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးသိန်းစိုး က “ကျနော်က ၁၅၃ ရပ်ကွက်မှာ တင်တယ်။ ၁ ဧကကို ကျပ်သိန်း ၁၂၂၀ နဲ့ မြေ ၅ ဧက ကျော် တင်တယ်။ အခု ရသွားတဲ့ သူက ၅ ဧကလုံးကို ကျပ် သိန်း ၆ ထောင်နဲ့ ဖြစ်တယ်။ တွက်ကြည့်ရင် ကျနော်ပေးတာက ပိုတယ် ဘာလို့ မရတာလဲ။ ကျနော် လျှောက်လွှာ တင်တာက သူတို့ သတ်မှတ်ထားတဲ့ အချက်တွေ နဲ့လည်း အကုန်ညီတယ်။ ဒါပေမယ့် မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒဂုံမြို့သစ် တောင်ပိုင်း မြေတိုင်း ရပ်ကွက် အမှတ် ၁၅၃၊ မြေဧက ၅ ဒသမ ၆ ဧကကို ဦးသိန်းစိုး အပါအဝင် ၄ ဦး လျှောက် လွှာတင်သည့် အနက် ဒေါ်ခင်ခင်မော်ဆိုသူမှ ကျပ်သိန်းပေါင်း ၆ ထောင်ဖြင့် ရရှိသွားခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက “တင်ဒါစနစ်အရ ဈေးနှုန်း အများဆုံးပေးတဲ့သူကို ပေးတယ်လို့ လည်း ပြောမရဘူး။ အဲဒီတော့ ဘာစနစ်နဲ့ ပေးတာလဲ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး စနစ်များ ပေါ်နေသလား ထင်မိတယ်။ ဒါက ဘာလဲဆိုတော့ ငါလုပ်ချင်တာ လုပ်မယ် ပေးချင်တဲ့ သူပေးမယ်။ ငါ့ဆွေမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ငါ့အသိလည်း ဖြစ်ချင် ဖြစ်မယ်။ ဒီမူများ လားလို့ သိချင်ပါတယ်”ဟု ဆိုသည်။
အစိုးရမှ သတ်မှတ်ထားသည့် စီးပွားရေး လုပ်ကိုင်မည့် Plan များ၊ စည်းကမ်းချက်များနှင့် လုပ်ငန်း လုပ်ကိုင်မည့် အကြောင်း အရာများကို ပြည့်စုံစွာ တင်ပြထားသည့် အပြင် ဈေးနှုန်းလည်း ပြိုင်ဘက်ထက် ပိုပေးခဲ့သော်လည်း ရရှိခဲ့ခြင်း မရှိသည့် အတွက် မည်သည့် မူဝါဒနှင့် ရွေးချယ်သည်ကို သိလိုကြောင်း ၎င်းက ပြောသည်။
ဒဂုံမြို့သစ် တောင်ပိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် က “ဒါက အစိုးရအနေနဲ့ တင်ဒါ ခေါ်တဲ့ သဘောလည်း မဟုတ်ဘူး။ ကျနော်ဆီကို တချို့ပြောကြတာလည်း ရှိပါတယ်။ အခုက ဘာမှ သိပ်မရေရာဘဲနဲ့ တချို့ဆိုရင် တဧကကို ကျပ်သိန်း ၅၀၀၊ ၁၀၀၀ လောက်နဲ့ ပြီးသွားတာ ရှိတယ်။ တချို့ကျတော့လည်း ကျပ်သိန်း ၃၅၀၀ လောက်ထိ ဖြစ်သွားတယ်။ ဒါတွေ က ဘယ်လို စည်းကမ်းချက်နဲ့ သတ်မှတ်ပေးတယ်ဆို တာ မသိရဘူး။ အများရဲ့ အမြင်မှာတော့ တမျိုးဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့ဖြစ်ရာ အစိုးရအနေဖြင့် ဈေးနှုန်းသတ်မှတ်ပြီး တင်ဒါ သဘောမျိုးနှင့် ခေါ်ယူပြီး ချပြလျှင် ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“တချို့မြေကွက်ဈေးက လက်ရှိဈေးနဲ့ ကိုက်တယ်။ တချို့ကလည်းများတယ်ပေါ့။ နေရာအနေအထားနဲ့ ကြိုက်တဲ့သူအပေါ် မူတည်မယ် ထင်တယ်” ဟု ၎င်းက ပြောသည်။
You may also like these stories:
ရန်ကုန်တိုင်း အစိုးရ ရောင်းသည့်မြေ အာမခံချက် အပြည့်အဝရှိ ဟုဆို
ရန်ကုန်တိုင်း အစိုးရက မြေများ ရောင်းချပေးမည်