အစိုးရဝန်ထမ်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ပြုမည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံမှ ဥရောပ ကုန်သည်ကြီးများအသင်း (EUROCHAM Myanmar) နှင့် မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း (AAM) တို့က ဝေဖန်လိုက်သည်။
အစိုးရသည် မကြာမီ ကားတင်သွင်းခွင့်ပါမစ်သစ် ၃၄၀၀၀ ကို မကြာမီ ထုတ်ပေးတော့မည် ဖြစ်သည်။
အစိုးရ၏ အစီအစဉ်သည် မြန်မာနိုင်ငံ မော်တော်ယာဉ်လုပ်ငန်းကို ထိခိုက်စေမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ရန်ကုန်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် EUROCHAM Myanmar နှင့် AAM တို့က ပြောသည်။
“အခွန်ကင်းလွတ် ကားတင်သွင်းခွင့်ပြုတဲ့ မူဝါဒကို အကောင်အထည်မဖော်ဖို့ အစိုးရကို ကျနော်တို့ပြောနေတယ်။ အခုလောလောဆယ်တော့ ကားလောကကို အပြင်းအထန် ထိခိုက်နေပြီ” ဟု AAM ဥက္ကဋ္ဌ ဦးအောင်ဝင်းက သတင်းထောက်များကို ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်သက် အနည်းဆုံး ၂၅ နှစ်ရှိသူများကို ကျပ်သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၀၄၉၂) အထိ တန်သော ကားများ အခွန်ကင်းလွတ်တင်သွင်းခွင့်ပြုပြီး ထိုထက်အဆင့်မြင့်သော အရာရှိများသည် တန်ကြေး ကျပ် သန်း ၁၅၀ အထိတန်သော ကားများတင်သွင်းနိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။
ထိုသို့တင်သွင်းသော ယာဉ်များအတွက် အထူးကုန်စည်ခွန်နှင့် ကူးသန်းရောင်းဝယ်ရေး အခွန်များ ပေးဆောင်ရမည် ဖြစ်သော်လည်း သွင်းကုန်အကောက်ခွန်နှင့် လမ်းခွန်များ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် သွင်းကုန်ခွန်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ချမှတ်သည့် အခွန်များသည် ကားတန်ဖိုး၏ ၁၀၀ မှ ၁၅၀ ရာခိုင်နှုန်းအကြားတွင် ရှိနေသည်။
ထိုမော်တော်ယာဉ် တင်သွင်းခွင့်စနစ်ကို အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံကားလောကကို ထိခိုက်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြားတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း EUROCHAM Myanmar ၏ အမှုဆောင်ဒါရိုက်တာ Marc de la Fouchardière က ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
EUROCHAM Myanmar သည် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိုအားပေးသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ဥရောပစီးပွားရေး လုပ်ငန်းများကို ကိုယ်စားပြုသည်။
အစိုးရ၏ကြေညာချက်သည် ကားလောကကို ထိခိုက်စေပြီဖြစ်ကြောင်းလည်း EUROCHAM Myanmar နှင့် AAM တို့ကပြောသည်။
အခွန်ကင်းလွတ် မော်တော်ယာဉ်တင်သွင်းခွင့်ပေးသော မူဝါဒသည် ကားလုပ်ငန်းမှရရှိသော အခွန်ကို မှီခိုနေရသည့် လျှပ်စစ်ဓာတ်အား၊ လမ်းနှင့် မြို့ပြတိုးတက်ရေး လုပ်ငန်းများအပါအဝင် အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း De la Fouchardière က ပြောသည်။
ထိုပါမစ်စနစ်သည် မြန်မာနိုင်ငံ၏ လက်ရှိကားလုပ်ငန်း တိုးတက်ရေးမူဝါဒနှင့်လည်း ဆန့်ကျင်နေကြောင်း သူက ထောက်ပြသည်။
ထိုမူဝါဒသစ်သည် ကားလောကတခုလုံးမှ စားသုံးသူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အကြီးအကျယ်ဆုံးရှုံးစေနိုင်ကြောင်း မြန်မာနိုင်ငံမှ ဗြိတိန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Peter Beynon က ပြောသည်။
နိုင်ငံစီးပွားတိုးတက်ရေးအတွက် အခွန်လွတ်မော်တော်ယာဉ် တင်သွင်းခွင့်ပေးရန်လိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မီဒီယာများကို သတင်းစာရှင်းလင်းပွဲတခုတွင် ပြောခဲ့သည်။
(Zaw Zaw Htwe ၏ European Firms, Local Dealers Slam Govt’s Tax-Free Car Import Scheme ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အစိုးရ အရာရှိကြီးများကို ကားတင်သွင်းခွင့်ပြုမည်
ရွေးကောက်ပွဲကြောင့် ကားတင်သွင်းခွင့်ပေးခြင်း မဟုတ်ဟု စီး/ကူးဝန်ကြီးပြော
ရန်ကုန် မိုးပျံလမ်းအပိုင်း ၁ ယခုနှစ်အတွင်း စမည်