ဖုန်းဆင်းမ်ကတ်များကို မမှန်မကန် မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်ခြင်း မရှိဘဲ ဈေးကွက်အတွင်း ရောင်းချမှုများအား စစ်ဆေးတွေ့ရှိရသည့် အတွက် ဆက်သွယ်ရေး အော်ပရေတာ ၄ ခု ဖြစ်သည့် MPT၊ Telenor၊ Ooredoo နှင့် MyTel တို့အား အမေရိကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်ရိုက်လိုက်ကြောင်း ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။
ညွန်ကြား ရေးမှူးချုပ် ဦးမျိုးဆွေက “ကျနော်တို့က ဆင်းမ်ကတ်ကို မှန်မှန်ကန်ကန် မှတ်ပုံမတင်တာ၊ မှတ်ပုံမတင်ဘဲ ရောင်းတာတို့ ရှိရင် အရေးယူမယ်လို့ ညွှန်ကြားထားတာရှိတယ်၊ အဲဒါကို ကွင်းဆင်း စစ်တဲ့အခါ တွေ့လို့ ၄ ခုလုံးကို အရေးယူလိုက်တာ။ ကျနော်တို့က ရှောင်တခင်စစ်ပြီး သူတို့ရဲ့ Data Base ထဲ ဝင်စစ်တာတို့ လုပ်ပြီးမှ သူတို့ကို အကြောင်းကြားလိုက်တာပါ” ဟု ပြောသည်။
ယင်းသို့ ဒဏ်ကြေးငွေချမှတ်ခြင်းအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့ ရက်စွဲဖြင့် ချမှတ်ထားခြင်း ဖြစ်သော်လည်း ဝန်ကြီးဌာနအနေဖြင့် ယနေ့မှသာ သတင်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆက်သွယ်ရေး အော်ပရေတာများကို ကြပ်မတ်မှု အပိုင်းနှင့် ပတ်သက်သည့် မေးခွန်းအား ဆက်သွယ်ရေး ဒု ဝန်ကြီး ဦးသာဦးက ဖြေကြားခဲ့ရာတွင် စည်းမျဉ်း စည်းကမ်းနှင့် မညီညွတ်သော အော်ပရေတာများကို ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယ အကြိမ်တွင် လိုင်စင်ကို သတ်မှတ် အချိန်ကာလတခု အထိ ယာယီရပ်ဆိုင်းခြင်းနှင့် တတိယ အကြိမ် အဖြစ် လိုင်စင် အပြီး ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူရန် ဥပဒေတွင် ပါရှိကြောင်း ပြောဆိုသွားသည်။
ထို့ပြင် ဒုတိယအကြိမ် အဖြစ် လိုင်စင်ယာယီရပ်ခြင်း ကိစ္စသည် ဥပဒေ၌ ပါသော်လည်း လုပ်ဆောင်၍ မရကြောင်း အဘယ့် ကြောင့်ဆိုသော် My Tel တွင် သုံးစွဲသူ ၅ သန်းခန့်၊ အူရီဒူးတွင် ၁၀ သန်း၊ MPT တွင်၂၁ သန်းနှင့် တယ်လီနောတွင်မူ သုံးစွဲသူ ၁၉ သန်းခန့် ရှိသဖြင့် ပိတ်လိုက်ပါက သုံးစွဲသူများအားလုံး အဆက်အသွယ် ပြတ်တောက်သွားမည် ဖြစ်ပါသဖြင့် နည်းဥပဒေတွင် ပါရှိသည့် အော်ပရေတာများ၏ ပြီးခဲ့သည့်နှစ် ဝင်ငွေ၏ ၅ ရာခိုင်နှုန်းအား ဒဏ်ရိုက်သည့် နည်းလမ်းဖြင့် သာ အရေးယူလေ့ရှိကြောင်းကို ၎င်းက ပြောကြားသွားသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက Mytel ကို ဆင်းမ်ကတ်များ အခမဲ့ ဝေငှခြင်းကြောင့် ပထမ အကြိမ်အဖြစ် သတိပေး အရေးယူမှု ပြုလုပ်ခဲ့ပြီး ကျပ်သန်း ၃၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တယ်လီနောနှင့် အော်ရီဒူးကိုလည်း ဝန်ဆောင်ခနှုန်းထား သတ်မှတ်ချက်စည်းမျဉ်းမူဘောင်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့သည့် အတွက်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၅၇ (က) စီမံခန့်ခွဲရေး နည်းလမ်း အရ သတိပေးထားခဲ့ဖူးသည်။
ဆက်စပ်လင့်
MyTel၊ တယ်လီနော၊ အူရီဒူး တို့ကို ဝန်ကြီးဌာန သတိပေး
တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်သင့်သလား
ရွှေတိဂုံရင်ပြင်က MyTel ဆက်သွယ်ရေးအားမြှင့်စက်များ ပြန်လည်ဖြုတ်သိမ်း