ပိုမိုကျယ်ပြန့်လာသော ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်နေမှု အနည်းဆုံး ခဏတာမျှ နှေးကွေးသွားစေမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အကြီးအကဲက သတိပေးလိုက်သည်။
ထိုရောဂါ၏ ရိုက်ခတ်မှုသည် ကာလတိုအတွင်းတွင် စီးပွားရေးနှေးကွေးမှုဖြစ်နိုင်ဖွယ် ရှိသည်ဟု IMF မန်နေဂျင်းဒါရိုက်တာ ခရစ်စတာလီနာ ဂျော်ဂျီဗာက သတင်းထောက်များကို သောကြာနေ့က ပြောသည်။
“ရေရှည်မှာတော့ ဘာဖြစ်မယ်မသိဘူး။ ကိုရိုနာဗိုင်းရပ်ကိုထိန်းချုပ်ဖို့ အရေးယူဆောင်ရွက်မှုတွေကို ဘယ်လောက်မြန်မြန်ဆန်ဆန် လုပ်နေတယ်ဆိုတာနဲ့ ဘယ်လောက် ထိရောက်တယ် ဆိုတာကို အကဲဖြတ်ရမယ်” ဟု သူက ပြောသည်။
သက်ရောက်မှုများကို တွေ့မြင်ခံစားနေရပြီဖြစ်ကြောင်း သူက ပြောသည်။
“ကုန်ထုတ်လုပ်မှုကဏ္ဍမှာ သွယ်ဝိုက်သက်ရောက်မှုတချို့ ဖြစ်နေတာကို မြင်နေရပြီ။ တန်ဖိုးကွင်းဆက်မှာ ဒီဗိုင်းရပ်ကြောင့် အဟန့်အတားတွေ ရှိနေပြီ။ ခရီးသွားလုပ်ငန်းတွေအပေါ် သက်ရောက်မှုကို တွေ့နေရပြီ” ဟု သူက ပြောသည်။
ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ (SARS) သည် ကမ္ဘာ့စီးပွားရေး အပေါ် နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သော သက်ရောက်မှုသာဖြစ်စေခဲ့ကြောင်း သူက ပြောသည်။ SARS ရောဂါသည် ၂၀၀၃ ခုနှစ်ကဖြစ်ပွားခဲ့စဉ် နိုင်ငံနှင့် ဒေသပေါင်း ၂၉ ခုအပေါ်သက်ရောက်ခဲ့ပြီး လူ ၇၇၄ ဦး သေဆုံးစေခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ သိရသည်။
ထိုရောဂါကို ထိန်းချုပ်စဉ်နှင့် ထိန်းချုပ်အပြီး လများတွင် တိုးတက်မှုနှုန်း ကျဆင်းသွားကြောင်း သူက ပြောသည်။ သို့သော် ထို့နောက်တွင် ထိုနှစ်အတွက် စီးပွားရေးထိန်းချုပ်မှု တိုးတက်လာပြီး ၀.၁ ရာခိုင်နှုန်းသာ နိမ့်ကျသွားကြောင်း သူက ပြောသည်။
သို့သော် တရုတ်နိုင်ငံသည် လွန်ခဲ့သော ၁၇ နှစ်ကထက် နိုင်ငံတကာစီးပွားရေးတွင် ပါဝင်မှု လွန်စွာ များပြားလာကြောင်း သူကဆိုသည်။
“SARS ရောဂါဖြစ်ပွားတုန်းက တရုတ်စီးပွားရေးရဲ့ ကမ္ဘာ့စီးပွားရေးမှာ ပါဝင်မှုက ပိုမိုသေးငယ်တယ်” ဟု ခရစ်စတာလီနာ ဂျော်ဂျီဗာက ပြောသည်။
ထိုစဉ်က တရုတ်နိုင်ငံသည် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ၄ ရာခိုင်နှုန်းသာ ရှိသော်လည်း ယခုအခါ ၁၈ ရာခိုင်နှုန်းအထိရှိလာပြီး ကမ္ဘာပေါ်တွင် ပိုမို ထူးခြားသက်ရောက်မှုရှိသော နိုင်ငံတခုဖြစ်လာသည်ဟု သူက ပြောသည်။
ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်အတွင်း ၃.၃ ရာခိုင်နှုန်း ကျယ်ပြန့်လာမည်ဟု IMF က မျှော်လင့်ထားသည်။
သို့သော် တိုးတက်မှုနှုန်းသည် နှေးကွေးလာပြီး အကျဖက်သို့ တိမ်းနေသည့် အန္တရာယ်များကို တွေ့နေကြောင်း သူက ပြောသည်။
IMF သည် ကိုရိုနာဗိုင်းရပ်ဆိုင်ရာ စီးပွားရေးအကဲဖြတ်ချက်ကို ယခုလအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်နေသည်။ ထိုရောဂါနှင့် ပတ်သက်သော ပူပန်မှုများသည် စတော့ဈေးနှုန်းများကို ထိခိုက်စေပြီးဖြစ်ကာ Dow Jones Industrial Average အညွှန်းကိန်းမှာ လွန်ခဲ့သောသောကြာနေ့က ၆၀၃ မှတ်အထိ ကျဆင်းသွားသည်။
ငွေကြေးဆိုင်ရာမူဝါဒအရ ဗဟိုဘဏ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၎င်းတို့၏ အတိုးနှုန်းလျှော့ချသော အနေအထားကို ဆက်လက် ထိန်းသိမ်းထားရန် အကြီးအကျယ်အားပေးကြောင်း သူက ပြောသည်။
၂၀၁၉ ခုနှစ်က ဗဟိုဘဏ် ၄၉ ခုတို့သည် အတိုးနှုန်းများလျှော့ချပြီး စီးပွားရေး တိုးတက်မှုနှုန်းကို ရာခိုင်နှုန်းထက်ဝက် မြှင့်တင်ခဲ့ကြသည်ဟု သူက ပြောသည်။
“ဒီလိုအချိုးအစားညီတဲ့ ငွေကြေးမူဝါဒ မရှိရင်၊ တိုးတက်မှုနှုန်း မရှိရင် စီးပွားရေးဆုတ်ယုတ်မှုနဲ့ နီးတဲ့ဇုန်ထဲမှာပဲ တိုးတက်မှုနှုန်းက ရှိနေခဲ့မှာ” ဟုလည်း ခရစ်စတာလီနာက ပြောသည်။
သို့သော် အလွန်အကျွံ ဖြေလျှော့ခြင်းသည် အကြွေးများကို ဖြစ်စေမည်ဟု သူက ပြောသည်။
“အကျိုးအမြတ်ရှာတဲ့နေရာမှာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေအနေနဲ့ ပိုမိုများပြားတဲ့ ဆုံးရှုံးနိုင်ခြေကို လက်ခံရမှာဖြစ်ပြီး အဲဒီလို များပြားလာတဲ့ ဆုံးရှုံးနိုင်ခြေကို အာရုံစိုက်ကြည့်သင့်တယ်” ဟု သူက ပြောသည်။
ဂျပန်နှင့် ဥရောပမှ ဗဟိုဘဏ်များသည် ဒီဂျစ်တယ် ငွေကြေးများထုတ်ဝေရန် စဉ်းစားနေသည်။ ထိုသို့ ဒီဂျစ်တယ်ငွေကြေးသို့ ရွှေ့ပြောင်းခြင်းသည် ကုန်ကျစရိတ် သက်သာစေခြင်းကဲ့သို့သော ထူးခြားသည့် အကျိုးကျေးဇူး ခံစားရမည်ဖြစ်ကြောင်း သူက ပြောသည်။
တချိန်တည်းတွင် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးသည် ဆိုက်ဘာတိုက်ခိုက်မှုနှင့် နိုင်ငံတနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်တွင် မရည်ရွယ်သော အကျိုးဆက်များဖြစ်လာမည့် အန္တရာယ်များကို လမ်းဖွင့်ပေးရာရောက်ကြောင်း သူပြောသည်။
“အဲဒီဘက်ကို ခြေဦးလှည့်မယ်ဆိုရင် အရမ်းကို သတိထားတဲ့နည်းလမ်းကို ကျင့်သုံးဖို့ အကြံပြုတယ်” ဟု ခရစ်စတာလီနာ ပြောသည်။
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဇန်နဝါရီလက ကုန်သွယ်ရေး သဘောတူညီချက် အဆင့် ၁ ကို လက်မှတ်ရေးထိုးခဲ့သည်။ ကုန်သွယ်ရေးတင်းမာမှုများကြောင့် ယခုနှစ် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု ၀.၈ ရာခိုင်နှုန်းဆုံးရှုံးမည်ဟု IMF က အောက်တိုဘာလတွင် ခန့်မှန်းခဲ့သည်။
“ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု ၀.၈ ရာခိုင်နှုန်း ကျဆင်းသွားတဲ့အတွင်းမှာ ၀.၃ ရာခိုင်နှုန်းဟာ အခွန်တိုးမြှင့် ကောက်ခံမှုကြောင့်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ အရမ်းအရေးကြီးတယ်။ ကျန်တဲ့ ၀.၅ ရာခိုင်နှုန်းက မရေရာမှု၊ မရေရာမှုကြောင့် ရင်းနှီးမြှုနှံမှု ကင်းမဲ့မှုကြောင့်ဖြစ်တယ်” ဟု သူက ပြောပြီး ထိုပြဿနာများကို မဖြေရှင်းဘဲ ပိုမိုမြန်ဆန်သော ကမ္ဘာ့စီးပွားရေး တိုးတက်မှု ဖြစ်နိုင်ဖွယ်မရှိကြောင်း ဆက်ပြောသည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ဖရိုဖရဲနုတ်ထွက်မှုကြောင့် ဖြစ်နိုင်သည့် အန္တရာယ်သည် သိသိသာသာ ကျဆင်းသွားကြောင်းလည်း သူက ပြောသည်။ ဗြိတိန်နိုင်ငံသည် ညှှိနှိုင်းမှုများ မပြီးသေးသော်လည်း ဥရောပသမဂ္ဂမှ သောကြာနေ့က နုတ်ထွက်သွားသည်။
“ဒါပေမယ့် ဗြိတိန်နုတ်ထွက်မှုအပြီး အစဦး ကာလဖြစ်နေလို့ မရေရာမှုတွေ လုံး၀ ရှင်းလင်းသွားပြီလို့ မဆိုလိုဘူး” ဟု သူက ပြောပြီး ဗြိတိန်စီးပွားရေး ထုတ်လုပ်မှုသည် ဆယ်စုနှစ်တခု သို့မဟုတ် ထိုထက်ပိုပြီး ၃ ရာခိုင်နှုန်း ဆုံးရှုံးမည်ဟု IMF က တွက်ချက်ထားကြောင်း ဆက်ပြောသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
တရုတ်ဗိုင်းရပ်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာဘီလီယံများစွာ အထိနာ
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ
တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း