စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ် အရိပ်မိုးနေတဲ့ တရုတ်-မြန်မာနယ်စပ် သစ်သီးဝလံဈေးကွက်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ်များဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းများတွင် တရုတ် ဝယ်လက်များ ပျောက်၍ မြန်မာ ကုန်သည်များ အခက်ကြုံနေကြရသည်။ အထူးသဖြင့် သစ်သီးဝလံ ဈေးကွက် ဖြစ်သော မြန်မာ့ ဖရဲသခွား ဈေးကွက် ထိခိုက်သွားခြင်း ဖြစ်သည်။

တရုတ် နှစ်သစ်ကူးကာလ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီး အရောင်းကွင်းကို ဇန်နဝါရီ ၂၄၊ ၂၅၊ ၂၆ ရက် ၃ ရက် ပိတ်ထားခဲ့သည်။

ကုန်စည်ဒိုင် ပြန်ဖွင့်သည့် ဇန်နဝါရီ ၂၇ ရက်၌ပင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ဒေသတွင်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများအား ကန့်သတ်ထားသဖြင့် မြန်မာပြည်တွင်းရှိ နယ်အသီးသီးမှ မူဆယ်သို့ တင်ပို့နေ သော ဖရဲ သခွား ကုန်သည်များ အနေနှင့် အခြေအနေ စောင့်ကြည့်၍ တင်ပို့ရန် ထို ၂၇ ရက်နေ့၌ ကုန်စည်ဒိုင်က အသိပေး ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိတွင် တရုတ်နိုင်ငံနှင့် နိုင်ငံပေါင်း ၂၀ ကျော်ကို ကူးစက်ခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်က ကမာ္ဘလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) က သတ်မှတ်လိုက်သည်။

ယခုအချိန်သည် တရုတ်နိုင်ငံသို့ မြန်မာန်ိုင်ငံ နယ်စပ်မြို့များက အဓိက တင်ပို့နေသော ဖရဲ၊ သခွားမွှေးနှင့် ငှက်ပျောသီးများ တင်ပို့သည့် ကာလလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “တရုတ်ရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကလည်း ဘယ်လောက်ကြာမလဲ ဆိုတာ မသိတော့ အခုကျန်နေတဲ့ ဖရဲ၊ သခွားတွေရဲ့ အနာဂတ်က မကောင်းဘူးပေါ့။ ဘယ်လိုလုပ်ရမလဲ။ ကုန်စိမ်းဆိုတော့လည်း မှည့်ပြီး ပုပ်ကုန်မှာ”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“အခုက စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ဖရဲ နဲ့ သခွား နယ်စပ်က တင်ပို့ဖို့ တန်ချိန် ၈ သိန်းကျော် လောက် ကျန်သေးတယ်။ မနှစ်က ဒီကာလမှာ ဘယ်လောက်ရှိတယ်။ ဒီနှစ်ကတော့ ဘယ်လောက် ပို့နိုင်တယ်၊ ဒါတွေကို စီးပွား/ကူးသန်းကို Email ပို့မယ်။ လတ်တလောတော့ ပြည်တွင်းမှာ ရောင်းဖို့ အစိုးရနဲ့ စီးပွား/ကူးသန်းက စီစဉ်ပေးမယ် ပြောထားတယ်”ဟု ပြောဆိုသည်။

သို့သော် ပြည်တွင်း၌ တရုတ်သို့ တင်ပို့ရန် ကျန်ရှိနေသော ဖရဲ၊ သခွားမွှေး တန်ချိန် ၆ သိန်းခန့် ရှိနေပြီး ရောင်းချရန် မကုန်နိုင်၍ ယခုနှစ်သည် တောင်သူများအတွက် စိုးရိမ်စရာ အလွန်ကောင်းသည်ဟုလည်း ဦးနိုင်ဝင်းက ပြောသည်။

အစိုးရက ပြည်တွင်း၌ ရောင်းချရန် မြေနေရာ စီစဉ်ပေးမည် ဟုဆိုသော်လည်း လက်ရှိ ဈေးကွက် အနေအထားနှင့် ရောင်းချနိုင်မည့် အခြေအနေများကို တွက်ချက်လျှင်ပင် အချိန်ကြာဦးမည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆို ကြ သည်။

အရည်အသွေး ရှိသော ဖရဲသီး (ခေါင်သီး) ကား ၁ စီးလျှင် ယခင်က တရုတ်ယွမ် ၄ သောင်းခန့် ရှိရာမှ ယခု အချိန်တွင် အနိမ့်ဆုံး ယွမ် ၇၀၀၀ မှ အများဆုံး ယွမ် ၁၅၀၀၀ သာ ရှိကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကွင်း၌ ယင်း ယွမ် ၇၀၀၀ တန် ကားတစီးပင် ဝယ်ယူမည့်သူ မရှိ ဖြစ်နေကြောင်း စိမ်းလန်းမြေ ပွဲရုံ ပိုင်ရှင် ကိုဇော်မင်းက ပြောသည်။

လက်ရှိတွင် နယ်စပ်မှ တရုတ်သို့ ဖရဲ တန်ချိန် ၂ သိန်း ဝန်းကျင်နှင့် သခွားမွှေး တန်ချိန် အနည်းငယ် တင်ပို့ထားကြောင်း အသင်း စာရင်းများတွင် ဖော်ပြထားသည်။

လတ်တလော ပင်လယ်ရေကြောင်းမှ ရောင်းနိုင်ရန်လည်း မည်သည့်နိုင်ငံကမှ ဖရဲ၊ သခွားမွှေး အမှာများ မရှိသေးဟု ဆိုသည်။

ထို့ကြောင့် မြန်မာတောင်သူများအတွက် ယခုနှစ်တွင် စိုးရိမ်စရာ ရှိနေပြီး အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်း တာဝန် ရှိသူများ ညှိနှိုင်း တိုင်ပင်၍ တတ်စွမ်းသမျှ ဆောင်ရွက်မည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောဆိုသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်မှ တရုတ်သို့ တင်ပို့နေသော ဆန်၊ သကြား၊ ပြောင်း၊ ဖရဲ၊ သခွား၊ ရေထွက်ကုန် အစရှိသည့် ပို့ကုန် ကုန်သွယ်မှုသည် ဇန်နဝါရီလ ၃၁ ရက်တွင် ၁၀၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီ ဖြစ်ကြောင်း မူဆယ် ဆန် ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကလည်း ဧရာဝတီသို့ ပြောသည်။

“ဒီနေ့အခြေအနေမှာတော့ ၁၀၀ ရာခိုင်နှုန်း ကုန်သွယ်မှုက ပို့ကုန်ရပ်သွားပြီ။ ဖရဲနဲ့ သခွားမွှေးဆိုရင် ဇန်နဝါရီ ၃၀ ရက် က ကွင်းထဲမှာ ၁ ကတ် တယောက်နဲ့ အလကားတောင် ဝေတယ်။ ဝေတာတော့ ကားတစီးတည်းပါ၊ အကုန်လုံးတော့ မဟုတ်ဘူး။ ဆန်နဲ့ သကြားကတော့ လုံးဝ သွားမရဘူး။ တရုတ်နှစ်သစ်ကူးလည်း ပါသလို ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပိုဆိုးသွားတယ်”ဟုလည်း ၎င်းက ရှင်းပြသည်။

၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် လက်ရှိ ဈေးကွက် အဖွင့်မရှိကြောင်း သိရသည်။

ယခုဖြစ်နေသော ပြဿနာသည် ကျန်းမာရေး ပြဿနာ ဖြစ်သောကြောင့် ကုန်သည်များအနေနှင့် မည်သို့မျှ ပြောဆို၍ မရကြောင်း ဗိုင်းရပ်စ်ကို တရုတ်အစိုးရက ထိန်းချုပ်နိုင်မှသာလျှင် ကုန်သွယ်မှု ယခင်လို ပြန်လည် ကောင်းမွန်လာနိုင် မည်ဟုလည်း ဆိုသည်။

စီးပွား/ကူးသန်း အနေနှင့်လည်း လတ်တလော အဆင်ပြေရန် ပြည်တွင်းရှိ ဝန်ကြီး ဌာနပိုင် မြေနေရာများနှင့် အဆောက်အအုံများတွင် ဖရဲ၊ သခွားများ ရောင်းချရန် နေရာများ ပေးမည်ဟု ကမ်းလှမ်းထားကြောင်း ကုန်သည်များက ပြောသည်။

ထို့ပြင် မူဆယ်တင်ပို့ရာတွင် အခက်အခဲများ ဖြစ်သောကြောင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကလည်း ဈေးများတွင် ရောင်းချနိုင်ရန် ဆိုင်ခန်းငှားခ အသက်သာဆုံး စီစဉ်ပေးမည်ဟု ဇန်နဝါရီလ ၂၉ ရက်က ပြောဆိုထားသည်။

စီးပွား/ကူးသန်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက“ဖြစ်တာက ကျန်းမာရေး ကိစ္စဆိုတော့ ရုတ်တရက်တော့ ဒီက ဘာမှလုပ်လို့ မရသေးဘူး။ ဝယ်သူက တရက်ကို ကားအစီး ၁၀၀ လောက်လာတယ်တော့ သိရတယ်။ ဒါပေမယ့် ဒီလို အချိန်မျိုးက ကားအစီး ၄၀၀၊ ၅၀၀ လောက်ဝင်တာ ဆိုတော့ ပြည်တွင်း ဈေးကွက်မှာလည်း ရောင်းနိုင်ဖို့ ညိုနိူင်းဖို့ လုပ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခု ဖြစ်နေသော ပြဿနာကို ဖြေရှင်းရန်အတွက်လည်း စီးပွား/ကူးသန်း အမြဲတမ်း အတွင်းဝန် အပါအဝင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ဖရဲ၊ သခွား အသင်းမှ လုပ်ငန်းရှင်များသာမက ရေထွက်ကုန် လုပ်ငန်းရှင်များအပြင် စည်ပင်သာယာရေးမှ တာဝန်ရှိသူများနှင့်ပါ ဖေဖော်ဝါရီလ ၁ ရက်၌ ရန်ကုန်မြို့ တွင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်သည်။

ညှိနှိုင်းမှုအရ ရန်ကုန်မြို့အတွင်း ကားများဖြင့် လှည့်လည် ရောင်းချခြင်း၊ ကန်တော်ကြီး မြေပဒေသာကျွန်း အနီးရှိ ဆင်ဖြူတော်ရှေ့နေရာတွင် ရက်သတ္တပတ်ခန့် ဈေးကွက်ဖော် ဆောင်ခြင်း၊ ပုဇွန်တောင်မြို့နယ် စက်ဆန်းရှိ စီးပွား/ ကူးသန်း ဌာနပိုင် ဆန်ဂိုဒေါင် လေးလုံးတွဲ တခု၊ ကြက်ဘဲဈေးအနီး စီးပွား/ကူးသန်းပိုင် မြေ ၁ ဧကခွဲနှင့် တညင်းကုန်း ဈေးတို့တွင် ဖရဲသီး ရောင်းချနိုင်ရန် မြေနေရာများ စီစဉ်ပေးမည် ဖြစ်ကြောင်း ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပြသည်။

“ကားနဲ့တော့ မရောင်းရသေးဘူး။ နောက် သုံးလေးရက်လောက်မှ ရောင်းဖြစ်မယ်။ အခုကတော့ ဖရဲသီးပုံဖို့ နေရာလေး ကြည့်နေတုန်းဖြစ်တယ်။ စီးပွား/ကူးသန်းပိုင်တဲ့ မြေနေရာကလည်း သန့်ရှင်းရေး လုပ်ရမှာတွေ ရှိသေးတော့ အခုလောလောဆယ်တော့ မရောင်းရသေးဘူး”ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ဦးနိုင်ဝင်းက“အခု ကျိုက္ကဆံ ကွင်းထဲမှာ လုပ်တဲ့ သွေးချင်းတို့ ပွဲတော်မှာတော့ ပေ ၄၀ ပတ်လည် မြေနေရာ တိုင်းအစိုးရက ပေးလို့ ရောင်းနေတာ ရှိတယ်။ တရက်ကို ကျပ် ၁၀ သိန်းဖိုးလောက်တော့ ရောင်းရတယ်။ အရောင်းအဝယ် ကောင်းတယ်”ဟုလည်း ပြောပြသည်။

ရန်ကုန်မြို့တွင် ဖရဲ၊ သခွား ဈေးကွက်သစ်များကို ဦးဆောင် အကောင်အထည်ဖော်မည် ဖြစ်ပြီး အကယ်၍ ဖရဲ သခွား ရောင်းချလိုသော တောင်သူများ ကုန်သည်များ အနေနှင့် အခက်အခဲရှိပါက မြန်မာန်ိုင်ငံ ဖရဲ သခွား စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်းသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။

ယခု ဖေဖော်ဝါရီလ ၃ ရက်အထိ ရန်ကုန်မှ မူဆယ်သို့ ဖရဲကား အစီးရေ ၃၃ စီးခန့် တက်သွားကြောင်းလည်း သိရသည်။

စီးပွား/ကူးသန်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက “ရေရှည်ကတော့ ဈေးကွက်ရှာရမယ်။ ချက်ချင်းကြီးရှာဖို့က မလွယ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖရဲသီးက နယ်စပ်က ပို့ရတာ၊ သင်္ဘောနဲ့ တင်ဖို့ ကျတော့ လမ်းမှာတင် ပုပ်သွားမှာ၊ ဒါကြောင့် မလွယ်ဘူး။ လေယာဉ်နဲ့လည်း လတ်တလောက မဖြစ်နိုင်သေးဘူး”ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက“လောလောဆယ်က တရုတ်ဘက် အဆင်မပြေမချင်း ထိန်းပြီး ပြည်တွင်းမှာ ဖြန့်နိုင်ရင် ရသွားနိုင်မယ့် အခြေအနေရှိတယ်လို့ မျှော်လင့်ရတယ်။ တခြားဈေးကွက်တွေ ရှာဖို့က မလွယ်ဘူး။ ကျနော်တို့ ထိုင်းဘက် ကိုလည်း ညိုနှိုင်းပြီး တင်နိုင်ဖို့ ကြိုးစားပေးရမယ်။ ဒါက နယ်စပ်ကပဲသွားမှ အဆင်ပြေမှာ”ဟု ပြောဆိုသည်။

တောင်သူများ အနေနှင့်လည်း အကြားသတင်းများနှင့် မဆုံးဖြတ်ဘဲ၊ သေချာခိုင်မာသည့် သတင်းအချက်အလက် များကို ရယူသင့်ကြောင်း ပြီးလျှင် အစိုးရ၊ အသင်းအဖွဲ့များနှင့် သေချာညိုနိူင်း တိုင်ပင် ဆောင်ရွက်သင့်သည့် အပြင် ဈေးကွက်ကိုလည်း တနေရာတည်းတွင် စုပုံ ရောင်းချမျိုး မဖြစ်ရန် လိုအပ်သည်ဟု ဦးမျိုးသူက ပြောသည်။

ဆက်လက်၍ ၎င်းက“တောင်သူတွေ အနေနဲ့ ဖရဲစိုက်ခင်းတွေကို ရေပါးပါးလေး လွွှတ်ပြီး လောင်းပေးသင့်တယ်။ ဖရဲက ရေဖြတ်တာနဲ့ မှည့်သွားတာဆိုတော့ ခူးစွတ်ချိန် မရောက်အောင်ပေါ့။ နည်းပညာ သုံးသလိုပေါ့။ ဖရဲတွေ အများကြီး ထွက်တာမျိုး မဖြစ်အောင် ထိန်းဖို့ တောင်သူတွေကို ပြောနေတယ်”ဟုလည်း ပြောဆိုသည်။

ထိုသို့သော အခြေအနေများကို ကြည့်ခြင်းအားဖြင့် ယခုအချိန်မှ စ၍ တရုတ်အပြင် အခြားသောနိုင်ငံများ၏ ဈေးကွက် ရှာဖွေခြင်းကိုလည်း စတင်သည့်အပြင် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လည်း ပြင်ဆင်သင့်ကြောင်း မကွေး တိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဒုဥက္ကဋ္ဌ ဦးကျော်မင်း က ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်စပ်နေသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းများသည် ကုန်သွယ်မှု ပိတ်ထားခြင်းမရှိသော်လည်း ရပ်တန့်နေကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များက ပြောသည်။

ဆန်၊ သကြား၊ ပြောင်း စသည့် ကုန်များသည် လနှင့်ချီ၍ အထားခံသော်လည်း သစ်သီးဝလံ ကုန်စိမ်းများက ရက်ပိုင်းသာ ခံကြောင်း၊ ယခု ကုန်သွယ်ရေး ရပ်တန့်ခြင်းသည်လည်း ကျန်းမာရေးကိစ္စ ဖြစ်သဖြင့် အစိုးရ အပါအဝင် တာဝန်ရှိသူများ အနေနှင့်လည်း လုပ်ဆောင်ရန် ခက်ခဲနေသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးလွင်ကလည်း စစ်ကိုင်းတိုင်း အနေနှင့် ယခုနှစ်တွင် သခွားမွှေး စိုက်ပျိုးထားသည့် ဧကပေါင်း ၂ သောင်းကျော်နှင့် ဖရဲ ဧကပေါင်း ၄ သောင်း ဝန်းကျင်အထိ အသီးများ ခူးစွတ်ရောင်းချရန် ကျန်ရှိနေကြောင်း ရှင်းပြသည်။

“ဒီလိုကျန်နေတဲ့ အတွက် ဗိုင်းရပ်စ်ကိစ္စနဲ့ ရက်ရှည်ဖြစ်သွားရင် ဆိုတဲ့ စိုးရိမ်မှုကြောင့် ကျနော်တို့ အခု ပြည်တွင်းဘက်ကို ထွက်ပေါက် ရန်ထားတာ။ ဒါကြောင့် နောက်ပိုင်းမှာ စီးပွား/ကူးသန်းနဲ့ အသင်း တာဝန်ရှိသူတွေနဲ့ တခြားနိုင်ငံ ဈေးကွက်တွေကို သွားဖို့ အဖြေရှာရမယ်” ဟုလည်း ဦးစိုးလွင်က ပြောဆိုသည်။

သခွားကုန်သည် တဦးက“စပါး ၁ ဧက စိုက်ပျိုးမှုက ကျပ်သိန်း ၅၀ မြတ်ဖို့ မသေချာဘူး။ သခွား ၁ ဧကဆိုရင် သိန်း ၁၀၀ လည်း ဟုတ်တယ်။ သိန်း ၅၀ လည်း ဟုတ်တယ်။ ဖရဲဆိုလည်း ဒီလိုပဲ။ ဒါကြောင့် ချင်းနဲ့ကယားက လွဲလို့ မြန်မာနိုင်ငံ အနှံ့ စိုက်ကျတယ်။ ဒါကြောင့် နောက်ပိုင်း ရောင်းဝယ်ဖောက်ကားဖို့ ဈေးကွက်တခုကိုု တရုတ်အပြင် ရှာဖို့ လိုနေတယ်”ဟု ပြောသည်။

တရက်လျှင် ဖရဲ အထွက်နှုန်းသည် ကားအစီးရေ ၄၀၀ မှ ၅၀၀ ကြား ရှိနေသောကြောင့် မူဆယ်ဈေးကွက် မရလျှင် ရန်ကုန်တွင်လည်း ရောင်း၍ မကုန်ကြောင်း ကုန်သည်များက ထောက်ပြ ပြောဆိုကြသည်။

ရန်ကုန်မြို့က ကုန်သည် ကိုထင်လင်းကျော်က“အခု တညင်းကုန်း ဈေးမှာတောင် တရက် ကား ၁ စီးစာ ရောင်းရဖို့ မနည်း လုပ်နေရတယ်။ ဒါကြောင့် ကျနော်တို့ စဉ်းစားဖို့ လိုအပ်နေပြီ။ တခြားဈေးကွက် ပို့ဆိုရင် ကျနော်တို့ အရည် အသွေး သတ်မှတ်ချက်တွေမီဖို့ ဓာတ်ကြွင်း မရှိဖို့ တောင်သူတွေကို စည်းရုံးဖို့ လိုအပ်လာပြီ”ဟု ပြောဆိုသည်။

လောလောဆယ် မူဆယ်ဈေးကွက် အနေအထားက တရုတ်က ကူးစက်ရောဂါ ထိန်းချုပ်နိုင်မှု အပေါ် လုံးဝမူတည် နေပြီး ရက်မည်မျှ ကြာမည်ကိုလည်း မသိသောကြောင့် ကုန်သည်များအနေနှင့် ဖရဲ၊ သခွား အပြင် ရေထွက်ကုန်များ၊ ကန်ပိုက်တီး၊ လွယ်ဂျယ်ဘက်မှ တင်ပို့နေသော တစ်ရှူးငှက်ပျော အစရှိသည်တို့မှာ အခက်အခဲများ ဖြစ်နေရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအဝင် ချင်းရွှေဟော်-ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး ဂိတ်တို့လည်း ဇန်နဝါရီ ၃၀ ရက်မှစ၍ ရပ်နေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

တချို့ မြန်မာ့ တစ်ရှူးငှက်ပျောစိုက်ခင်းများ အနေနှင့်လည်း ရင့်မှည့်လာလျှင် ဆုံးရှုံးမည့် အခြေအနေများ ရှိသည်။

တစ်ရှူးငှက်ပျော တဧက စိုက်ပျိုးလျှင် ကျပ်သိန်း ၅၀ မှ သိန်း ၁၀၀ ကြားရှိပြီး အထွက်နှုန်းမှာ ကားအစီးရေ ၅၀ နှင့် ၁၀၀ ကြား ထွက်ရှိသည်ဟု သိရသည်။

“အခုက ကျနော်တို့ ငှက်ပျောခူးချိန် ရောက်နေပြီ။ ဇန်နဝါရီကနေ မတ်လအထိက တင်ပို့လို့ အများဆုံး အချိန်ပဲ။ အခုလိုဖြစ်တော့လည်း ကပ်ဘေးလိုမျိုးဆိုတော့ မတတ်နိုင်ဘူးပေါ့”ဟု အေဝမ်းအေ တစ်ရှူးငှက်ပျော ကုမ္ပဏီပိုင်ရှင် ကိုသားငယ်က ပြောသည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်တခုတည်းတွင်ပင်
ကုန်သွယ်မှု ပမာဏသည် ပျမ်းမျှ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၅ သန်းခန့် ရှိသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက် အထိ တရုတ်နှစ်သစ်ကူး မတိုင်ခင်အထိ ပို့ကုန်ပေါင်း အမေရိကန် ဒေါ်လာ ၁၀၆၉ ဒသမ ၈၇၂ သန်း ရှိပြီး သွင်းကုန် ၆၀၃ ဒသမ ၉၄၉ သန်း ရှိကြောင်း ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

ယခင် ကာလတူနှင့် နှိုင်းယှဉ်လျှင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၇၇ ဒသမ ၆၂၉ သန်း နှင့် သွင်းကုန် တန်ဖိုး ဒေါ်လာ ၅၀၇ ဒသမ ၇၆၅ သန်း ရှိကြောင်းလည်း ဆိုသည်။

“တရုတ်နှစ်သစ်ကူး မတိုင်ခင် အထိတော့ ကျနော်တို့က ပို့ကုန်ရော သွင်းကုန်ရော အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်က ပိုပြီး တင်ပို့၊ တင်သွင်း တိုးနေတာပေါ့”ဟု ဦးမျိုးသူက ပြောသည်။

လက်ရှိ ကုန်သွယ်မှု အခြေအနေကိုမူ စာရင်း ကောက်နေဆဲဖြစ်ကြောင်း စီးပွား/ကူးသန်းက ဆိုသည်။

သို့ရာတွင် ဈေးကွက်အလားအလာက မရေရာကြောင်း ကုန်သည်များက ဆိုနေကြသည်။

ဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “တရုတ်က ရောဂါကို ထိန်းချုပ်နိုင်လို့ ပြန်ဖွင့်ပြီ ဆိုရင် ရောင်းကောင်းပြီပေါ့။ မဖွင့်နိုင်သေးရင်တော့ ကျနော်တို့ အတွက်က စိုးရ်ိမ်ရေမှတ် ပဲ”ဟု ပြောသည်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့ ဖရဲသီးဈေးကွက် ပျောက်နေ

တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျော တရားဝင် တင်ပို့မည်

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် စမတ်ဖုန်း တင်ပို့မှု ၃၀ ရာခိုင်နှုန်း ကျဆင်းမည်

Did you find apk for android? You can find new Free Android Games and apps.
Loading