ကိုရိုနာဗိုင်းရပ်ကူးစက်မှုများကြောင့် ပူပန်မှုများကြီးထွားနေစဉ် ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် လုပ်ကိုင်သူများအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်နေသော တရုတ်ခရီးသွားများအတွက် ဝန်ဆောင်မှုများကို ယာယီ ဆိုင်းငံ့ထားရန် ဟိုတယ်နှင့် ခရီးသွားသွားလာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
“ကျနော်တို့က ခရီးသွားကုမ္ပဏီတွေအနေနဲ့ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်တဲ့ထိ မြန်မာနိုင်ငံကိုလာမယ့် တရုတ်ဧည့်သည်တွေအတွက် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု ရပ်ဆိုင်းဖို့ပြောထားတယ်” ဟု ထိုဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ကိုရိုနာဗိုင်းရပ် မြန်မာနိုင်ငံသို့ ကူးစက်ခြင်းကို တားဆီးရန် တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ဖေဖေါ်ဝါရီလ ၁ ၇က်နေ့တွင် ဆိုင်းငံ့လိုက်သည်။
“ဆိုက်ရောက်ဗီဇာကို ဆိုင်းငံ့ထားပေမယ့် အီလက်ထရောနစ် ဗီဇာကတော့ ဖွင့်ထားပါသေးတယ်။ အီလက်ထရောနစ်ဗီဇာနဲ့ သူတို့ဝင်လာနိုင်သေးတယ်။ အဲဒါကို ကျနော်တို့က စိုးရိမ်နေတာပါ။” ဟု ဦးအောင်အေးဟန်ပြောသည်။
“အီလက်တရောနစ်ဗီဇာနဲ့ ဝင်လာနိုင်သူတွေကို ဝန်ဆောင်မှုမပေးဖို့ ကျနော်တို့ ကခရီးသွားကုမ္ဗဏီတွေကို ခေါ်ယူသတိပေးတာပါ” ဟု သူပြောသည်။
တနင်္လာနေ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် တရုတ်ခရီးသည်များကို အဓိက ဝန်ဆောင်မှုပေးသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ခရီးသွားကုမ္ပဏီတဒါဇင်ခန့်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
“ကိုရိုနာဗိုင်းရပ်ကူးစက်မှုတားဆီးရာမှာ သူတို့က ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးအောင်အေးဟန်ပြောသည်။
“ဗိုင်းရပ်ကူးစက်တဲ့ဒေသက ဧည့်သည်အရေအတွက် ကျဆင်းလာတာနဲ့ကျနော်တို့နိုင်ငံကို ကူးစက်ဖို့ အလားအလာနည်းသွားမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူပြောသည်။
တရုတ်ပြည်မကြီးမှ ခရီးသည်များသည် ဆိုက်ရောက်ဗီဇာလျှောက်ထားနိုင်ကြောင်း ၂၀၁၈ ခုနှစ်အောက်တိုဘာလက မြန်မာနိုင်ငံကကြေညာခဲ့သည်။ ထိုအချိန်မှစတင်ပြီး မြန်မာနိုင်ငံသို့ တရုတ် ခရီးသွားအရေအတွက် သိသိသာသာတိုးလာသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့လာရောက်သည့် တရုတ်ခရီးသွားအရေအတွက်သည် ၅၉၃၆၅၈ ဦးရှိပြီး ၂၀၁၈ ခုနှစ်ကအလားတူကာလကထက် နှစ်ဆကျော်တိုးလာပြီး တရုတ်ခရီးသည်များသည် မြန်မာသို့ လာရောက်သည့် နိုင်ငံခြားခရီးသည်များတွင် ထိပ်ဆုံးမှရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ရောဂါကူးစက်မှု စတင်ချိန်မှ စပြီး တရုတ်နိုင်ငံမှ ကြိုတင်မှာယူမှု ၂၀ ရာခိုင်နှုန်းကို ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
ဆိုက်ရောက်ဗီဇာ ဆိုင်းငံ့ခြင်းသည် တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို မတားဆီးနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်အသင်း မန္တလေးဇုန် ဥက္ကဌ ဦးမျိုးရ်ီက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ အချို့သော လေကြောင်းလိုင်းများသည် တရုတ်နိုင်ငံနှင့် မန္တလေးအကြား အပြန်အလှန် ပျံသန်းပြေးဆွဲနေသေးသည်။
“ဝန်ဆောင်မှုပေးတာရပ်ဖို့ ခရီးသွားလုပ်ငန်းတွေကို ပြောတာဟာ တရုတ်ခရီးသွားအရေအတွက်ကို သိသိသာသာလျှော့ချနိုင်တယ်။ ကျနော်သိသလောက်တော့ တရုတ်ခရီးသည်တွေကို လေဆိပ်မှာ ဂရုတစိုက် စစ်ဆေးနေတယ်။ ဒီလိုလုပ်လို့ ကူးစက်နိုင်တဲ့ အန္တရာယ် သိသိသာသာကျဆင်းမယ်လို့ မျှော်လင့်တယ်” ဟုလည်း သူပြောသည်။
မြန်မာနိုင်ငံ၏ ဒုတိယ စီးပွားရေးအချက်အခြာဖြစ်သော မန္တလေးသည် မြန်မာနိုင်ငံသို့လာသော တရုတ်ခရီးသည်များ၏ အဓိကသွားရောက်သော နေရာဖြစ်သည်။
“ဒါပေမယ့် ကူးစက်ရောဂါ တရုတ်မှာစပြီးဖြစ်တည်းက မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တော်တော်လေးထိခိုက်နေတယ်” ဟုလည်း သူပြောသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနယ်စပ်ကို ပိတ်ရန် သို့မဟုတ် တရုတ်ခရီးသည်များကို ပိတ်ပင်ရန် အစီအစဉ် မရှိသေးကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သောကြာနေ့တွင် ပြောကြားသည်။
သို့သော် မြန်မာအရာရှိများသည် လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် အပူချိန် စစ်ဆေးခြင်းကို ဆောင်ရွက်နေသည်။ တရုတ်နှင့် မြန်မာတို့သည် နယ်နိမိတ် ၂၂၂၇ ကီလိုမီတာ ထိစပ်နေသည်။ ကချင်နှင့် ရှမ်းပြည်နယ်များ၊ ကိုးကန့်၊ ၀ နှင့် မိုင်းလားဒေသများတါင် နယ်စပ်စစ်ဆေးရေးစခန်း ၁၄ ခုရှိသည်။
ဟူဘေးပြည်နယ် ဝူဟန်တွင် ကိုရိုနာဗိုင်းရပ် စတင်ကူးစက်ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ကြေညာသည်။ ယခုအချိန်အထိ တရုတ်နိုင်ငံတွင် လူ ၃၆၁ ဦးသေဆုံးပြီးဖြစ်သည်။ ရောဂါကူးစက်မှု ၂၈၂၉ တိုးလာပြီး စုစုပေါင်းကူးစက်ခံရသူ ၂၀၀၀၀ အထိရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ကြောင်း လွန်ခဲ့သောအပါတ်ကကြေညာသည်။
မြန်မာအစိုးရသည် ပိတ်ဆို့ထားသော ဝူဟန်တွင်ပိတ်မိနေသည့် ကျောင်းသား ၅၉ ဦးကို မန္တလေးသို့ စင်းလုံးငှားလေယာဉ်ဖြင့် တနင်္ဂနွေနေ့နံနက်က ခေါ်ယူခဲ့သည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သော သောကြာနေ့ကလည်း ခရီးသည်တဦးတွင် ကိုရိုနာဗိုင်းရပ်နှင့်အလားတူသည့် တုတ်ကွေးဖြစ်ပွားသည့် လက္ခဏာများတွေ့သောကြောင့် ကွမ်ကျိုးမှ ပျံသန်းလာသည့် China Southern Airlines လေယာဉ်တစင်းကိုခရီးသည် အားလုံးနီးပါးကိုခေါ်ဆောင်ပြီး ပြန်လှည့်သွားစေခဲ့သည်။
အင်္ဂါနေ့အထိ မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရနိုင်သည်ဟု သံသယရှိသူ ၈ ဦးကို စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနကကြေညာသည်။
ဗုဒ္ဓဟူးနေ့ နေ့လည်အထိ မြန်မာနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသည်ဟု အတည်ပြုသည့် လူနာမရှိသေးပေ။
(Nan Lwin ၏ Myanmar Govt Asks Tour Operators to Suspend Travel Services for Chinese Visitors ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ
တရုတ်ဗိုင်းရပ်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာဘီလီယံများစွာ အထိနာ