တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နယ်စပ် ကုန်သွယ်ရေးများ ရပ်တန့်သွားပြီး နောက် မန္တလေးမှ တရုတ်သို့ တင်ပို့နေသော ပဲ နှမ်း ဈေးကွက် ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း မန္တလေးမြို့ရှိ ပဲ နှမ်းကုန်သည်များက ဧရာဝတီကို ပြောသည်။
မန္တလေးမြို့ခံ ပဲနှမ်းကုန်သည် ဦးမောင်ဌေး က “တရုတ်လိုင်းက လုံး၀ အခြေအနေ မကောင်းဘူးလေ။ လမ်းတွေလည်း ပိတ်ထားသလို၊ ဒီဘက်ကနေ ထပ်သွားမရဘူး။ တချို့ကုန်သည်တွေလည်း ဒီကုန်တွေအပေါ် ရောင်းမထွက်တော့ ငွေ တွေ ညှပ်ကုန်ပြီလေ” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီရောဂါ ထပ်ပြင်းလာရင်တော့ အခြေအနေက ပိုဆိုးလာနိုင်တာပေါ့။ အခုကလည်း သူတို့ (တရုတ်) နိုင်ငံမှာတောင် ဒီရောဂါကြောင့် သေတဲ့ဦးရေက တနေ့ထက်တနေ့ တိုးလာနေတော့ ကုန်သွယ်ရေး အ လားအလာက ခန့်မှန်းရ ခက်နေပါတယ်” ဟု ဆိုသည်။
မန္တလေး ဈေးကွက်မှ တရုတ်သို့ အဓိကအားဖြင့် ပဲတီစိမ်း၊ မြေပဲဆံ၊ မြေတောက်ပဲနှင့် နှမ်းတို့ကို မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် အစရှိသည့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့လျက်ရှိရာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူး စက်မှု အခြေအနေများကြောင့် တရုတ် အစိုးရက နယ်စပ် ဝင်ထွက်ပေါက်များအား ပိတ်ထားသည့် အခြေအနေ ဖြစ် သည်။
မန္တလေးမြို့ရှိ ပဲကုန်သည် ဦးဆန်းထွန်းလွင် က “သူတို့ (တရုတ်)ဘက်မှာ လိုအပ်ချက် ရှိပေမယ့် ဘယ်လိုမှ ဒီကနေ လည်း ပို့မရဘူးလေ။ ဒီရောဂါကြောင့် သူတို့ဆီမှာတောင် ပြည်နယ်တခုနဲ့ တခု ကူးလူးဆက်သွယ် မရအောင် ပိတ် ထားကြပြီ ဆိုတော့ ကိုယ်လည်း ဘာတတ်နိုင်မှာလဲ” ဟု ဧရာဝတီကို ပြောသည်။
အထက်ပါ ကောက်ပဲ သီးနှံဈေးကွက်သည် နှစ်သစ်ကူး မတိုင်ခင်နှင့် ယနေ့ ဈေးကွက်ပေါက်ဈေး နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး နှစ်ကူး မတိုင်ခင်က သုံးတင်းဝင် တအိတ်လျှင်၂ သိန်း ၄ သောင်း ဝန်းကျင်ရှိခဲ့သော နှမ်းနက်(ထိပ်စ) ယနေ့ ဈေးကွက်တွင်၂ သိန်း ဝန်းကျင်ဖြင့် လည်းကောင်း၊ ပဲတီစိမ်း(ထိပ်စ) ၁ သိန်း ၄ သောင်းမှ ယနေ့ ဈေးကွက်တွင် ၁ သိန်း၂ သောင်း ဝန်းကျင်၊ မြေတောက်ပဲ တသိန်း ၆ ထောင်မှ ၁ သိန်း ဝန်းကျင်၊ မြေပဲဆံ တပိသာလျှင် ၃၁၀၀ ကျပ်မှ ၂၉၀၀ ဝန်းကျင် ဖြစ်ကြောင်း မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်မှ ထုတ်ပြန်သော သီးနှံ ပေါက် ဈေးနှုန်းများအရ သိရသည်။
လက်ရှိ နယ်စပ် ကုန်သွယ်ရေးအခြေအနေအား စောင့်ကြည့် အနေအထားဖြင့်သာ နားစွင့်နေကြပြီး ဈေးကွက် အလား အလာ ခန့်မှန်းရခက်သဖြင့် တောင်သူများက လက်ရှိ အခြေအနေအပေါ် စိုးရိမ်စိတ် အရမ်းမများဘဲ တည်ငြိမ်သည့် အနေအထား တခုအထိ စောင့်ဆိုင်းရန် လိုအပ်မည်ဟု ပဲနှမ်း ကုန်သည်များက ဆိုသည်။
မြို့ခံပဲ ကုန်သည်ဦးကျော်သွင် က “ရပ်တန့်သွားတဲ့ ကုန်သွယ်မှုက ရေရှည်ဖြစ်လာရင်တော့ နစ်နာမှုက တောင်သူက ပိုအထိနာမှာပေါ့။ ဒါပေမယ့် ဒီအခြေအနေကို ကြောက်အားလန့်အားနဲ့ အတင်းထုတ်ရောင်းရင်လည်း ဈေးက မထိန်း နိုင်ဘဲ ဒီထက် ပိုပြုတ်ကျသွားဖို့ အလားအလာ များလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ မန္တလေးပဲနှမ်း ဈေးကွက်အခြေအနေသည် တရုတ်ဝယ်လိုအား ကျသွားသဖြင့် သီးနှံဈေးနှှုန်းများ ကျဆင်း သွားရာ ယင်းကျဈေးကို ကြိုက်သည့် လှောင်လက်ကုန်သည်အချို့က ဝယ်ယူသည့် အနေအထား တခုဖြင့်သာ အရောင်းအဝယ် ဖြစ်လျက် ရှိသည်ဟု သိရသည်။
ပဲကုန်သည် ဦးဆန်းထွန်းလွင် က “တရုတ်မှာ ဖြစ်နေတာ ဆိုတော့လည်း ဒီအခြေအနေ အပေါ်မှာ ကိုယ့်အစိုးရက လည်း ဘာမှ လုပ်ပေးလို့ မရဘူးလေ။ ဒါပေမယ့် ကိုယ့်ပြည်သူတွေ နစ်နာဆုံးရှုံးမှု နည်းအောင်၊ လိုအပ်တာတွေ ပြင်ဆင်လို့ ရအောင်တော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေ၊ အချိန်နဲ့ တပြေးညီ ထုတ်ပေးဖို့ လို အပ်တယ်။ အဲဒီလို မဟုတ်ရင် ပြည်သူက စိုးရိမ်မှု လွန်ကဲပြီး မလိုလားအပ်တဲ့ အခြေအနေတွေကို ဖြစ်ဖို့ တွန်းအား ဖြစ်စေနိုင်တယ်” ဟု ပြောသည်။
မန္တလေး ပဲနှမ်းဈေးကွက်မှ ပဲနှမ်းကောက်ပဲသီးနှံများသည် တရုတ်လိုင်းသို့ နယ်စပ် ကုန်သွယ်ရေး အရ ကုန်းလမ်းဖြင့် အဓိက သွားနေပြီး အိန္ဒိယလိုင်းသို့ ရန်ကုန်မှ တဆင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် တင်ပို့လျက် ရှိကြောင်း သိရသည်။
You may also like these stories:
တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား
ဖရဲသခွား ကုန်သည်များ တရုတ်ဘက် အခြေအနေ စောင့်ဆိုင်းရန် နှိုးဆော်