ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ-တရုတ် ကုန်သွယ်ရေး နယ်စပ်ဂိတ်များမှ ကုန်ကြမ်း ပိတ်စများ ဝင်ရောက်မှု မရှိသဖြင့် အထည်ချုပ် လုပ်ငန်းများတွင် အခက်အခဲ ရှိလာ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်ခစား လုပ်ငန်း (CMP) လုပ်ငန်းရှင်များနှင့် ညိုနှိုင်းပြီး အခြားနိုင်ငံများ မှ ကုန်ကြမ်း တင်သွင်းခွင့် ရရန် စီစဉ်နေကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က “အဓိကတော့ CMP လုပ်ငန်း အများစုက တရုတ်က လာရောက်ရင်းနှီး မြှုပ်နှံတာများတယ်။ ဒါကြောင့် ကုန်ကြမ်းကို မူဆယ် လမ်းကြောင်း ကနေ CMP နဲ့ ပတ်သက်တဲ့ လုပ်ငန်းသုံး ကုန်ကြမ်းတွေကို အများဆုံး သွင်းတယ်။ အခုက မဝင်တဲ့ အတွက် CMP လုပ် ငန်း တွေမှာလည်း အခက်အခဲ ဖြစ်တာ တွေ့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတွက် အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်ကြမ်းပစ္စည်းများကို တခြားနိုင်ငံများမှ တင်သွင်းနိုင်ရန် လက်ခ စား လုပ်ငန်း (CMP) လုပ်ငန်းရှင်များ အသင်းနှင့် ယခုတပတ်အတွင်း ညှိနှိုင်းဆောင်ရွက်သွားရန် စီစဉ်နေသည်ဟု သိရသည်။
လက်ရှိအခြေအနေအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် ချက်ချင်းဖြစ်သည့် အရေးကြီးသော ကဏ္ဍများကို ချက်ချင်းတုံ့ပြန် ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အခက်အခဲဖြစ်နေသော ဖရဲ၊ သခွားတင်ပို့မှုကဏ္ဍ၊ ကျွဲ၊ နွား၊ ဆိတ် အရှင် တင်ပို့မှု၊ ရေထွက်ကုန် တင်ပို့မှု ကဏ္ဍနှင့် မြန်မာမှ သွင်းကုန်ဖြစ်သည့် လက်ခစားစနစ် (CMP) လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်နေကြောင့် ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရ သည်။
လိူင်သာယာအခြေခံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေးက “တရုတ်နိုင်ငံမှာ စက်ရုံ အလုပ်ရုံတွေ မလည်ပတ်သေးလို့ ကျနော်တို့ CMP လုပ်ငန်းတွေ နည်းနည်းလေး အခက်အခဲတွေ စရှိနေပြီ။ အခု စဖြစ် နေပြီ။ သူတို့ဆီမှာ စက်မလည်တာရက်က ရှည်လာတော့ ကျနော်တို့ဆီက စပြီး အန္တရာယ် ရှိလာပြီ၊ ပြဿနာက ကုန်ကြမ်း ရဖို့ပဲ၊ မရရင်ခက်တယ်၊ ဒီလကုန်လောက်မှ တရုတ်ဘက်က စက်တွေ ပြန်လည်မယ်၊ ကုန်ကြမ်းမဝင်ရင် ကျနော်တု့ိအတွက် အခက်အခဲ တော်တော်ရှိနိုင်တယ်။ အခု စက်ရုံတွေက အချိန်ပိုခေါ်တာတွေ ဘာတွေ လျှော့ရတာလည်း ရှိလာပြီ”ဟု ရှင်းပြသည်။
လက်ရှိတွင် ကုန်ကြမ်း နည်းပါးနေသဖြင့် ချုပ်ပြီးအထည် ပြည်ပ တင်ပို့မှုကိုလည်း လုပ်ငန်းရှင်များအနေနှင့် ချိန်ဆပြီး လုပ်ဆောင် နေရကြောင်း ၎င်းက ပြောသည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သော မူဆယ်နယ်စပ်ကုန်သွယ်ရေးနှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး တို့မှ ကုန်ကြမ်းများကို အများဆုံးတင်သွင်းကြောင်း သိရသည်။
ထိုကုန်သွယ်ရေး စခန်း ၂ ခုတွင် လက်ရှိတွင် သွင်းကုန်မှာ ရပ်တန့်နေပြီး သစ်သီးဝလံနှင့် ဆန်အနည်းငယ် ကုန်သွယ်မှု ဖြစ်ကြောင်း၊ ကျန်နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သည့် ကန်ပိုက်တီးနှင့် လွယ်ဂျယ် ကုန်သွယ်ရေး စခန်းတို့မှာ ပို့ကုန်၊ သွင်းကုန် ၂မျိုးစလုံး ရပ်တန့်နေသည်ဟု ဦးခင်မောင်လွင်က ပြောသည်။
အဆိုပါ တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကုန်သွယ်ရေး ၄ ခုမှ တရက်လျှင် စုစုပေါင်း ပုံမှန် နှစ်နိုင်ငံ ကုန်သွယ်မှု အနေနှင့် အမေရိကန် ဒေါ်လာ ၁၅ သန်းမှ ၂၀ သန်းကြား အထိ ကုန်သွယ်မှု ပြုလုပ်နိုင်သော်လည်း တရုတ်နှစ်သစ်ကူး အပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၇ ရက် နောက်ပိုင်းမှ စ၍ ကုန်သွယ်မှုမှာလျှော့ကျနေသည်။
ဝါးတရာစက်မှုဇုန် အထည်ချုပ် စက်ရုံတခုမှ အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းက “တရုတ် နှစ်သစ်ကူးပြီး ကိုရိုနာ ဗိုင်း ရပ်စ် ဖြစ် တဲ့နောက်ပိုင်းကစပြီး ကုန်ကြမ်း ပိတ်စ အဝင်နည်းလို့ ကျနော်တို့ စက်ရုံမှာတော့ ပိတ်ရက်တော့ တိုးမပိတ် ဘူး။ ဒါပေမယ့် အချိန်ပိုတွေ လျှော့လိုက်တယ်။ တချို့ အော်ဒါအမှာ မရှိတဲ့ စက်ရုံတွေတော့ ပိတ်တယ်။ မပိတ်သင့်တဲ့ တနင်္လာ လို ရက်မျိုးတွေ ပိတ်တာ ရွှေပြည်သာထဲမှာလည်း ၃၊ ၄ ရုံလောက် ကြားတယ်။ လိူင်သာယာမှာ တော့ ပိုများ တယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ပုံမှန် မနက် ၈ နာရီကနေ အချိန်ပို ညနေ ခြောက်နာရီခွဲ ဆင်းရတယ်ဆိုရင် ပုံမှန် စက်ချုပ် တယောက်က အနည်းဆုံး ကျပ် ၂ သိန်း ၇ သောင်းလောက် ထုတ်တယ်။ ညနေ ၄ နာရီခွဲပဲ ဆင်းရတယ် ဆိုရင် အလွန်ဆုံး ကျပ် ၂ သိန်း ၂ သောင်းလောက်ပဲရတယ်”ဟု ပြောသည်။
လက်ရှိ အထည်ချုပ် လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများကို တရုတ်အပြင် အင်ဒိုနီးရှား၊ ဗီယမ်နမ်နှင့် တောင်ကိုရီးယား နိုင်ငံ တို့မှ တင်သွင်းပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီ လကုန်အထိ ချုပ်ထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ဝန်ကြီးဌာနမှ သိရ သည်။
You may also like these stories:
အခြေခံလူတန်းစားများအတွက် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဟုဆို
သီလဝါအထူးစီးပွားရေးဇုန်သို့ ကားအပိုပစ္စည်း လုပ်ငန်းများ ဝင်ရောက် မြှုပ်နှံလာနိုင်ဟုဆို
အခြေခံ စပါးဈေး အောက်တိုဘာလ မကုန်မီ ကြေညာမည်ဟု စီး/ကူး ဒုဝန်ကြီး ဆို