ရန်ကုန်တိုင်းအစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိသည့် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲမှု နှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် ဘဏ္ဍာ ငွေများ ဆုံးရှုံးနေမှုများကို လျှော့ချရန် ဥပဒေမူကြမ်းတရပ်ရေးးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်း ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။
ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “အခွန်ဆောင်ပါဆိုတော့ တိုင်းဒေသကြီး အစိုးရပိုင် အဖွဲ့အစည်းလို့ ပြောတယ်။ စာရင်း စစ်ချုပ်က စစ်မယ် ဆိုတော့ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်တယ်လို့ ပြောတယ်။ ဒါမျိုး အလွဲအမှားတွေကို ထိန်းချုပ်နိုင်ဖို့ပေ့ါ။ ထိန်းချုပ်တဲ့ ဥပဒေ ဆိုတာထက် ကျမတို့ကတော့ တိုင်းဒေသကြီး အစိုးရက ပြည်သူ ဘဏ္ဍာငွေတွေနဲ့ ရင်းနှီးမြှုုပ်နှံတဲ့ လုပ်ငန်းတွေမှာ လေလွင့်ဆုံးရှုံးမှု မရှိအောင် အဓိက ထိန်းချုပ်မယ့် ဥပဒေပါ” ဟု ပြောပြသည်။
သို့ဖြစ်ရာ “တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများ နှင့် ပြည်တွင်း၌ ရင်းနှီးမြှုုပ်နှံခြင်း ဥပဒေ”ကို မူကြမ်း အဆင့် ရေးဆွဲထားပြီ ဖြစ်၍ ဥပဒေချုပ်ရုံး နှင့် တိုင်းလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့တွင် ဆွေးနွေးလျက်ရှိကြောင်း၊ ဆွေးနွေးပြီးနောက် တိုင်းဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီ သို့ ပြန်လည် ရောက်ရှိလာပါက စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးပြီး သဘောထားမှတ်ချက်များ တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်သည့် အခါတွင် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရေး၊ ကောင်းမွန်သည့် စီမံခန့်ခွဲရေး ဖြစ်ပေါ်လာရေး၊ တိုင်းအစိုးရပိုင် ပစ္စည်းများကို ငှားရမ်းခြင်း နှင့် ရောင်းချခြင်း ကိစ္စရပ်များ အဂတိ ကင်းရှင်းရေး အပြင် တဦးတယောက် သို့မဟုတ် အစုအဖွဲ့ တခုခုကို လုပ်ငန်းများ ချထားပေးခြင်း ကိစ္စရန် ထိန်းချုပ်နိုင်ရန် ဥပဒေကို ရေးဆွဲနေရခြင်း ဖြစ်ကြောင်းလည်း ဒေါ်စန္ဒာမင်းက ရှင်းပြသည်။
အဆိုပါ ဥပဒေတွင် အများပြည်သူများ၏ ငွေများဖြင့် ရင်းနှီးမြှုုပ်နှံသော အစိုးရ လုပ်ငန်းများသည် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဝန်ဆာင်မှု လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး နှင့် ပြည်သူ့ဘဏ္ဍာငွေများဖြင့် တည်ထောင် ထားသော အစိုးရ၏ ကုမ္ပဏီများကို တိုင်းစာရင်းစစ်ချုပ်က စစ်ဆေးပိုင်ခွင့်ရရှိရေး နှင့် လုပ်ငန်းဆောင်ရွက်နေသည့် ကိစ္စ ရပ်များကိုလည်း တိုင်းလွှတ်တော်သို့ တင်ပြ ရမည်ဆိုသည့် အခန်းကဏ္ဍများကိုလည်း ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
လာမည့် ဇွန်လ၌ ကျင်းပမည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုပါ “တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများ နှင့် ပြည်တွင်း၌ ရင်းနှီးမြှုုပ်နှံခြင်း ဥပဒေ” ကို လွှတ်တော်သို့ တင်ပြနိုင်ရန် တိုင်းဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီက ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါ်ညိုညိုသင်းက “ဒါက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ နှစ်တွေက ငွေသုံးစွဲမှု ဖြစ်စဉ်တွေမှာ တည်ဆဲ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီးတော့ ဆောင်ရွက်ခဲ့တာရှိတဲ့ အတွက်ကြောင့် ဒီဥပဒေကို ရေးဆွဲကြတယ်လို့ သိထားတယ်။ ဒီဥပဒေက ပြည်သူလူထုရဲ့ အကျိုးစီးပွားရယ် နောင်လာမယ့် အစိုးရတွေက သန့်ရှင်းတဲ့ အစိုးရတရပ် ဖြစ်လာအောင် ရည်ရွယ်ပြီး လုပ်တဲ့အတွက် ကောင်းတဲ့ လုပ်ရပ်တခုပါ ” ဟု ပြောသည်။
လွှတ်တော်သည် ဥပဒေများ ပြဌာန်းပြီး အစိုးရကို ထိန်းကြောင်းရမည်မှာ တာဝန်တခုဖြစ်ပြီး ဥပဒေများ နှင့် လုပ်ထုံး လုပ်နည်း များကို လိုက်နာဆောင်ရွက်ရမည်မှာ အစိုးရတရပ်၏ တာဝန်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းများ ရှိနေသည်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အစိုးရသည် နှုတ်ထွက်ပေးရန်သာ သင့်ကြောင်း ၎င်းက ထောက်ပြသည်။
“ ဒီလိုတခုနဲ့ တခု အထိန်းအကျောင်း ပြန်လုပ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့်လည်း ကျနော်ထင်တယ် ထိန်းချုပ် နိုင်ဖို့ ဆိုတာတော့ ဒီဥပဒေ တခုထဲနဲ့ မရနိုင်ဘူး။ တခြားယန္တရားတွေလည်း အားကောင်းဖို့ လိုတယ်။ ဥပမာ အဂတိလိုက် စားမှု ကော်မရှင်လိုပေါ့။ စနစ်တခုဆိုတော့ အားလုံးခိုင်နေမှ ပိုပြီးအားကောင်းတာ ” မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဧရာဝတီသို့ ပြောသည်။
ယင်း အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ အစိုးရများသည် ပြည်သူ့ ဘဏ္ဍာငွေများ သုံးစွဲရာ၌ လိုက်နာဆောင်ရွက်ရမည့် ပြဌာန်းချက်များရှိထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်း အစိုးရ၏ လုပ်ရပ်တချို့သည် အဆိုပါ ပြဌာန်းချက်များကိုလည်း ချိုးဖောက်ရာ ရောက်နေကြောင်း ၎င်းက ပြောဆိုသည်။
ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၆-၁၇ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်များအတွက် ပြည်သူ့ဘဏ္ဍာငွေ အသုံးစရိတ်များကို တိုင်းစာ ရင်းစစ်ချုပ်က လေ့လာစစ်ဆေးထားသော အစီရင်ခံစာတွင် အစိုးရသည် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း နှင့်အညီ မလုပ် ဆောင်ခြင်း၊ စီမံခန့်ခွဲမှု အလွဲများကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးခြင်း၊ လုပ်ပိုင်ခွင့်များကို ကျော်လွန် လုပ်ဆောင်ခဲ့ ခြင်းနှင့် အဖွဲ့အစည်း တခု (သို့မဟုတ်) တဦးတယောက်ကို အထူး အခွင့်အရေး ပေးထားသည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ သည်။
ကျူးကျော်များအတွက် အိမ်ရာ အကောင်အထည်ဖော်ရန်အတွက် တည်ထောင်ထားသော Yangon Metropolitan Development (YMD)ကုမ္ပဏီသည် မူလရည်ရွယ်ချက်များကို အကောင်အထည်ဖော်မှု အားနည်းခြင်း နှင့် ထိုကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသော ပြည်သူ့ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်းနှင့် မညီဘဲ အခြားကိစ္စရပ်များတွင် အသုံးပြုခဲ့ခြင်း သည် အထက်ပါကိစ္စရပ်များထဲမှ တခုဖြစ်သည်။
ယင်းအပြင် သမ္မတ၏ အထူး ရန်ပုံငွေဖြင့် ကျပ် ဘီလီယံ ၃၀ တန် မီးစက် ဝယ်ယူခြင်းကိစ္စတွင် တင်ဒါစည်းမျဉ်းနှင့် မညီ သော ကန့်သတ်တင်ဒါဖြင့် ခေါ်ယူခဲ့ခြင်း နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ကို အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတခု ဖြစ်သည်ဟု ဖော်ပြထားကာ ကျပ် သိန်း ၇၀၀၀ ကျော် အမြတ် ရရှိထားမှုကို ဝင်ငွေခွန် ပေးသွင်းရန်လည်း ပျက်ကွက်နေခြင်း ကိစ္စရပ်များလည်း ပါဝင်သည်။
စာရင်းစစ်ချုပ် အစီအရင်ခံစာပါ ကိစ္စတချို့ကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လာရောက် ဖြေရှင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပွင့်လင်းမြင်သာမှုရှိသော အဖြေ မရှိခဲ့ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်တချို့က ဝေဖန်နေကြသည်။
အဆိုပါ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများနှင့် ပြည်တွင်း၌ ရင်းနှီးမြှုုပ်နှံခြင်း ဥပဒေကို ပြဌာန်းနိုင်ပါက ၂၀၂၀ ရွေးကောက် ပွဲ အပြီး ထွက်ပေါ်လာမည့် ရန်ကုန်တိုင်းအစိုးရသည် ပြည်သူ့ဘဏ္ဍငွေများ သုံးစွဲရာ၌ ထို ဥပဒေပါ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများ နှင့် အခြား စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။
ဆက်စပ်လင့်
မလေးရှားကော်ပိုရေးရှင်းကို ရန်ကုန်တိုင်းအစိုးရက ဒေါ်လာသန်း ၇၅၀ တန် မြေငှားရမ်း