ရန်ကုန်မြစ်အတွင်း ပြေးဆွဲသည့် Water Busများ အတွက် အသုံးပြုသည့် ဒီဇယ်ဆီဖိုးများ ပေးရန် ကျန်ရှိနေခြင်းနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း တင့်တင်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ယမန်နေ့က ရန်ကုန်မြို့ ဆီဒိုးနာဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ ဒီဇယ်ဆီဖိုး ကြွေးကျန်များနှင့် ပတ်သက်၍ ဖေဖေါ်ဝါရီ ၁၅ရက်နေ့ ထုတ် အစိုးရ၏ ကြေးမုံသတင်းစာတွင် တင့်တင့် မြန်မာကုမ္ပဏီထံမှ ဒီဇယ်ဆီဖိုး ကြွေးကျန်များ ရလိုမှု အတွက် Petro & Trans ကုမ္ပဏီအုပ်စုက လွှဲအပ်ထားသည့် ရှေ့နေ ဦးသန်းထွန်းက ထည့်သွင်း ကြေညာထားခြင်းဖြစ်သည်။
ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က “ ဒီကိစ္စကို Management ကုမ္ပဏီကပဲ လုပ်သည်ဖြစ်စေ ကျမတို့ ကုမ္ပဏီကပဲ လုပ်သည် ဖြစ်စေ ကျမအပေါ်မှာ တာဝန်ရှိသည့်အတွက် ဒီဘက်ကုမ္ပဏီ (ဆီကုမ္ပဏီ)ကို ကျမတို့ဘက်က မှန်သည်ဖြစ်စေ၊ မှား သည်ဖြစ်စေ ပေးချေရမှာပဲ” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် ဒီဇယ်ဆီဖိုး ကြွေးကျန်တောင်းခံသည့် Petro & Trans ကုမ္ပဏီ အနေဖြင့် တင့်တင့်မြန်မာကုမ္ပဏီထံသို့ အချက်အလက် အပြည့်အစုံ တင်ပြ၍ တောင်းခံရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ယခုကိစ္စသည် Water Bus လုပ်ငန်းကို စီမံခန့်ခွဲမှုပြုလုပ်ပေးခဲ့သော စစ်မှုထမ်းဟောင်းများဖြင့် တည်ထောင်ထားသည့် စီမံခန့်ခွဲမှုကုမ္ပဏီ (Management)မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သော ကာလအတွင်း၌ ဖြစ်ပေါ်ခဲ့ရသည့် ဖြစ်ရပ်တခု ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ဆိုသည်။
ထို စီမံခန့်ခွဲမှု ကုမ္ပဏီသည် Water Bus ရေယာဉ်များ ပြေးဆွဲခြင်း၊ ရေယာဉ်ပေါ်ရှိ ဝန်ထမ်းများကို စီမံခန့်ခွဲခြင်း၊ ရေယာဉ် များ လိုအပ်သော ဒီဇယ်ဆီများကို ဝယ်ယူခြင်း အပါအဝင် မြေပြင်လုပ်ငန်းဆောင်ရွက်ခြင်း ကိစ္စအဝဝကို ယင်းကုမ္ပဏီ ကသာ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံခန့်ခွဲမှုကုမ္ပဏီကို Water Bus စတင်ချိန် ၂၀၁၇ ခုနှစ်မှ နောက်ဆုံး ယာယီရပ်နားခဲ့သည့် အချိန်အထိ ၂ နှစ်ခန့် အထိ လုပ်ငန်းပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက ထိုစီမံခန့်ခွဲမှုကုမ္ပဏီ နာမည်ကို ထုတ်ဖော်ပြောကြားပေးရန် နှစ်ကြိမ်တိတိ မေးမြန်း ခဲ့သော်လည်း ဒေါ်တင့်တင့်လွင်က စီးပွားရေးလုပ်ငန်းများ၏ ကျင့်ဝတ်ကို စောင့်ထိန်းရခြင်းကြောင့် ဟုဆိုကာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က နိုင်ငံပိုင်သတင်းစာများတွင် တင့်တင့်မြန်မာကုမ္ပဏီသည် Water Bus ရေယာဉ် များအတွက် ဒီဇယ်ဆီများကို လကုန်ပြီး ၁၀ ရက်အတွင်း ပေးချေမည်ဟု ကတိပြုပြီး အကြွေးစနစ်ဖြင့် ၂၀၁၈ စက်တင်ဘာ ၄ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့ ကာလအထိ ဝယ်ယူခဲ့သော ဒီဇယ်ဆီတန်ဖိုးစုစုပေါင်း မှ ကျပ် ၇၇၂,၁၃,၈၅၀ ကို ပေးရန် ကျန်ရှိနေကြောင်း ကြွေးရရှိမည့် Petro & Trans ကုမ္ပဏီက ကြေညာခဲ့သည်။
Petro & Trans ကုမ္ပဏီ ၏ ရှေ့နေ့ ဦးသန်းထွန်းက “ ကျနော်တို့မှာ အချက်အလက် ပြည့်ပြည့်စုံစုံရှိတယ်။ သူတို့ဆီလည်း အကုန်ပို့ပေးပြီးသားပါ။ သူ အခုပြောနေတာတွေက သတင်းစာရှင်းလင်းပွဲမှာပဲ ပြောနေတာ တကယ်လို့ သူတို့ မှန်တယ် ဆိုရင် ကျနော်တို့ဆီ စာတရားဝင်ထုတ်လေ ဥပမာ သူတို့ ဘယ်လိုလုပ်ပေးနိုင်တယ် ဆိုတာမျိုးပေါ့။” ဟု ဧရာဝတီသို့ ပြောသည်။
တင့်တင့်မြန်မာကုမ္ပဏီအနေဖြင့် စေတနာမှန်ပြီး ရိုးသားပါက တရားဝင် အကြောင်းကြားစာများဖြင့် Petro & Trans ကုမ္ပဏီ ထံသို့ ဆက်သွယ်လာရန် လိုအပ်သော်လည်း လတ်တလောအချိန်အထိ ကုမ္ပဏီသို့ ဆက်သွယ်လာခြင်း မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။
ထိုကြောင့် ကြွေးကျန် သိန်း ၇၀၀ ကျော်ကို ၂၀၂၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အတွင်း မပျက်မကွက် ပေးချေပါရန် နှင့် ငွေပေးချေရန် ထပ်မံပျက်ကွက်နေပါက တရားမကြောင်း / ရာဇဝတ်ကြောင်းများအရ တရားစွဲဆို အရေးယူသွား မည် ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီက နိုင်ငံပိုင်သတင်းစားများတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထည့်သွင်းကြေညာ ထားသည်။
You may also like these stories:
ဒီဇယ်ဆီဖိုး ကြွေးကျန် ပေးရန်ပျက်ကွက်ပါက Water Bus ကုမ္ပဏီကို တရားစွဲမည်ဟု ကြေညာ
ကျပ် ၆ ထောင်တန် အပျော်စီး သင်္ဘောခရီးစဉ် Yangon Water Bus ဖြင့် ပြေးဆွဲမည်