ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပိတ်စများ ဝင်ရောက်မှု မရှိသဖြင့် ကာလ ကြာရှည်လာပါက ပြည်တွင်းရှိ အထည်ချုပ် စက်ရုံများ ပိတ်သိမ်းရဖွယ်အထိ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းက သိရသည်။
ထိုအခြေအနေကို ဖြေရှင်းရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား ကူးသန်း) က မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် ဖေဖော်ဝါရီလ ၁၇ ရက်က ညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း လတ်တလောတွင် အဖြေမရသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဦးမြင့်စိုးက “အခုက နံပါတ် ၁ အလုပ်ချိန် လျှော့တယ်၊ နံပါတ်၂ လုပ် သားအင်အား လျှော့တယ်၊ နံပါတ် ၃ က စက်ရုံ ပိတ်မယ်။ အဲဒီလိုလုပ်လို့မှ မကောင်းလာရင် စက်ရုံ လုံးလုံး ပိတ်ရမယ်။ ဒီအတိုင်းပဲ သွားရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော၌ တရုတ်နိုင်ငံမှ ကုန်ကြမ်း ထုတ်လုပ်သည့် စက်ရုံများ ပြန်ဖွင့်မဖွင့်ကို စောင့်နေရသည့် အနေထား ဖြစ်နေပြီး လက်ထဲတွင် ရှိပြီးသား ကုန်ကြမ်းများနှင့် အချိန်ဆွဲ၍ လုပ်ကိုင်နေရသောကြောင့် အထည်ချုပ် စက်ရုံများတွင် ပုံမှန် အလုပ် ချိန် ၈ နာရီ၊ အချိန်ပို၂ နာရီ ခေါ်ရသည့် အခြေအနေမှ လက်ရှိတွင် အချိန်ပို လျှော့ချထားကြောင်း ၎င်းက ပြောသည်။
ဦးမြင့်စိုးက “အခုကိစ္စက တခါမှ မကြုံဖူးတဲ့ ကိစ္စ ဖြစ်တယ်။ တချို့စက်ရုံတွေ ဆိုရင် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေကို ပြန် ပိတ်ပေးတယ်။ ဒီလိုလုပ်တဲ့ စက်ရုံတော်တော်များများနေပြီ” ဟု ပြောသည်။
လက်ရှိတွင် စီးပွားကူးသန်းသို့ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက စက်ရုံများတွင် ကျန်ရှိသည့် ကုန်ကြမ်းပိတ် အခြေ အနေများကို တင်ပြနေရကြောင်း သိရသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ ၁ လနီးပါးကြာမြင့်နေပြီး ကူးစက်ခံရသူ ၇ သောင်းကျော်နှင့် သေဆုံးသူ ၁၈၀၀ ကျော် ရှိနေပြီဖြစ်ကြောင့် ယင်းနိုင်ငံ အာဏာပိုင်များက ကြေညာထားသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ရုံးအဖွဲ့ ဦးခင်မောင်ဦးက “တချို့လည်း လက်ကျန်ရှိတယ်။ တချို့လည်း လက်ကျန် မရှိတော့ဘူး။ အဲဒီလို အခြေအနေလေးတွေကို စီးပွားကူးသန်းကို တင်ပြနေရတဲ့ အနေအထားပါပဲ။ လက်ကျန် ရှိတဲ့သူအနေနဲ့လည်း မတ်လလောက်အထိ တောင့်ခံနိုင်မယ့် အနေအထား မရှိဘူး။ လက်ကျန်မရှိတဲ့ စက်ရုံတွေကလည်း ပိတ်ရမယ့် အနေအထားရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော ပိတ်သိမ်းရမည့် အထည်ချုပ် စက်ရုံများ မရှိသော်လည်း ရက်ကြာလာသည်နှင့် အမျှ ပိတ်သိမ်းရမည့် စက်ရုံ များ ရှိနေသည်ဟု ၎င်းက ဆိုသည်။
အထည်ချုပ် ပိတ်စကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းခန့် တင်သွင်းပြီး အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်းနှင့် ကိုရီး ယား နိုင်ငံတို့မှလည်း တင်သွင်းကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမြင့်စိုးက “၉၀ ရာခိုင်နှုန်းက တရုတ်ပြည်က လာတယ်ဆိုတော့ ပြဿနာဖြစ် တယ်။ အဖြေကတော့ တရုတ်ဘက်က ဘယ်နေ့ ဖွင့်မလည်းဆိုတာ ပြန်စောင့်နေရတယ်။ အခုတော့ ဖေဖော်ဝါရီ ၂၇ ရက် အထိ ပြန်ရောက်သွားတယ်” ဟု ပြောသည်။
ထို့အတူ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင်လည်း အခက်အခဲဖြစ်နေသော ဖရဲ၊ သခွားတင်ပို့မှုကဏ္ဍ၊ ကျွဲ၊ နွား၊ ဆိတ် အရှင် တင်ပို့မှု၊ ရေထွက်ကုန်တင်ပို့မှု ကဏ္ဍနှင့် မြန်မာမှ သွင်းကုန်ဖြစ်သည့် လက်ခစားစနစ် (CMP) လုပ်ငန်းများ တွင် အခက်အခဲများ ဖြစ်နေကြောင့် ဖြေရှင်းနိုင်ရန် စီးပွားကူးသန်းအနေနှင့် ဆောင်ရွက်နေကြောင်း သိရသည်။
မူဆယ် နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးနန္ဒက “ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်နေတော့ အကန့်အသတ်တွေ တရုတ် ဘက်က လုပ်ထားတယ်။ ဒီဖေဖော်ဝါရီ ၁၃ ရက်မှာ တရုတ်ဘက် ရွှေလီက ကုန်သွယ်ရေး အကောက်ခွန်ရုံးကို ဖွင့်တယ်လို့ အသိပေးတော့ ဒီဘက်မှာလည်း ကုန်သွယ်မှုက နည်းနည်းလေး အသက်ဝင်လာတဲ့ သဘောရှိတယ်။ ဒါပေမယ့် တချို့ အလုပ်ရုံတွေကလည်း ဖွင့်တယ်ဆိုပေမယ့် အလုပ်သမားတွေက မဆင်းကြသေးဘူး။ တချို့လည်း ပိတ်ထားနေတုန်းပဲ ဒါကြောင့် အရှိန်တော့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ပို့ကုန်က ဒေါ်လာ ၁ သန်း ကျော် ကနေ၂ သန်း နီးပါးလောက် ဖြစ်လာပြီ။ သွင်းကုန်ကလည်း ယခင် လက်ကျန်လေး အဲဒါတွေက ဝင်လာတော့ ဆောက်လုပ်ရေး ပစ္စည်းဖြစ်တဲ့ သံထည်တို့၊ ဓာတ်မြေသြဇာတို့ပဲ ဝင်တယ်။ အသီးဖြစ်တဲ့ လိမ္မော်သီးတို့ တင်သွင်းလို့ ရတဲ့ ပန်းတချို့ဝင်တယ်။ စက်ရုံတွေ မဖွင့်သေးတော့ အထည်လိပ်က မဝင်ဘူး။ ၂၃ ရက်နောက်ပိုင်းမှ ပြန်ကောင်းမယ် ထင်တယ်” ဟု အခြေအနေကို ရှင်းပြသည်။
ယခင်က မူဆယ်နယ်စပ်သို့ အထည်လိပ် ပိတ်စ ကုန်ကြမ်းများမှာ ကုန်ကားများနှင့် နေ့စဉ် ဝင်ရောက်မှု ရှိကြောင်း ပမာဏ အားဖြင့် ပြောရန် ခက်ခဲကြောင်း ဦးနန္ဒက ပြောသည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်သော မူဆယ် နယ်စပ်ကုန်သွယ်ရေးနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးတို့မှ ပိတ်စ ကုန်ကြမ်းများကို အများဆုံး တင်သွင်းကြောင်း သိရသည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီ လကုန်အထိ ချုပ်ထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ လှိုင်သာယာမြို့နယ် ညိုနှိုင်းဖျန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ် မကြည်ကြည်ထွန်းက “တချို့စက်ရုံတွေလည်း ဘယ်အချိန်လောက်ထိ ဒါက ဖြစ်မယ်မှန်းမသိတော့ အလုပ် သမားကို Day ကြေးတို့၊ ဘာတို့ကို ရာခိုင်နှုန်းနဲ့ ပေးပြီး စက်ရုံ ယာယီပိတ်သိမ်းမယ့် အနေအထားတွေ ရှိတယ်။ အဓိက တော့ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား အဖွဲ့အစည်း ရှိတယ်ဆိုရင် ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
အလုပ်ရှင်များဘက်မှ ရင်းနှီးမြှုပ်နှံမှု ရှိသကဲ့သို့ အလုပ်သမားများ အနေနှင့်လည်း စက်ရုံပိတ်သိမ်းမှုများ ကြုံလာပါက လတ်တလော စားဝတ်နေရေး ပြဿနာရှိသောကြောင့် အလုပ်သမား အဖွဲ့အစည်းရှိသော စက်ရုံများအနေနှင့် အလုပ်ရှင်၊ အလုပ်သမား ညိုနှိုင်းပြီး လုပ်ဆောင်သင့်ကြောင်း ၎င်းက ရှင်းပြသည်။
“အချိန်ပိုတွေ လျှော့တာတော့ အလုပ်ရှင်အနေနဲ့ အခြေအနေကို အလုပ်သမားတွေကို သတင်းတွေ စုစည်းပြီး ပြောပြ တာမျိုး လုပ်သင့်တယ်။ တချို့အလုပ်သမားတွေက ကိုရိုနာဗိုင်းရပ်စ် ဖြစ်တာကို သိပေမယ့် ကိုယ့်နိုင်ငံမှာ ဖြစ်တာ မဟုတ် ဘူး ဆိုပြီး အလုပ်ရှင်က တမင်လုပ်တာလို့ ထင်တယ်။ အမှန်တော့ ဒါက ဆက်စပ်ပြီး တကယ်ဖြစ်နေတာ။ ဒါကြောင့် အသိ ပေးလုပ်သင့်တယ်”ဟု မကြည်ကြည်ထွန်းက ဆိုသည်။
ရန်ကုန်တိုင်း တတိုင်းလုံး အနေနှင့် အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိနိုင်ပြီး လှိုင်သာယာမြို့နယ် တခုတည်းတွင်ပင် လုပ်သား ၃သိန်း နီးပါးနှင့် အသေးစား၊ အလတ်စား၊ အကြီးစားအထည် ချုပ် စက်ရုံ ၅၀၀ မှ ၆၀၀ နီးပါး ရှိကြောင်း CTUM က သိရသည်။
ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ဇုန် ရှိသည့်အနက် လှိုင်သာယာ စက်မှုဇုန်သည် လုပ်သားဦးရေနှင့် အထည်ချုပ်စက်ရုံ အများဆုံး တည်ရှိသည့် နေရာ ဖြစ်သည်။
You may also like these stories:
တရုတ်မှ အထည်ကုန်ကြမ်း မဝင်တော့၍ အခြားနိုင်ငံများ တင်သွင်းရန် စီစဉ်နေ
ဗိုင်းရပ်ပိုးကြောင့် တရုတ်လုပ်ငန်းများ ပိတ်သဖြင့် မြန်မာ ပို့ကုန်တင်ပို့သူများ အကြီးအကျယ် အထိနာ
ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း