မြန်မာနိုင်ငံသို့ E-Visa နှင့် သံရုံး ဗီဇာတို့ဖြင့် လာရောက်ကြမည့် တရုတ်နိုင်ငံသား ခရီးသွားများအနေဖြင့် မြန်မာအစိုးရက သတ်မှတ်ထားသော ကျန်းမာရေးအာခံချက်တို့ပါ လိုအပ်တော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ခရီးသွားများကို ဆိုက်ရောက်ဗီဇာ (AOV) ကို ယာယီ ရပ်ဆိုင်း ထားခြင်းဖြစ်ပြီး E-visa နှင့် သံရုံးဗီဇာ စနစ်တို့ဖြင့် တရုတ်ခရီးသွားများ လာရောက်ခြင်းကို ဆက်လက် ခွင့်ပြုထားလျက် ရှိသည်။
“နိုင်ငံတော်က E-Visa ပိတ်ပါတယ်လို့ ကြေညာထားတာ မရှိတော့ E-Visa ကို လျှောက်ပြီး ဝင်လာမှာ စိုးရိမ်တဲ့အတွက် ကြောင့် ဒီလိုအပ်ချက်ကို ထပ်ပြီး ပိတ်တဲ့ သဘောပါ ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဒုညွှန်ကြားရေးမှူး ချုပ် ဦးအောင်အေးဟန်က ဧရာဝတီသို့ ပြောသည်။
တရုတ်ခရီးသွားများအနေဖြင့် ကျန်းမာရေးအာခံချက်တို့ပါ လိုအပ်တော့မည်ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့်လည်း E-Visa လာရောက် လျှောက်ထားသော တရုတ်နိုင်ငံသားများကို ယခင်က E-Visa လျှောက်ထား ရာတွင် လိုအပ်သော အချက်အလက်များ အပြင် E-Visa မလျှောက်ထားမီ ပြီးခဲ့သည့် ၁၄ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် အဓိက ဖြစ်ပွားနေသော တရုတ်နိုင်ငံ ဟူပေပြည်နယ်သို့ သွားရောက်ထားခြင်း မရှိကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးလက်မှတ်များကိုပါ တင်ပြရတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံမှ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် ခရီးသွားအေဂျင်စီများ အနေဖြင့် ခရီးသွား ဧည့်သည်များ၏ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက် ဆောင်ရွက်သွားရန် ကိစ္စသည် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများကို ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ ပို၍ တင်းကြပ်လိုက်သည့် ကိစ္စရပ် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ ညွှန်ကြားချက်ကို ဝန်ကြီးဌာနပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်အေးဟန်က “ ကျနော်တို့ ဝန်ကြီးဌာနက အနေနဲ့လည်း ခရီးသွားအေဂျင်စီ ကုမ္ပဏီတွေကို တရုတ်ခရီးသွားတွေကို ဝန်ဆောင်မှု မပေးခိုင်းတော့သလို တရုတ်နိုင်ငံကို သွားချင်တဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဝန်ဆောင်မှု မပေးတော့ဖို့ကို ဖေဖော်ဝါရီလ အစကတည်းက ညွှန်ကြားထားပြီးသားပါ” ဟု ပြောသည်။
လက်ရှိအချ်ိန်တွင် E-Visa ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ် ခွင့်ပြုပေးလျက်ရှိပြီး သံရုံးဗီဇာ ( ပြည်ဝင်ခွင့်ဗီဇာ)ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက စိစစ်ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးဌာနများသည်လည်း တရုတ်ခရီးသွားများကို မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ခွင့်ပြုခြင်းများကို ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ နှင့် အညီ လုပ်ဆောင်လျက် ရှိကြသည်။
“ အခုလည်း ဝင်ခွင့်ရနေတာပဲလေ ကျနော်တို့က ထပ်ပြီး တောင်းဆိုနေတာ မဟုတ်ပါဘူး။ အခုလိုဝင်နေတာတွေကို ကျန်းမာရေး အာမခံချက်၊ ထောက်ခံချက်ပါမှ လာဆိုတဲ့ ပုံစံမျိုးပေါ့ ပိုပြီးတော့တောင် တင်းကျပ်လိုက်တဲ့ သဘောမျိုးပါ။ လူတွေက စိတ်ထင်နေတာက ပိတ်ထားတဲ့ဟာကို ဖွင့်ပေးလိုက်တယ်လို့ ထင်နေတာ အဲဒါက ပြောင်းပြန်ဖြစ်နေတာ” မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဧရာဝတီသို့ ပြောသည်။
တချို့နိုင်ငံများတွင်လည်း တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် နှစ်ပတ်အတွင်း သွားရောက်ထားဖူးသည့် မည်သည့် နိုင်ငံသားကို မဆို ပြည်ဝင်ခွင့် ပိတ်ပင်ထားသည် အထိ လုပ်ဆောင်လျက်ရှိသော်လည်း နှစ်နိုင်ငံဆက်ဆံရေးများအရ မြန်မာနိုင်ငံသည် တဆင့်ချင်း ပိုမိုတင်းကျပ်သည့် ပုံစံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“ ကိုယ့်ဆီကို ကျောင်းသားတွေ ပြန်လာတာလည်း မနည်းပြန်လာရတာလေ။ သူတို့လည်း ထိန်းချုပ်မှုရှိတယ်။ သူတို့ ဆီမှာလည်း စီးပွားရေးအလို့ငှာ ခရီးသွားမယ်ဘာမယ်ပေါ့။ စီးပွားရေးလုပ်ငန်းတွေကလည်း ရပ်တန့်သွားလို့ မရဘူးလေ။ ဒါတွေကြောင့် ခရီးသွားရမယ် လာရမယ်ဆိုရင် ဒီလိုပုံစံမျိုး အာမခံချက်ရှိမှ မြန်မာနိုင်ငံက လက်ခံမယ်ဆိုတဲ့ ပုံစံပေါ့” ဟု ဦးနောင်းနောင်းဟန်က ပြောဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံ ကူမင်း၊ ရှန်ဟိုင်း၊ မန်စီ၊ ကွမ်ကျိုးမြို့များ အပြင် ဟောင်ကောင် နှင့် တိုင်ပေ လေကြောင်းလိုင်း ခရီးစဉ်များ ပြေးဆွဲလျက်ရှိနေခြင်းကြောင့် လတ်တလောတွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း ခန့် ဝင်ရောက်လျက် ရှိနေသေးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ဂယက် ပုဂံဒေသ ခရီးသွား ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း
၂၀၂၁ အထိ အာရှခရီးသွားလုပ်ငန်းအပေါ် ကိုရိုနာဗိုင်းရပ် ရိုက်ခတ်နိုင်
ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် Deposit တင်ရန်သတ်မှတ်ချက် ခရီးသွားလုပ်ငန်းအချို့ ကန့်ကွက်