နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟုလည်းခေါ်ဆိုသည့် Covid-19 ကြောင့် တရုတ်တွင် သေဆုံးသူဦးရေ ၂၀၀၀ ကျော်လလွနာ်သည့် အခြေအနေတွင် ကျန်းမာရေးထောက်ခံစာဖြင့် တရုတ်ပြည်မကြီးမှ ကမ္ဘာလှည့်ခရီးသည်များ နိုင်ငံတွင်းသို့ ဝင်ခွင့်ပေးရန် စီစဉ်နေခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း မန္တလေး ခရီးသွားလမ်းညွှန်များအသင်း(MTGS) က တနင်္လာနေ့က ထုတ်ပြန်သည်။
နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့် သတ်မှတ်ချက်တခုအနေဖြင့် တရုတ်ခရီးသွားများထံမှ ကျန်းမာရေးထောက်ခံစာများရယူရမည် ဆိုသည့် အစီအစဉ်သည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတွင် ဝန်ကြီးဋ္ဌာနအရာရှိများနှင့် ခရီးသွားအဖွဲ့၊ ဟိုတယ်များမှ ကိုယ်စားလှယ်များကြား အစည်းအဝေးတခုကို ယခုလအစောပိုင်းက ကျင်းပပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA) က ဖေဖော်ဝါရီ ၁၃က ဖြန့်ဝေခဲ့သောစာတွင် ဟိုတယ်နှင့် ခရီးသွားအေဂျင်စီများသို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သော Covid-19 ဗိုင်းရပ် ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ရည်ရွယ်သည့် ညွှန်ကြားချက်များက ဆိုသည်။
ဟိုတယ်ဝန်ထမ်းများကို ကျန်းမာရေးသတင်းအချက်အလက်များဖြန့်ချိရန်၊ ဟိုတယ်များတွင် ရောဂါခြေချုပ်အခန်းများနှင့် တခြားကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများ ပြင်ဆင်ထားရှိရန် ခရီးသွားအဖွဲ့အစည်းများနှင့် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများသို့ ဝန်ကြီးဋ္ဌာန၏ ညွှန်ကြားချက်များကို UMTA ၏ စာတွင် ကိုးကားဖော်ပြထားသည်။ ထို့အပြင် နစ်နာကြေးများ လျော်ကြေးကိစ္စများ ရှိလာမည်ဖြစ်၍ စီစဉ်ထားပြီးသော ခရီးစဉ်များအတွက် တရုတ်ခရီးသွားများထံမှ ကျန်းမာရေးအာမခံချက်များရယူရန် ခရီးသွားအေဂျင်စီများသို့ ညွှန်ကြားချက်တခုလည်း ပါဝင်သည်။
“တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လာရောက်လည်ပတ်ကြမည့် ဧည့်သည်များအတွက် ယခင်စီစဉ်ထားပြီးဖြစ်သည့် ခရီးသွား အစီအစဉ်များကို ဖျက်သိမ်းလိုက်ပါက၊ လျော်ကြေး (သို့မဟုတ်) နစ်နာကြေး ပေးဆောင်ရန် ရှိလာနိုင်သည့်အတွက် ခရီးသွားအေဂျင်စီများ အနေဖြင့် ခရီးသည်များ၏ ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက်ကို ရယူပြီး ဆက်လက်ဆောင်ရွက်သွားရန်” ညွှန်ကြားထားသည်ကို သိရှိစေရန် အကြောင်းကြားသည်ဟု ၎င်းစာတွင်ဖော်ပြထားသည်။
MTGS က ကိုရိုနာဗိုင်းရပ်ပျံ့နှံမည်ကို စိုးရိမ်ကြောင်းနှင့် ကျန်းမာရေးထောက်ခံချက်များအား တင်ပြမှုကို အခြေခံသည့် တရုတ်ခရီးသည်များ နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုသည့် အယူအဆကို ဆန့်ကျင်ကြောင်း တနင်္လာနေ့က ၎င်း၏ကြေညာချက်တွင် ဖော်ပြထားသည်။
ဗိုင်းရပ်ပျံ့နှံ့မှုကို ကန့်သတ်ရန်ကြိုးစားခြင်းထက် ကျန်းမာရေးထောက်ခံစာများ တောင်းယူရန် ညွှန်ကြားခြင်းသည် ကြိုတင်မှာယူ ပြင်ဆင်ပြီးသည့် တရုတ်ခရီးစဉ်များကို နိုင်ငံတွင်းလာရောက်ခွင့်ပြုရန် နည်းလမ်းရှာခြင်းဖြစ်နိုင်ရာ ၎င်းနည်းဖြင့် လျော်ကြေးပေးရန် သို့မဟုတ် ဖျက်သိမ်းကြေးပေးရန် လိုအပ်ချက်ကို ရှောင်ရှားရန်ဖြစ်သည်ဟု MTGS ကပြောသည်။
“တရုတ်ခရီးသွားတွေကို ပိတ်လိုက်လို့ နိုင်ငံ့ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုကို အာဏာပိုင်တွေက စဉ်းစားပြီး လုပ်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့လည်း ဒီလုပ်ငန်းကို လုပ်နေတဲ့ သူတွေလေ ကိုယ့်စီးပွားရေး ဘယ်ထိချင်ပါ့မလဲ။ ဒါပေမယ့် ဒီအစီစဉ်ကို ကျနော်တို့ လက်မခံပါဘူး။ ဒါဟာ တနိုင်ငံလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့၊ အန္တရာယ်ရှိတဲ့ အစီစဉ်ပါ။ ဒါက ငွေရဖို့တခုကိုပဲ ကြည့်ပြီး လုပ်တာလို ဖြစ်တဲ့အတွက် ကျနော်တို့ ဒီအစီစဉ်ကို အပြင်းအထန်ဆန့်ကျင်ပါတယ်” ဟု MTGS ၏ ဒု-ဥက္ကဋ္ဌ ကိုဇင်မင်းခိုင်က ဧရာဝတီသို့ပြောသည်။
“ခရီးသွားအေဂျင်စီတွေဟာ ခရီးသည်တွေဆီက ကျန်းမာရေးအာမခံစာယူပြီး ဆက်လုပ်ပါဆိုပြီး ညွှန်ကြားချက်မှာ ပါပါတယ်။ ဒါပေမယ့် ရောဂါ အစပျိုး ကာလဟာ ၂ ရက်ကနေ ၁၄ ရက် ရက် ၂၀ ကျော်အထိ ကြာတယ်ဆိုတာရှိတယ်။ ဆိုတော့ ဒီတရုတ်ခရီးသည်တွေဆီက ဗိုင်းရပ် အမှန်တကယ်ကင်းရှင်းတယ်ဆိုတဲ့ စာရွက်လေး တခုက ဘယ်လောက် အာမခံချက်တွေ ပေးနိုင်မှာမို့လဲ၊ သူတို့ဆီမှာ ပိုးရှိနေပြီး စစ်တုန်းက အစပျိုးတဲ့အချိန် ပိုးမတွေ့သေးတဲ့ အချိန်မျိုးသာဆို ဘယ်လိုလုပ်မှာလဲ၊ ဒီလိုဖြစ်ခဲ့ရင် ဘယ်သူက တာဝန်ယူမှာလဲ ” ဟု၎င်းက ထပ်မံပြောသည်။
Covid 19 ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကူးစက်မှု အခြေအနေတည်ငြိမ်မှုနှင့် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်မှု အခြေအနေများ စိတ်ချရနိုင်သည့် အခြေအနေများ ရောက်သည့်အထိ စောင့်သင့်ပြီး၊ အာဏာပိုင်များအနေဖြင့် တရုတ်ခရီးသည်များကို နိုင်ငံတွင်းဝင်ခွင့်မပြုသင့်သေးဟု MTGS ကပြောသည်။
“ဒီအစီစဉ်ကို ပြန်စဉ်းစားဖို့ အာဏာပိုင်တွေကို ကျနော်တို့လည်းတ်ိုက်တွန်းပါတယ်။ အန္တရာယ်မကင်းမချင်း၊ WHO ကဗိုင်းရပ်ကို ထိန်းချုပ်နိုင်ပြီဟု မကြေညာမခြင်း ခရီးသွားရန် အန္တရယ်မကင်းမချင်း တရုတ်ခရီးသည်များကိုလည်း ဝန်ဆောင်မှုမပေးဖို့ ဧည့်လမ်းညွှန်များကိုလည်း တိုက်တွန်းထားပါတယ်” ဟု၎င်းကပြောသည်။
အခြေအနေက်ို ပြန်လည်သုံးသပ်နေကြောင်း၊ ထို့အပြင် န်ိုင်ငံသားများ၏ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းအပေါ်ထခိုက်မှုမရှိရေး လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာနက ဧရာဝတီကိုပြောသည်။
“ဝန်ကြီးဋ္ဌာနက ဒီကိစ္စကို ပြန်လည်သုံးသပ်နေပါတယ်။ ဒါက တနိုင်ငံလုံးအတွက် ကျန်းမာရေးကိစ္စဖြစ်နေတော့ ရိုက်ခတ်မှုတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုမရှိအောင် ဝန်ကြီးဋ္ဌာနက ပြန်ပြီးသုံးသပ်ပြီးတော့ ဆွေးနွေး ညှိနှိုင်းတာတွေ လုပ်နေပါတယ်” ဟုဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာနမှ အရာရှိတဦးက ပြောသည်။
ဝန်ကြီးဋ္ဌာန၏ပြောကြားချက်အရ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ၃၀၀,၀၀၀ ကျော်၊ ၂၀၁၉ခုနှစ်က ၇၅၀,၀၀၀ ကျော် လာရောက်ခဲ့ကြောင်းသိရသည်။
ယခုလအစောပိုင်းကပင် တရုတ်ခရီးသည်များအတွက် ခရီးသွားဝန်ဆောင်မှုများပေးခြင်းအား ရပ်ဆိုင်းထားရန် ဝန်ကြီးဋ္ဌာနက ခရီးသွားအေဂျင်စီများကို ညွှန်ကြားခဲ့ပြီး တရုတ်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။
ဗိုင်းရပ်ဒဏ်ခံ ဝူဟန်မှ ရန်ကုန်နှင် မန္တလေးတို့သို့ တိုက်ရိုက်ပျံသန်းမှုများပြုလုပ်နေသည့် China Estern Airlines နှင့်အတူ China Southern Airlines, Kumming Airlines, Air China, Myanmar Airways International နှင့် Myanmar National Airlines တို့အပါအဝင် မြန်မာနှင့် တရုတ်ကြား ပျံသန်းနေသော တခြားလေကြောင်းလိုင်းများ၏ လေကြောင်းခရီးစဉ်များကိုလည်း ပိတ်ပင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်တွင် သေဆုံးသူဦးရေမှာ ၂၀၁၀ ထိရောက်ရှိကာ ကူးစက်ခံရသူမှာ ၇၅၁၉၆ ရှိသွားပြီဟု တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။
ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း၂၅ နိုင်ငံသို့ ပျံ့နှံနေသော Covid-19 ဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံပြင်ပတွင် လူငါးဦးသေဆုံးသွားပြီဖြစ်သည်။
You may also like these stories:
E-Visa နှင့် သံရုံး ဗီဇာတို့ဖြင့် လာမည့် တရုတ်ခရီးသွားများ ကျန်းမာရေးအာခံချက် လိုအပ်
ကိုရိုနာဗိုင်းရပ်စ်ဂယက် ပုဂံဒေသ ခရီးသွား ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း
၂၀၂၁ အထိ အာရှခရီးသွားလုပ်ငန်းအပေါ် ကိုရိုနာဗိုင်းရပ် ရိုက်ခတ်နိုင်
ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် Deposit တင်ရန်သတ်မှတ်ချက် ခရီးသွားလုပ်ငန်းအချို့ ကန့်ကွက်