ကိုရိုနာဗိုင်းရပ်သစ်ကြောင့် ကျန်းမာရေးအကျပ်အတည်းသာမက တရုတ်နိုင်ငံ၏ စီးပွားရေးအတွက်လည်း ခေါင်းအကြီးအကျယ်ကိုက်စရာဖြစ်နေသည်။
ဒီဇင်ဘာလကုန်က ပထမဆုံး ကိုရိုနာဗိုင်းရပ်ကူးစက်မှုများကို စတင်တွေ့ရှိသော်လည်း အနည်းဆုံး ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ထိုကူးစက်မှုကို အလေးအနက်ထားခြင်း မရှိပေ။ ထိုအချိန်ကျမှသာ ကိုရိုနာဗိုင်းရပ်သစ်သည် လူမှလူသို့ ကူးစက်ကြောင်း အစိုးရက အတည်ပြုနိုင်ခြင်းဖြစ်သည်။
ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် အစိုးရသည် ထိုအချိန်က စတင်ပြီး တနိုင်ငံလုံးတွင် ခရီးသွားလာခြင်းကို ကန့်သတ်ခဲ့ကာ သယ်ယူပို့ဆောင်ရေးကွန်ရက် ပြတ်တောက်ပြီး ရေနံချက်လုပ်ငန်း မှသည် အီလက်ထရွန်းနစ် ကိရိယာများ ထုတ်လုပ်သော လုပ်ငန်းအထိကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။
ရေနံ၊ သံရိုင်းနှင့်ကြေးနီအပါအဝင် ကုန်စည်ဈေးများအားလုံး ထိုးကျပြီး ရောဂါကူးစက်မှုကြောင့် တရုတ်နိုင်ငံမှဝယ်လိုအားကို အကြီးအကျယ် ထိခိုက်စေကြောင်း ပြသလိုက်သည်။ ဥပမာ အားဖြင့် ရေနံကို ကြည့်ပါက ကမ္ဘာ့စံအဖြစ်သတ်မှတ်သည့် ရေနံစိမ်းနှစ်မျိုးအနက်တမျိုးဖြစ်သော ဘရန့် ရေနံစိမ်းဈေးသည် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ၁၅ ရာခိုင်နှုန်းကျပြီး ထိုရက်ပိုင်းအတွင်း တစည်လျှင် ၅၅ ဒေါ်လာဖြင့် ရောင်းဝယ်နေရသည်။
ရေနံဝယ်လိုအားကျဆင်း
ရောဂါပိုးကူးစက်မှု၏ ဗဟိုချက်ဖြစ်သော ဝူဟန်မြို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပိတ်ဆို့လိုက်ပြီး လေကြောင်း၊ ရထားနှင့် ဘတ်စ်ကားခရီးစဉ်များအားလုံး အပါအဝင် မြို့တွင်းသို့ သယ်ယူပို့ဆောင်ခြင်းကို ဆိုင်းငံ့လိုက်သည်။ နောက်မကြာမီ တနိုင်ငံလုံးတွင် ခရီးသွားလာခြင်းကို ထိန်းချုပ်လိုက်သည်။ ကမ္ဘာတဝှမ်းမှ လေကြောင်းလိုင်းများသည်လည်း ရောဂါပိုးပျံ့နှံ့မှုကို တားဆီးရန် တရုတ်နိုင်ငံသို့ ခရီးစဉ်များကို ဆိုင်းငံ့လိုက်ကြသည်။
သောကြာနေ့ မွန်းတည့်အချိန်အထိ လေကြောင်းလိုင်း ၆၇ လိုင်းသည် တရုတ်နိုင်ငံသို့ နိုင်ငံတကာလေကြောင်းခရီးစဉ် ၂၂၉၇ ခုကို ဆိုင်းငံ့ထားကြောင်း လေကြောင်း စာရင်းအင်းလုပ်ငန်း VariFlight ၏ အဆိုအရ သိရသည်။ ပြည်တွင်းတွင်လည်း လေကြောင်းလိုင်း ၄၁ လိုင်းသည် ခရီးစဉ် စုစုပေါင်း ၁၁၈၀၀ ကို ဆိုင်းငံ့ခဲ့သည်။
ပြည်တွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ပြည်နယ် ၂၈ ခုမှ အများပြည်သူ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး စနစ်များကို တစိတ်တပိုင်းဖြစ်စေ၊ လုံး၀ဖြစ်စေ ရပ်တန့်ထားရပြီး ပြည်နယ်ချင်းဆက်သွယ်သည့် ဘတ်စ်ကားများကို အနည်းဆုံး ပြည်နယ် ၁၆ ခုတွင် ဆိုင်းငံ့ထားကြောင်း တရုတ်အရာရှိများ၏ အဆိုအရ သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တရုတ်နိုင်ငံမှပြည်သူများသည် ရထား၊ ကား၊ လေကြောင်းနှင့် ရေကြောင်းမှ ခရီးသည် သန်း ၁၉၀ သွားခဲ့ပြီး ယခင်နှစ်အလားတူကာလကထက် ၇၃ ရာခိုင်နှုန်း ကျဆင်းကြောင်း တရုတ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ခန့်မှန်းသည်။
ထိုသို့ပြောင်းလဲသွားခြင်းသည် စီးပွားရေး၏ အခြားကဏ္ဍများကိုလည်း ထိခိုက်စေသည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် တရုတ်နိုင်ငံတွင် လောင်စာဆီနှင့် အခြားရေနံထွက် ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းအထိသုံးကြောင်း Huatai Futures Co. Ltd မှ သုတေသီ ပန်ရှောင်ကပြောသည်။
“ကိုရိုနာဗိုင်းရပ်ကူးစက်မှုက တရုတ်နိုင်ငံရေနံသုံးစွဲမှုကို ကျဆင်းသွားစေတယ်” ဟု သူက ပြောသည်။
ယခုနှစ် ပထမ သုံးလပတ်အတွက် တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအားသည် ယခင်နှစ် ထိုအချိန်ထက် တနေ့လျှင် စည်ပေါင်း ၂ သိန်း ၅ သောင်းကျော် ကျဆင်းမည်ဖြစ်ကြောင်း စွမ်းအင်အတိုင်ပင်ခံလုပ်ငန်း Wood Mackenzie က လွန်ခဲ့သောလက အစီရင်ခံစာ တစောင်တွင်ဖော်ပြသည်။
လက်ကျန်ပစ္စည်း စုပုံနေ
ဝယ်လိုအားနည်းသောကြောင့် စွမ်းအင်ကဏ္ဍ လောင်စာဆီ ချက်လုပ် ရောင်းဝယ်ရေး ကွင်းဆက်တွင် လက်ကျန်များ စုပုံနေသည်။ တရုတ်နိုင်ငံမှ ရေနံချက်စက်ရုံများတွင် လက်ကျန် လောင်စာဆီများ အလျှင်အမြန် စုပုံနေကြောင်း တရုတ်ရေနံနှင့် ဓာတုလုပ်ငန်းအဖွဲ့ချုပ်မှ သုတေသီ ကျူဖောင်က ပြောသည်။
ထိုသို့လက်ကျန်ပစ္စည်းများ စုပုံနေခြင်းကို သံမဏိနှင့် ကြေးနီအရည်ကျို လုပ်ငန်းများအပါအဝင် အခြား အကြီးစားစက်မှုလုပ်ငန်းများလည်း ရင်ဆိုင်နေရသည်။ သောကြာနေ့က တရုတ်နိုင်ငံ သံမဏိလုပ်ငန်းတွင် ခေတ်အဆက်ဆက်အမြင့်မားဆုံး တန်ချိန် ၂၅ သန်းအထိရှိနေပြီး တရုတ်နှစ်သစ်ကူးမတိုင်မီက အဆင့်ထက် ၅၄ ရာခိုင်နှုန်း တိုးလာကြောင်း ရှန်ဟိုင်းအခြေစိုက် စက်မှုလုပ်ငန်း စာရင်းအင်းဌာန Mysteel.com ၏ အဆိုအရ သိရသည်။
ထိုသို့လက်ကျန်ပစ္စည်း စုပုံနေခြင်းသည် ကုမ္ပဏီများအပေါ် ကြီးမားသော ဖိအားဖြစ်စေသည်ဟု Mysteel.com မှဝါရင့် သုတေသီ ရှူရှောင်ချွမ်က ပြောသည်။ သံမဏိ လုပ်ငန်းအများအပြားသည် နိုင်ငံတဝှန်းမှ ဟီဘေးနှင့် ရှန်စီ အပါအဝင် ပြည်နယ်များတွင် ထုတ်လုပ်မှု လျှော့ချနေသည်ဟု သူက ပြောသည်။
ဝယ်လိုအားနည်းခြင်းအပြင် စွမ်းအင်လုပ်ငန်းများအတွက် အခြားပြဿနာတခုမှာ ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်ဖြစ်သွားပြီး ကုန်စည်များကို ပို့ဆောင်ရန် အခက်အခဲဖြစ်သွားကြောင်း ရှန်တုံ အခြေစိုက် ရေနံချက်စက်ရုံတခုမှ အမှုဆောင်အရာရှိတဦးက ပြောသည်။
ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့် ပိုမိုသေးငယ်သော လုပ်ငန်းများသည် အပြင်းအထန်ထိခိုက်မည်ဟု မျှော်လင့်ရသည်။ လုပ်သားအင်အား မလုံလောက်ခြင်းနှင့် အားလပ်ရက်အပြီး ထုတ်လုပ်မှုတိုးရန် ခက်ခဲခြင်း စသည်ဖြင့် ပိုမိုသေးငယ်သော ရေနံချက်စက်ရုံများအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှုကို ဖြစ်စေသည်။ ထိုလုပ်ငန်းငယ်များတွင် ငွေကြေးစီးဆင်းမှုနည်းပြီး ဘဏ်ချေးငွေများကို အကြီးအကျယ်မှီခိုနေရကြောင်း ထိုရေနံလုပ်ငန်းအမှုဆောင်က ပြောသည်။
ရေရှည်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် စွမ်းအင်လုပ်ငန်း၏ အစိတ်အပိုင်းအများအပြားကို အပြောင်းအလဲဖြစ်စေမည်ဟု တရုတ် လူမှုသိပ္ပံ အကယ်ဒမီမှ သုတေသီ ရှိုချီယန်က ပြောသည်။
ထိုအချက်သည် ရေနံအတွက် အလွန်မှန်သည်။ ရေနံလုပ်ငန်းတွင် တရုတ်အစိုးရက ချက်လုပ်ခြင်းမှ ဓာတုထုတ်ကုန်များအထိ ကွင်းဆက်များအားလုံးတွင် တိုးချဲ့ရန် အစိုးရက လုပ်ငန်းများကို အားပေးခဲ့သည်ဟု တရုတ်နိုင်ငံ ရေနံဓာတု လုပ်ငန်းအဖွဲ့ချုပ်မှ သုတေသီ ဖန်ဂွေါင်လျှံက ပြောသည်။ ရှန်တုံမှ လုပ်ငန်းငယ်များသည် ပျောက်ကွယ်သွားမည်ဟု သူက သုံးသပ်သည်။
Supply Chain များ ပြတ်တောက်ခြင်း
အကြီးစားစက်မှုလုပ်ငန်းအပြင် အခြားသော စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်ကြသည်။
ဝူဟန်သည် တီဗီနှင့် ကွန်ပျူတာ မျက်နှာပြင်များ ထုတ်လုပ်သည့် အချက်အခြာနေရာဖြစ်ပြီး BOE Technology Group Co. Ltd., TCL Corp နှင့် Tianma Microelectronics Co. Ltd တို့ကဲ့သို့သော လုပ်ငန်းများက စက်ရုံများ ဖွင့်ထားသောနေရာများ ဖြစ်သည်။ ဝူဟန်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပိတ်ဆို့လိုက်ချိန်မှ စတင်ပြီး ကုန်ထုတ်လုပ်သူ အများအပြားသည် ပစ္စည်း ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။
၎င်းတို့၏ ဝူဟန်မှ စက်ရုံနှစ်ရုံ၏ တစိတ်တပိုင်းသည် ပုံမှန်အလုပ်လုပ်နေသော်လည်း ကုန်ထုတ်လုပ်မှုသည် သယ်ယူပို့ဆောင်ရေး အကန့်အသတ်များနှင့် ကုန်ကြမ်းသယ်ဆောင်ရာတွင် နှောင့်နှေးမှုများကြောင့် အနှောက်အယှက်ဖြစ်နိုင်ကြောင်း TCL က ယခုလအစောပိုင်းတွင် ပြောသည်။ တရုတ်နိုင်ငံမှ ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ မျက်နှာပြင်ထုတ်လုပ်မှုသည် ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်ပွားသည့် အနှောင့်အယှက်များကြောင့် ဖေဖော်ဝါရီလအတွင်း ၁၀ ရာခိုင်နှုန်းကျဆင်းမည်ဟု စက်မှုလုပ်ငန်း သုတေသနဌာနဖြစ်သော AVC Revo က ယခုလအစောပိုင်းက ခန့်မှန်းသည်။
တရုတ်နိုင်ငံ၏ စမတ်ဖုန်းလုပ်ငန်းသည်လည်း အလားတူအဆင့်ရှိသော ထိခိုက်မှု ခံရနိုင်သည်။ တရုတ်နိုင်ငံ၏ စမတ်ဖုန်းတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်အတွင်း ၃၀ ရာခိုင်နှုန်း ထိုးကျနိုင်ကြောင်း သုတေသနလုပ်ငန်း Strategy Analytics က ယခုလအစောပိုင်းက ခန့်မှန်းသည်။
ကမ္ဘာ့စမတ်ဖုန်းများ၏ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတွင် ထုတ်လုပ်နေသောကြောင့် လက်ရှိအချိန်အထိ ပျံ့နှံ့နေသေးသော ဗိုင်းရပ်သည် ကမ္ဘာ့ကုန်စည်ပေးသွင်းရေး ကွင်းဆက်များကို ထိခိုက်စေနိုင်သည်။ Apple ကို နမူနာထားရပါက ၎င်း စမတ်ဖုန်းများ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ဟီနန်ပြည်နယ်မြို့တော် ကျုံကျိုးရှိ ၎င်း၏ ထုတ်လုပ်ရေးမိတ်ဖက် Foxconn ၏ စက်ရုံတခုက ထုတ်လုပ်ပေးသည်။ အိုင်ဖုန်း ထုတ်လုပ်သူ Apple ၏ ကမ္ဘာ့ စမတ်ဖုန်းတင်ပို့မှုသည် Foxconn လုပ်ငန်းများ ပြတ်တောက်ခြင်းကြောင့် ယခုနှစ် ပထမသုံးလပတ်အတွင်း ၁၃ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း Strategy Analytics မှ သုတေသီ ဆွေချန်က ပြောသည်။
ကုန်ထုတ်လုပ်မှု ပြန်လည်စတင်ခြင်း
ကိုရိုနာဗိုင်းရပ်သစ်၏ စီးပွားရေးထိခိုက်မှုအတွက် တရုတ်အစိုးရသည် ဘဏ္ဍာရေး အစီအမံများပြုလုပ်ထားပြီး တရုတ်ဗဟိုဘဏ်သည် နိုင်ငံ၏ဈေးကွက်များကို အထောက်အကူပြုရန် ယွမ် ၁.၇ ဘီလျံကို ဘဏ္ဍာရေးစနစ်အတွင်းသို့ ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ထည့်သွင်းခဲ့သည်။
ဒေသဆိုင်ရာ အစိုးရများကလည်း ၎င်းတို့၏ အထောက်အကူပေးရေး မူဝါဒများကို လိုက်လံချမှတ်ကြသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရှန်တုံပြည်နယ် အစိုးရသည် အသေးစား အလတ်စား လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှင့်အခွန်ဆိုင်ရာ အစီအစဉ်များ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ကိုကူညီရေးသည် အရေးကြီးကြောင်း ပြသခဲ့သည်။
ကျယ်ပြန့်သော ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများများကို ချမှတ်ခြင်းထက် တရုတ်အစိုးရသည် လုပ်ငန်းများ ပြန်လည်စတင်ရေးအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသင့်သည်။
အဓိကအချက်မှာ သယ်ယူပို့ဆောင်ရေးဖြစ်ကြောင်း တရုတ်လူမှု သိပ္ပံအကယ်ဒမီမှ ရှူက ပြောသည်။ အစိုးရ၏ အခြားလုပ်ဆောင်မှုတခုမှာ သယ်ယူပို့ဆောင်ရေး အကန့်အသတ်များကို ဖြည်းဖြည်းချင်း လျှော့ချရန်ဖြစ်ကြောင်း သူက ပြောသည်။
(Caixinglobal.com တွင် ဖော်ပြထားသည့် Chinese economy ravaged by spread of coronavirus ကို ဆီလျော်အောင် ဘာသာပြန်သည်။ Caixinglobal.com သည် Caixin အခြေစိုက် တရုတ် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ သတင်းမီဒီယာအဖွဲ့၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော အွန်လိုင်းသတင်းပေါ်တယ် တခုဖြစ်သည်။)
ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ထိန်းချုပ်ရန် တရုတ်ဗဟိုဘဏ်က ငွေစက္ကူများကို ဖျက်ဆီး
ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
၂၀၂၁ အထိ အာရှခရီးသွားလုပ်ငန်းအပေါ် ကိုရိုနာဗိုင်းရပ် ရိုက်ခတ်နိုင်
ဗိုင်းရပ်ပိုးကြောင့် တရုတ်လုပ်ငန်းများ ပိတ်သဖြင့် မြန်မာ ပို့ကုန်တင်ပို့သူများ အကြီးအကျယ် အထိနာ