စီးပွားရေး

ရွှေဈေး ၁၂ သိန်း ၃ သောင်းကျော် အထိ ရောက်လာ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ရွှေဈေးသည် ယခု ဖေဖော်ဝါရီလအတွင်း ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၃ သောင်းကျော်အထိ ရှိလာသော ကြောင့် အမြင့်ဆုံး ဈေးတခုသို့ ရောက်ရှိနေကြောင်း ရွှေဈေးကွက်အတွင်းက စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွှေဈေးသည် ကျပ် ၁၂ သိန်း ကျော် ဝန်းကျင်ရှိရာမှ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းမှ စတင် ၍ ကျပ် ၁၂ သိန်း ၃ သောင်းကျော် အထိ မြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “အခုက ကမာ္ဘ့ ရွှေဈေးတက်လို့ လိုက်တက်တာ ဖြစ်တယ်။ ၂၀၁၉-၂၀၂၀ အတွင်းမှာ အမြင့်ဆုံးဈေး ဖြစ်တယ်။ ဗိုင်းရပ်စ်ကြောင့် ကျန်တဲ့ စတော့ရှယ်ယာ ဈေးကွက်တွေက အကုန် လုံး အရောင်းအဝယ် မရှိသလာက် ဖြစ်ပြီး အခု ပြန်ဖြစ်တော့ ရွှေဈေးက မြင့်လာတာ။ ကမာ္ဘ့ရွှေ ၁ အောင်စ အမေရိကန် ဒေါ်လာ ၁၆၂၀ ဆိုတာ အမြင့်ဆုံးအတန်း ဖြစ်နေပြီ။ ဒါမျိုးက တခါမှ မတက်ခဲ့ဘူး။ အခု ၂၀၂၀ မှာ စဖြစ်တာ” ဟု ဧရာဝတီ သို့ ပြောသည်။

အဆိုပါ ရွှေဈေးများ မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမာ္ဘတွင် စတော့ရှယ်ယာ ဈေး ကွက် အရောင်းအဝယ်အေးရာမှ ယခု ရက်ပိုင်းအတွင်း ရွှေဈေးကွက်ဘက်သို့ လှည့်လာခြင်းကြောင့် ကမာ္ဘ့ရွှေဈေးတက် ခြင်းနှင့်အတူ မြန်မာ့ ရွှေဈေးမှာ လိုက်ပါ မြင့်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ဦးမျိုးမြင့်က “အရင်လို အုတ်အော်သောင်းနင်းတော့ တက်မယ်လို့ မထင်ဘူး။ ဒါက ပြည်တွင်း သက်ရောက်မှု မပါဘူး။ ပြည်ပကြောင့် တက်နေတာ။ အရောင်းအဝယ်ကတော့ အေးတယ်” ဟု ပြောသည်။

ပြည်ပသို့ လက်ဝတ်ရတနာ အမှတ်တရ ပစ္စည်းအနေနှင့် ရွှေထည် အနည်းသာ သွားရှိနေပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များအသင်း (ရွှေကုန်စည်ဒိုင်) တွင် တရက်လျှင် ရွှေပိဿချိန် ၅၀ ခန့်သာ အဝင် အထွက် ရှိနေကြောင်း သိရသည်။

ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည်ပြည့် ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၃ သောင်းကျော်၊ ၁၅ ပဲရည် ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်းကျော် ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်မြို့ ရွှေဆိုင်ပိုင်ရှင်များ က ပြောကြသည်။

တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က “ကမာ္ဘ့ရွှေက ၁ အောင်စကို အရင် ဒေါ်လာ ၁၅၈၀၊ ၁၅၉၀ လောက်ကနေ အခု ၁၆၁၀ လောက်ထိ တက်သွားတယ်။ တော်တော်လေး တက်သွားတယ်။ အဲဒီတော့ မြန်မာ့ရွှေဈေးကလည်း ကျပ် ၁၂ သိန်း နှစ်သောင်းလောက်ကနေ ၁၂ သိန်း သုံးသောင်းကျော် လောက်ထိ ဖြစ်သွားတယ်။ လောလောဆယ်တော့ ကမာ္ဘ့ရွှေဈေး အရပေါ့နော်။ ဆက်တက်မလား ကျမလားတော့ ခန့်မှန်းလို့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ဈေးကွက်အတွင်း၌ ရွှေငါးမူးသား၊ ၁ ကျပ်သား ဝယ်ယူသည့် သူများပင် မရှိသလောက် နည်းနေကြောင်း ပြည် တွင်း ဈေးကွက် အခြေအနေကို ၎င်းက ရှင်းပြသည်။

ရွှေဈေးမြင့်တက်နေခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မြင့်တက်နေစဉ်အတွင်းက တရုတ်နိုင်ငံမှ အလုပ်ရုံ၊ စက်ရုံများ ပိတ် ခြင်းကြောင့်လည်း စတော့ရှယ်ယာပိုင်းထက် ရွှေမှာ ပိုခိုင်မာသည်ဟု စီးပွားရေး လုပ်ငန်းရှင်တချို့၏ ယူဆကြကာ ကမာ္ဘ့ ရွှေဘက်သို့ လုပ်ငန်းရှင်များ လှည့်လာသဖြင့်လည်း မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ကိုဇော်အောင်က သုံးသပ် ပြောဆို သည်။

၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းကလည်း ရွှေဈေးသည် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ၊ ကမာ္ဘ့ရွှေဈေး မြင့်တက် နေမှု၊ ပြည်တွင်း ရွှေတွင်း လုပ်ကွက်များ ချထားပေးမှု မရှိခြင်း၊ ဒေါ်လာဈေးမြင့်တက်နေမှုနှင့် ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ် ဂယက်များကြောင့် မြန်မာ့ရွှေ ၁၃ သိန်းကျော်အထိ မြင့်တက်ခဲ့ဖူးသည်။

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက “ဒီနေ့ ငွေဈေးလေး နည်းနည်း ပြန်တက်သွားတယ်။ အဲဒီ တော့ ရွှေဈေးကလည်း ကျပ် ၁၂ သိန်း ၃ သောင်းအပေါ် ဖြစ်သွားတယ်။ ကျန်တဲ့ဟာတော့ မရှိပါဘူး။ တကယ်တမ်း ဈေး ကွက် ပေါက်ဈေးအရ ဆိုရင် ကျပ် ၁၂ သိန်း ၄ သောင်းကျော် လောက်ထိ ရှိတယ်။ မန္တလေးမှာလည်း အရောင်းအဝယ် ပါး တယ်” ဟု မန္တလေး ဈေးကွက် အခြေအနေကို ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “အခု အရောင်းအဝယ်တွေ ရပ်တော့ ငွေလည်း နည်းနည်း ကျပ်တယ်။ မြေသမားတွေလည်း အရောင်းအဝယ် မထွက်၊ ကျောက်သမားတွေလည်း အလုပ်မဖြစ်တော့ ငွေက မထွက်ဘူး။ အဲဒီတော့ အရောင်းအဝယ် ပါး တယ်” ဟု ရှင်းပြသည်။

ရွှေဈေးနှင့်အတူ ဒေါ်လာဈေးသည်လည်း ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၁ ဒေါ်လာလျှင် ၁၄၄၆ ကျပ် ရှိရာမှ ယနေ့တွင် ၁၄၅၀ ကျပ်အထိ အနည်းငယ် ပြန်တက်နေကြာင်း ဈေးကွက်တွင်းက သိရသည်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်သစ်ကြောင့် တရုတ်စီးပွားရေး ခေါင်းအကြီးအကျယ်ကိုက်နေ

မြန်မာနိုင်ငံ၏ တိုးတက်မှုများကြောင့် GSP အခွင့်အရေး မရုပ်သိမ်းခြင်းဖြစ်ဟု EU ပြော

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading