တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုနှစ် မြန်မာနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး အခြေခံအဆောက်အအုံဆိုင်ရာ စာချုပ်သစ်များကို လက်မှတ်ထိုးခဲ့ချိန်က ကမ္ဘာတဝန်း ရထားလမ်း၊ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းများအတွက် တရုတ်၏ စီမံကိန်းကို တိမ်းချော်စေမည့် အတားအဆီး အရိပ်လက္ခဏာများ မရှိခဲ့။
တနင်္ဂနွေနေ့တွင် လူ ၂၄၆၃ ယောက် သေဆုံးခဲ့ပြီးဖြစ်သော ကိုရိုနာဗိုင်းရပ် ရောဂါပျံ့နှံ့မှုကို တားဆီးရန် ခရီးသွားတင်းကျပ်မှုများက ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး၏ အလုပ်များစွာကို ရပ်ဆိုင်းစေပြီး ရှီ၏ အမှတ်သရုပ်ဖြစ်သော ခါးပတ်ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏ အဓိကအင်အားစုများကို ပိတ်ဆို့ခဲ့သည်။
တရုတ်လုပ်သားများသည် ပြည်ပရှိ စီမံကိန်းများထံ ပြန်မသွားနိုင်။ ထို့အပြင် စက်ရုံများကို ဆက်လက်လည်ပတ်စေရန် ၎င်းတို့လိုအပ်သည့် တရုတ်မှ တင်သွင်းကုန်များ ဖြတ်တောက်ခံနေရသည်ဟု ကုမ္ပဏီအမှုဆောင်နှင့် အရာရှိ တဒါဇင်ကျော်က ပြောသည်။
“တရုတ်မှာ စက်ရုံအများအပြားက ပိတ်ထားဆဲပါ။ ဖွင့်တဲ့စက်ရုံတွေကလည်း အပြည့်အ၀ မလည်ပတ်နိုင်ပါဘူး”ဟု Ducker Frontier မှ တရုတ်ကျွမ်းကျင်သူတဦးဖြစ်သည့် ပေါက်ယန်ရှူးက ပြောသည်။ “BRI ပရောဂျက်အများအပြားက တရုတ်မှာ အခြေစိုက်တဲ့ ထုတ်လုပ်သူတွေဆီက စက်ကိရိယာတွေ အဓိကရယူလေ့ရှိလို့ စက်မှုကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေး အဆင့်ဆင့်မှာ အလျင်ပြတ်သွားခြင်းက နောက်ထပ်ကြန့်ကြာမှုတွေ ဖြစ်လာမှာပါ”ဟု ၎င်းကပြောသည်။
ကြီးမားသည့် ပရောဂျက်ကြီးတခုဖြစ်သည့် China Railway International Group ၏ အင်ဒိုနီးရှားတွင် တည်ဆောက်သည့် အမေရိကန်ဒေါ်လာ ၆ ဘီလျံတန် မြန်နှုန်းမြင့်ရထားစီမံကိန်းမှာ ရုန်းကန်နေရသည်။
အဆိုပါနိုင်ငံပိုင်လုပ်ငန်းကြီးက ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို စောင့်ကြည့်ရန် အထူးအဖွဲ့တခုကို ဖွဲ့ပေးထားပြီး တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွက် အိမ်ပြန်သည့် တရုတ်ဝန်ထမ်းများကို အင်ဒိုနီးရှားသို့ ပြန်မလာရန် တိုက်တွန်းထားသည်ဟု အမည်မဖော်လိုသူ အကြီးတန်းအမှုဆောင်တဦးက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ အထည်အလိပ် ဗဟိုမြို့ဖြစ်သော ဘန်ဒေါင်းနှင့် ကီလိုမီတာ ၁၄၀ ခန့်ကွာဝေးသော မြို့တော်ဂျာကာတာကို ချိတ်ဆက်ပေးသော ၎င်းစီမံကိန်းသို့ ပြန်မလာရန် အများအားဖြင့် ကျွမ်းကျင်လုပ်သား သို့မဟုတ် မန်နေဂျာများပါဝင်သည့် တရုတ်ဝန်ထမ်း ၁၀၀ ကျော်ကို ပြောကြားထားသည်ဟု ၎င်းအရာရှိက ပြောသည်။
“ကျနော်တို့ရဲ့ အဓိကကျတဲ့ လူတချို့ လုပ်ငန်းခွင်ပြန်မဝင်နိုင်သေးခင်မှာတော့ ရထားစီမံကိန်းရဲ့ သိပ်အရေးမကြီးတဲ့ အစိတ်အပိုင်းတွေကို အာရုံစိုက်ဖို့ လိုတာပေါ့” ၎င်းက ပြောသည်။ “၂၀၂၀ မှာ အလွန်ဆိုးဝါးတဲ့ စတင်မှုတခုပါ။ ကျနော်တို့စီမံကိန်းမှာ ကြန့်ကြာမှုတွေ အငြင်းပွားဖွယ်တွေ ခဏခဏဖြစ်တယ်။ ဒီကိုရိုနာဗိုင်းရပ်ရဲ့ စိန်ခေါ်မှုကတော့ ပိုတောင်ကြီးသေးတယ်”ဟု ၎င်းကပြောသည်။
အနှောင့်အယှက်
ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် ပြည်ပရှိ ပရောဂျက်များ၊ ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံပိုင်ကုမ္ပဏီများကို ထိန်းချုပ်သည့် တရုတ်၏ ထိပ်တန်းအဖွဲ့အစည်းက အင်္ဂါနေ့က ရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထောက်ခံမှုနှင့် နားလည်မှုရရှိရေး ပြည်ပကုမ္ပဏီများ၊ ပြည်ပပိုင်ရှင်များ၊ ပြည်ပအစိုးရများနှင့် စောနိုင်သမျှစောစော အဆက်အသွယ်လုပ်ထားပြီးဖြစ်သည်ဟု နိုင်ငံပိုင် ပိုင်ဆိုင်မှုများ ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးကော်မရှင်၏ အတွင်းရေးမှူးချုပ် ပင်ချင်းဟွာက ပြောသည်။
အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေး အင်ဒိုနီးရှားက ဖေဖော်ဝါရီအစောပိုင်းက တရုတ်မှ လာသည့် လေယာဉ်များကို ရပ်တန့်လိုက်ပြီး ၁၄ ရက်အတွင်း တရုတ်ပြည်မကြီးတွင် ရှိနေခဲ့သူများကို ပြည်ဝင်ခွင့် ငြင်းဆိုလိုက်သည့်အခါ Tsingshan Holding Group, GEM Co Ltd နှင့် Zhejiang Huayou Cobalt အပါအဝင် အင်ဒိုနီးရှားရှိ တရုတ်ကုမ္ပဏီအချို့၏ နစ်ကယ်နှင့် ကိုဘော့သတ္တုစီမံကိန်းများ အရှိန်တန့်သွားတော့သည်။
“စီမံကိန်းသစ်တွေက နည်းနည်းတော့ ရွှေ့ဆိုင်းနိုင်ပါတယ်။ ဒါပေမယ့် အများစုတော့ မဟုတ်ပါဘူး” ဟု အဆိုပါ ကုမ္ပဏီများထဲမှ တခု၏ အမှုဆောင်တဦးက ပြောသည်။ ၎င်းမှာ ခရီးသွားပိတ်ပင်မှုမလုပ်ခင်က အင်ဒိုနီးရှားသို့ သွားရန် စီစဉ်ခဲ့ပြီး မသွားနိုင်ခဲ့ပေ။ နိုင်ငံပေါင်း ၁၃၃ နိုင်ငံကျော်က တရုတ်နိုင်ငံသားများ သို့မဟုတ် တရုတ်သို့ ခရီးသွားခဲ့သူများကို ပြည်ဝင်ခွင့်ကန့်သတ်ထားသည်ဟု တရုတ် အမျိုးသား လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီက ပြောသည်။
မန်နေဂျာအချို့ကို တရုတ်မှ ပြန်လာပြီးနောက် ရောဂါခြေချုပ်ဖြင့် ထားရှိနေရကြောင်း အရာရှိများက ပြောကြားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်ကြောင့် ထိခိုက်မှု ရှိလာမည်မဟုတ်ကြောင်း ဒေါ်လာ ၆၂ ဘီလျံတန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်(CPEC) က ပြောသည်။
BRI စီမံကိန်းကန်ထရိုက်များအပေါ် ကိုရိုနာဗိုင်းရပ်၏ စိန်ခေါ်မှုက ၂၀၁၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် သဘောမတူညီမှုနောက် ဖြစ်ပေါ်လာသည့် နောက်ထပ်စိန်ခေါ်မှု ဖြစ်သည်။ ထိုစဉ်က အင်ဒိုနှီးရှား၊ မလေးရှား၊ သီရီလင်္ကာနှင့် တခြားနေရာများမှာ အရာရှိများက ၎င်းတို့ဒေသရှိ စီမံကိန်းများမှာ ကုန်ကျမှုကြီးမားပြီး လိုအပ်မှုမရှိကြောင်း ဝေဖန်ခဲ့ကြသည်။
ကုန်ကျမှုအပေါ် စိုးရိမ်မှုများ၊ အချုပ်အခြာအာဏာကို ထိခိုက်မှုများနှင့် ခြစားမှုများကို ကိုးကား၍ နိုင်ငံအချို့က ပြန်လည်သုံးသပ်ရန် ကြိုးစားခြင်း၊ ဖျက်သိမ်းခြင်းနှင့် ပမာဏလျှော့ချခြင်းတို့ ပြုလုပ်လာကြပြီးနောက် တရုတ်က စီမံကိန်းအချို့ကို ပမာဏလျှော့ခဲ့သည်။
Supply chain ကျိုးပျက်ခြင်း
ကိုရိုနာဗိုင်းရပ်ကြောင့် အဓိကစက်ပစ္စည်းအစိတ်အပိုင်းများ အသုံးပြုနေသည့် ကုမ္ပဏီများသို့ ပေးနေသည့် ရောင်းချမှုအဆင့်ဆင့်မှာလည်း စတင်ကျိုးပျက်နေသည်။
ကမ္ဘောဒီးယားရှိ တရုတ်ကက်စီနိုမြို့ သီဟာနုဗီလာ အထူးစီးပွားရေးဇုန်ရှိ တရုတ်အကြီးတန်းမန်နေဂျာများ၏ ရုံးခန်းများမှာ လူမရှိတော့ပေ။ BRI စီမံက်ိန်းတွင် သမိုင်းဝင်စီမံကိန်းကြီးအဖြစ် ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုနေသော ၎င်းဇုန်ကြီးတွင် စီးပွားရေးလုပ်ငန်းပေါင်း ၁၆၀ ကျော်နှင့် အလုပ်သမား ၂၀,၀၀၀ ကျော်ရှိသည်။
တရုတ်ပိုင်စက်ရုံများမှ ဝန်ထမ်းများက Reuters သတင်းဌာနကို ပြောသည်မှာ ယင်းစက်ရုံများရှိ အလုပ်သမားအများစုက ဒေသခံများဖြစ်သော်လည်း ပိုမိုကြီးမားသည့် စိန်ခေါ်မှုမှာ တရုတ်မှလာသော ထောက်ပံ့ရေးပစ္စည်းကိရိယာများအပေါ် မှီခိုနေရခြင်းဖြစ်သည် ဆိုသည်။ “ဒီလိုဖြစ်တာက စီမံကိန်းအချိန်ဇယားကို ရှည်သွားစေနိုင်ပါတယ်။ သာဓကပြောရင်တော့ ကုန်ကျစရိတ်တွေ တက်လာနိုင်ပါတယ်” ဟု Economist Intelligence Unit မှ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကျွမ်းကျင်သူနှင့် တရုတ်လေ့လာသူ နစ်မာရိုးကပြောသည်။
ဗိုင်းရပ်ကို ထိန်းချုပ်နိုင်မှုရှိမရှိအပေါ်မူတည်၍ ယင်းအခြေအနေက ပထမသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ထိခိုက်နိုင်သော်လည်း တရုတ်တ်ိုးတက်မှု ပိုမိုနှေးကွေးလာခြင်းက ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုရှိလာမည်ဟု ၎င်းကဆိုသည်။ ခါးပတ်ရပ်ဝန်းနှင့် လမ်းပေါ်ရှိ နေရာအချို့တွင် ဗိုင်းရပ်၏ ရိုက်ခတ်မှုရှိနေပြီဖြစ်သည်။
ဖေဖော်ဝါရီလအစောပိုင်းတွင် စီးပွားရေးအရ လည်ပတ်မှုများ စတင်နိုင်မည်ဟု မျှော်မှန်းထားသော Payra ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံအပ်နှံမှုအပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းအချို့မှာ နှောင့်နှေးမှုများရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်က ကြေညာထားသည်။
၎င်းစက်ရုံတွင် တရုတ်အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လုပ်နေပြီး ၎င်းတို့၏ ၄၀ ရာနှုန်းခန့်မှာ တရုတ်နှစ်ကူးအားလပ်ရက်အတွက် အိမ်ပြန်သွားကြသည်ဟု ဒေသခံမီဒီယာများက အစီရင်ခံခဲ့သည်။ အလုပ်သမား ၂၀ ကို ၁၄ရက်ကြာ ရောဂါခြေချုပ်လုပ်စောင့်ကြည့်ပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။
(Reuters သတင်း Coronavirus Slows China’s Belt and Road Push ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ကိုရိုနာဗိုင်းရပ်သစ်ကြောင့် တရုတ်စီးပွားရေး ခေါင်းအကြီးအကျယ်ကိုက်နေ
ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှု ထိန်းချုပ်ရန် တရုတ်ဗဟိုဘဏ်က ငွေစက္ကူများကို ဖျက်ဆီး
ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ