မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအနေဖြင့် ဆင်းမ်ကတ်များကို မိမိ၏ ကိုယ်ရေးအချက်အလက်များဖြင့် ပြန်လည် မှတ်ပုံတင်ခြင်းကို လာမည့် ဇွန် ၃၀ ရက်နေ့တွင် နောက်ဆုံးထားပြုလုပ်ရမည်ဖြစ်ပြီး မလုပ်ပါက လိုင်းပိတ်သိမ်းမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
အသုံးပြုသူများသည် မိမိတို့၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်၊ မမှန် စစ်ဆေးခြင်းများနှင့် မှတ်ပုံတင်ခြင်း ကိစ္စများကို သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း သတ်မှတ်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိတွင် မိုဘိုင်းလ်ဖုန်းကို အသုံးပြုပြီး ငွေပေးငွေယူကိစ္စရပ်များ ပိုမိုတွင်ကျယ် လာခြင်း၊ မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်ခြင်းကို လျှော့ချနိုင်ရေး နှင့် သုံးစွဲသူ တဦး တယောက်ချင်း ကိုလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိစေလို၍ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်းအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ တချို့ဖုန်းဆိုင်တွေက မှတ်ပုံတင်တခုထဲနဲ့ ရာနဲ့ချီတဲ့ ဆင်းမ်ကတ်တွေ အများကြီးယူပြီး အပြင်မှာ ပြန်ရောင်း၊ ပြည်သူလူထုက အလွယ်တကူ ဝယ်လို့ရတော့ ဝယ်နေတာပေါ့။ ပြည်သူလူထုကိုလည်း ကိုယ့်တာဝန် ကိုယ်ခံတဲ့ သူဖြစ်စေချင်တာ” ဟု ရှင်းပြသည်။
ယင်းအပြင် ဆက်သွယ်ရေး အော်ပရေတာထံမှ ဆင်းမ်ကတ်များယူ၍ အများပြည်သူများသို့ ပြန်ရောင်းချသော ဆိုင်များကိုလည်း စာချုပ်ချုပ်ဆိုခြင်း အပြင် ပို၍ စည်းကမ်းနှင့်အညီ လုပ်ဆောင်ကြရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဖုန်းဆင်းမ်ကတ်များကို မမှန်မကန် မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်ခြင်း မရှိဘဲ ဈေးကွက်အတွင်းတွင် ရောင်းချနေမှုများကို စစ်ဆေးတွေ့ရှိရ၍ ဝန်ကြီးဌာနက ဆက်သွယ်ရေး အော်ပရေတာ ၄ ခုဖြစ်သော MPT၊ တယ်လီနော၊ အော်ရီဒူး နှင့် MyTel တို့ကို အမေရိကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်ရိုက်ခဲ့သည်။
ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် စည်းကမ်းကို တင်းတင်းကျပ်ကျပ် မလုပ်ဆောင်ဘဲ ယင်းသို့ ဖြစ်ရပ်များကို ရည်ရွယ်ချက် ရှိရှိ ထပ်မံ ကျူးလွန်ပါက ငွေဒဏ်ရိုက်သော ပြစ်ဒဏ်ထက် ပို၍ ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အထက်ပါ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်းအရာရှိက ဧရာဝတီသို့ ပြောသည်။
“ တကယ်တမ်းက ခက်ခက်ခဲခဲကိစ္စတော့ မဟုတ်ပါဘူး။ အဓိကက သူတို့ ဆင်းမ်ကတ် ရောင်းတာကို ထိန်းချုပ်ရမှာပေါ့လေ။ ဥပမာဗျာ ဆင်းမ်ကတ်တွေ မှန်သမျှက အနည်းဆုံး ဖုန်းဆိုင်တွေမှာပဲ ဝယ်လို့ရမယ်ပေါ့။ သူများနိုင်ငံတွေမှာလည်း ဝယ်တာနဲ့ မှတ်ပုံတင်ပြကို ပြရတယ်။ အစိုးရအနေနဲ့ ထိန်းချုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ကျန်တာတွေက သူတို့ ဆင်ခြေပေးနေတာ” ဟု Yangon Heartz Media and Business Solution ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုဇော်ဇော်မျိုး လွင်က ပြောသည်။
ယင်းအပြင် မှတ်ပုံတင် ၁ ခုဖြင့် ဆင်းမ်ကတ် ၂ ခုသာ ကန့်သတ်ခြင်းသည် မဖြစ်သင့်ကြောင်း မိမိ မှတ်ပုံတင်ဖြင့် ဝယ်ယူထားသော ဆင်းမ်ကတ်များအပေါ် အပြည့်အဝ တာဝန်ခံနိုင်ပါက ယခုထက် များသော အရေအတွက်ဖြင့် ဝယ်ယူခွင့် ပေးသင့်ကြောင်း ၎င်းက သုံးသပ်သည်။
ဆက်လက်၍ ကိုဇော်ဇော်မျိုးက“ အော်ပရေတာတွေဘက်ကတော့ သူတို့က ဈေးရောင်းချင်ကြတာလေ။ တကယ်တော့ အစိုးရပိုင်းက မူဝါဒ ချမှတ်သူများ (Regulator ) ကသာလျှင် အရေးကြီးတယ်။ အစိုးရက Regulator ဖြစ်တဲ့ ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနကို ပိုပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်အောင် ထောက်ပံ့ပေးဖို့ လိုအပ်တယ် ” ဟု ပြောသည်။
တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများကို သုံးစွဲသူအကြား အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင်လည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထပ်တိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပုံမှန်သုံးစွဲနေသော ဖုန်းဆင်းမ်ကတ်ပေါင်း သန်း ၈၀ ကျော်ရှိပြီး ယင်းထဲတွင် အချက်အလက် မှန်မှန်ကန်ကန်ဖြင့် မှတ်ပုံမတင်ထားသော အရေအတွက်မှာ ၂၈ ဒသမ ၂ သန်း ရှိကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှှု ဦးစီးဌာနထံမှ သိရသည်။
ဆက်သွယ်ရေးညွှန်ကြားမှှုဦးစီးဌာနသည် ဆင်းမ်ကတ်များ မှတ်ပုံတင်ရေးအတွက် ဆက်သွယ်ရေး အော်ပရေတာများကို ၂၀၁၄ ခုနှစ်မှစကာ အကြိမ်ကြိမ်ညွှန်ကြားခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံမတင်ထားသော ဆင်းမ်ကတ် ၆ ဒသမ ၅ သန်းကို အပြီးပိတ်သိမ်းခဲ့ဖူးသည်။
၂၀၁၉ ခုနှစ် ဧပြီလမှ စပြီး ဝန်ကြီးဌာနက နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တခုခုဖြင့်သာ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင် ရောင်းချရန် ညွှန်ကြားထားသည်။
You may also like these stories:
ဖုန်းဘေလ်များ ဖြတ်တောက်ခံရမှု အော်ပရေတာများကို လွှတ်တော်နှင့် ညှိနှိုင်း၍ တရားစွဲမည်ဟု ဆို
ဆင်းမ်ကတ်များ မှတ်ပုံမတင်ဘဲရောင်းသည့် အော်ပရေတာကြီး ၄ ခု ဒဏ်ရိုက်ခံရ